ရခိုင်က နိုင်ငံတကာ အကူညီပေးရေးလုပ်ငန်းတွေ ပြန်လုပ်ခွင့်ရ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ၅ လ နီးပါးကြာ တားမြစ်ကန့်သတ်ခံထားရတဲ့  နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေနဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေရဲ့ ‌ကူညီထောက်ပံ့မှုတွေကို စစ်ကောင်စီက ပြန်လည် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး အကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတာဖြစ်တယ်လို့ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းတွေက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ပြီးခဲ့ရက်က ထုတ်ပြန်ချက်မှာတော့ ကုန်စည်ပို့ဆောင်ရေးနဲ့ အရပ်ဘက် အသွားအလာတွေ ပြန်လည်ဆောင်ရွက်နိုင်လာပေမဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဆက်ကားလမ်းဟာ ပိတ်ထားခံရဆဲဖြစ်သလို၊ နှစ်ဖက်စစ်ဆေးရေးဂိတ်တွေ ဆက်ရှိနေတယ်လို့ ပြောထားပါတယ်။

စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ အပါအဝင် အခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးနိုင်လာပြီလို့ဆိုပေမဲ့ ကန့်သတ်မြို့နယ် ၈ မြို့နယ်ရဲ့ မြို့ပေါ်ဧရိယာတွေကိုသာ သွားလာခွင့်ရရှိထားသေးတယ်လို့ ပြောပါတယ်။

 

 ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်မှုတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေနဲ့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေတာတွေကို လုံးဝရပ်တန့်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်တဲ့ဒေသတွေကို ကုန်စည်အဝင်အထွက်တဲ့ ဆေးဝါးသယ်ယူခွင့်တွေကိုလည်း စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။

အဲဒီလို ပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဘူးသီးတောင်မြို့နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်ပေါင်း ၃၀၀၀နီးပါးအတွက် အသုံးအဆောင်ပစ္စည်းတွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို ဇန်နဝါရီ ၁၀ ရက်နေ့က သွားရောက်ကူညီမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

လာမယ့်ရှေ့သီတင်းပတ်ထဲမှာတော့ ရသေ့တောင်မြို့နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ထောက်ပံ့တဲ့အထဲမှာ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ မပါသေးတာကြောင့် စားသောက်ရေးမှာ အခက်အခဲတွေ ဆက်ကြုံနေရတယ်လို့ ရသေ့တောင် စစ်ရှောင်တွေကို အကူညီပေးနေတဲ့ လမ်းမဘုန်းတော်ကြီးကျောင်းစခန်း တာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

“အစိုးရ လူကယ်ပြန် က အရင်တုန်းကတော့ လာပေးတယ် အခုတော့ မလာသေးပါဘူး၊ စာရေးသောက်ရေး အခက်အခဲတွေရှိနေဆဲပါ” လို့ ရသေ့တောင်စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

ဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုတွေ ပြန်လုပ်ဖို့ ခွင့်ပြုပေးလိုက်တာနဲ့ပတ်သက်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို မေးကြည့်ရာမှာတော့ ဒါဟာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးရဲ့ခွင့်ပြုချက်ဖြစ်ပြီး သူ့အနေနဲ့ မသိနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

 ရသေ့တောင်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာတော့ စားရေးသောက်ရေး အခက်အခဲနဲ့ကြုံနေကြရတဲ့အပြင် နေအိမ်တွေပါ ပျက်စီးနေပြီဖြစ်တဲ့အတွက် ဖြစ်သလို နေနေကြရတယ်လို့ သိရပါတယ်။

 “စောင်တွေ ခြင်ထောင်တွေက အဆင်မပြေဖြစ်သလို နေတဲ့ အဆောင်တွေကလည်းပျက်စီးတဲ့ အဆောင်တွေများနေတယ်”လို့ ရသေ့တောင်က ဒုက္ခသည်တစ်ဦးဖြစ်တဲ့ စခန်းတာဝန်ခံ မမေဆုလှိုင်ကပြောပါတယ်။

တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိသလို အရင် နဲ့ လက်ရှိ  ပဋိပက္ခတွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူ ၈၉,၀၀၀ ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အ‌ရှေ့တောင်ပိုင်းတို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားတွေအပေါ်ခြိမ်းခြောက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို ရွှေ့ပြောင်းနေထိုင်မှုတွေ ထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကိုလည်း အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ခုနှစ် နှစ်ကုန်အထိ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး၊ ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်းလိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။