ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၂၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ ဆန္ဒပြ
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှုအသံဖိုင်တစ်စိတ်တစ်ပိုင်း ပေါက်ကြားခဲ့ပြီးနောက် ဝေဖန်မှုမျိုးစုံနဲ့ ကြုံနေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ် ရာထူးက နုတ်ထွက်ပေးဖို့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဒီနေ့ ချီတက်ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။
ထိုင်းအချုပ်အခြာအာဏာကာကွယ်ရေးအတွက် အမိမြေရဲ့အင်အားညီညွတ်ရေး လို့ အမည်ရတဲ့ အဖွဲ့က ဆန္ဒပြနေတာ ဖြစ်ပါတယ်။
Victory Monument က ဆန္ဒပြပွဲတွေရဲ့ လုံခြုံရေးအတွက် ဗုံးရှင်းလင်းရေးအဖွဲ့နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းရှာဖွေရေး ရဲခွေး(K9)တွေကို တာဝန်ပေးထားလိုက်ပါပြီ။
မြေပြင်နဲ့ Skywalk တို့မှာ ကင်းလှည့်ဖို့အတွက် ဗုံးရှင်းလင်းရေးအဖွဲ့နဲ့အတူ ရဲခွေးရှစ်ကောင်က တာဝန်ယူမှာဖြစ်ပါတယ်။
လုံခြုံရေးကင်မရာ ၂၀၀ ကို တပ်ဆင်ထားပြီး တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ ဘန်ကောက်မြို့ပြုအုပ်ချုပ်ရေးအဖွဲ့တို့က စောင့်ကြည့်နေပါတယ်။
ကောင်းကင်က စောင့်ကြည့်ဖို့အတွက်လည်း ဒရုန်းကင်းလှည့်တဲ့စနစ်ကို အသုံးပြုနေပါတယ်။
ဒါကြောင့် အဲ့ဒီနေရာတစ်ဝိုက်မှာ ဒရုန်းမောင်းနှင်လိုတဲ့ အရပ်သားတွေအနေနဲ့ ထိုင်းအရပ်ဘက်ပျံသန်းရေးအာဏာပိုင်အဖွဲ့နဲ့ မြို့ပြရဲတပ်ဖွဲ့ ဒရုန်းနှိမ်နင်းရေးဌာနတို့ရဲ့ ခွင့်ပြုချက်ကို အရင်ရယူရမှာဖြစ်ပါတယ်။
အရေးပေါ်ကုသပေးဖို့နဲ့ အနီးအနားက ဆေးရုံတွေကို အရေးပေါ်ပို့ဆောင်ပေးဖို့အတွက် လူနာတင်ယာဉ်လေးစီးကလည်း အသင့်ရှိနေပါတယ်။
စစ်ဆေးရေးဂိတ်မှာ ပုဆိန်တစ်လက်နဲ့ စက္ကူပုံးခွံလှီးတဲ့ ဓားတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး
လက်နက်တွေနဲ့အတူ တွေ့ရှိတဲ့ ယာဉ်မောင်းတွေဟာ ဆန္ဒပြတာနဲ့ မဆက်စပ်ဘဲ ပစ္စည်းပို့ဆောင်ရေးယာဉ်မောင်းတွေသာဖြစ်ကြပြီး ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်မယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
မင်းကွန်းဆရာတော်ကြီးရဲ့ ဓမ္မနာဒကျောင်းရှိတဲ့ တောင်ရွာ မီးရှို့ခံရ
မင်းကွန်းဆရာတော်ဘုရားကြီး သတင်းသုံးခဲ့တဲ့ ဓမ္မနာဒကျောင်းရှိရာ မင်းကွန်းတောင်ရွာဟာ ဇွန် ၂၇ ရက်က မီးရှို့ခံရတယ်လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မင်းကွန်းတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၂၇ ရက်က ဝင်ရောက်လာပြီး မီးရှို့တာလို့ သူက ပြောပါတယ်။
မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာ ဘိဝံသ ဟာ မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ပထမဆုံး ရရှိခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းမှာ မှတ်ဉာဏ်အကောင်းဆုံးဆုကိုလည်း ရရှိခဲ့တာပါ။
ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိချိန်က အသုံးပြုခဲ့တဲ့ ဖောင်တိန်၊ လက်နှိပ်စက် ဘွဲ့တံဆိပ်တော်မူရင်းတွေ အပါအဝင် မှတ်တမ်းတွေကို မင်းကွန်းတောင်ရွာ ဓမ္မနာဒကျောင်းမှာ ထိန်းသိမ်းထားတာပါ။
"ရွာကလူတွေက သုံးလပိုင်းကတည်းက ထွက်ပြေးနေကြရတာ၊ မင်းကွန်းရွာမှာ လူမနေတော့ဘူး။ အခု မီးရှိုခံရတာက မယ်တော်ဘုရားကြီးကနေ မင်းကွန်းဆရာတော်ကြီး သတင်းသုံးတဲ့ ဓမ္မနာဒ ကျောင်းဘက်ကို သွားတဲ့လမ်းတလျှောက် အိမ်တွေအကုန်ကုန်ပြီ။ ဓမ္မနာဒကျောင်းလည်း မီးထဲပါမပါတော့ မသိရသေးဘူး" လို့ သူက ပြောပါတယ်။
မင်းကွန်းတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် မင်းဝံတောင်ခြေတလျှောက် စစ်ကြောင်းနဲ့ စစ်ကိုင်း-ရွှေဘိုလမ်းတလျှောက်က ဆားတောင်နဲ့ အုန်းတောရွာကြား နေရာတွေကို ပြီးခဲ့တဲ့ မေ လကစပြီး စစ်ကြောင်းထိုးနေတာပါ။
ငလျင်ဒဏ်သင့်ခဲ့တဲ့ မင်းကွန်းဒေသမှာ မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းယဉ်ကျေးမှု စေတီပုထိုးတွေကို ပြုပြင်နိုင်တာ မရှိသေးပါဘူး။
မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာ ဘိဝံသ ဟာ မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ပထမဆုံး ရရှိခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းမှာ မှတ်ဉာဏ်အကောင်းဆုံးဆုကိုလည်း ရရှိခဲ့တာပါ။
ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိချိန်က အသုံးပြုခဲ့တဲ့ ဖောင်တိန်၊ လက်နှိပ်စက် ဘွဲ့တံဆိပ်တော်မူရင်းတွေ အပါအဝင် မှတ်တမ်းတွေကို မင်းကွန်းတောင်ရွာ ဓမ္မနာဒကျောင်းမှာ ထိန်းသိမ်းထားတာပါ။
အိုးဘိုထောင်မှာ ကွယ်လွန်သွားတဲ့ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌဒီနေ့ နေ့လယ် သင်္ဂြိုဟ်မယ်
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဇွန် ၂၇ ရက် မနက် ၇ နာရီလောက်က ကွယ်လွန်သွားတဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇွန် ၂၈ ရက် နေ့လယ်မှာ သင်္ဂြိုဟ်မယ် လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ပန်းနာရင်ကြပ်ရောဂါ ခံစားနေရတဲ့ ဦးအောင်ကျော်ဦးဟာ အိုးဘိုထောင်မှာ အကျဉ်းကျခံ နေရတာဖြစ်ပြီး ဇွန် ၂၇ ရက် မနက်ပိုင်းမှာ ရုတ်တရက် အမောဖောက်လာတာကြောင့် ထောင်ဆေးရုံကို ပို့ဆောင်ပြီး နာရီပိုင်းအကြာမှာပဲ ကွယ်လွန်သွားတာ လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"အခု မိသားစုက မန္တလေးဆေးရုံကြီးမှာ ရောက်နေတယ်၊ ရုပ်အလောင်းကို တွေ့ခွင့်မရသေးဘူး။ ဒီနေ့နေ့လယ် သင်္ဂြုဟ်မှာကို သက်ဆိုင်ရာက အလောင်းသယ်မယ်၊ မိသားစု ကားတစ်စီးပဲ နာရေးယာဉ်နောက်က လိုက်ခွင့်ရမယ်။ တခြားလိုက်ပို့ချင်တဲ့သူတွေက သုသာန်ကနေ စောင့်ရမှာ"လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
ဦးအောင်ကျော်ဦး နာရေးသတင်းကြားပြီး လိုက်ပို့ချင်တဲ့ မိတ်ဆွေတွေက အေးရိပ်ငြိမ် သုသာန်မှာ စောင့်နေကြတယ်လို့ သိရပါတယ်။
ကျန်းမာရေး အခြေအနေအရ အရေးပေါ်ဖြစ်လာချိန်မှာ ပြင်ပဆေးရုံကို အချိန်မီ ဆေးကုခွင့်မရလို့ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ပါတယ်။
မန္တလေး အိုးဘို အကျဉ်းထောင်ဟာ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်းတာ၊ ဆရာဝန်တွေ အချိန်မီ မရောက်တာ ၊ ထောင်ပြင်ပ ဆေးရုံတွေကို အချိန်မီ မပို့တာ၊ ပြင်ပ မိသားစုတွေက ပေးပို့တဲ့ ဆေးဝါးတွေကို ကန့်သတ်ပိတ်ပင်တာ၊ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ၂၀၂၅ ခုနှစ် ခြောက်လတာ ကာလအတွင်း နိုင်ငံရေး အကျဉ်းသား ၆ ယောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထောင်တွင်း သေဆုံးသူ ၅၀ ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (Myanmar Prison Witness) က ဇွန် ၂၇ မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်၊ ကိုစိန်လင်း (ခေါ်) ကိုအငယ်လေးတို့ ၃ ယောက် သေဆုံးတယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နာရေးပို့ဆောင်ချိန်မှာ နေအိမ်နဲ့ တောင်အင်းမြောက်အင်းသုသာန်တလျှောက်မှာ လူဦးရေး ထောင်ချီတဲ့ ပြည်သူတွေက ပို့ဆောင်ခဲ့ကြပါတယ်။
အခု ဦးအောင်ကျော်ဦးကလည်း လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် ပြည်သူတွေ လိုက်ပို့ခွင့်ရမယ်ဆိုရင် လူများနိုင်တယ်လို့လည်း မန္တလေးမြို့ခံတစ်ယောက်က ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်း/ပွင့် ဒေါ်ရီဆွေနဲ့ ပကဖ ၆ ယောက်ကို TNLA ပြန်လွှတ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ ဖမ်းဆီးခံရတဲ့ ကျောက်မဲမြို့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်း တာဝန်ခံနဲ့ ရွှေဘိုမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ယောက်ကို ဇွန် ၂၇ ရက် ညနေပိုင်းက ပြန်လွှတ်လိုက်ပြီလို့ TNLA နဲ့ နီးစပ်သူက ပြောပါတယ်။
သူတို့တွေကို တအာင်းတပ် TNLA က ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်က ဖမ်းထားတာဖြစ်ပြီး ၁၁ ရက်အကြာ ဇွန် ၂၇ ရက်မှာ ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။
ဖမ်းဆီးချိန်မှာ သိမ်းဆည်းသွားတယ်ဆိုတဲ့ ငွေသိန်းရာချီနဲ့ အခြားပစ္စည်းတချို့ကို ပြန်ပေး မပေးဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါနဲ့ပတ်သက်လို့လည်း TNLA ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ပြန်မဖြေသေးပါဘူး။
လက်နက်မှောင်ခိုတွေနဲ့ ဆက်စပ်မှုရှိ/မရှိ စစ်ဆေးဖို့ဆိုပြီး ဖမ်းဆီးထားတာဖြစ်တယ်လို့ TNLA နဲ့နီးစပ်သူက ပြောခဲ့ပြီး တအာင်းထိန်းချုပ်ဒေသတွင်းမှာ လက်နက်ရောင်းချတာတွေကို ကြိုအသိပေး ဖို့လိုအပ်တယ် လို့လည်း ပြောပါတယ်။
တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း TNLA က အခုလို ဖမ်းဆီးတာတွေကိုလည်း ဝေဖန်တာတွေ မြင့်တက်ခဲ့ပါတယ်။
ဘယ်လာရုစ်မှာ ပညာသင်နေတဲ့ တပ်အရာရှိတွေနဲ့ စစ်ခေါင်းဆောင်တွေ့
ရုရှားကို စစ်ခေါင်းဆောင်ဆက်သွား
ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာတော်သင် စစ်ကောင်စီသင်တန်းသား အရာရှိတွေနဲ့ ဇွန် ၂၇ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီကနေ ပြည်ပနိုင်ငံတွေကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်ပေးနေတာဟာ အနာဂတ်နိုင်ငံ တည်ဆောက်တဲ့အခါ လူသားအရင်းအမြစ်ကောင်းတွေ ရရှိစေဖို့ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
စိစစ်ရွေးချယ်ခံရပြီးမှ ပညာတော်သင်အဖြစ် စေလွှတ်ခံရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး နိုင်ငံအတွက် ပိုကြိုးစားဖို့နဲ့ ကိုယ်သင်ကြားရတဲ့ ဘာသာရပ်တွေကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးပမ်းပြီး နည်းပညာတွေကို အဆက်မပြတ်အောင် လေ့လာဖို့ကိုလည်း ပြောပါတယ်။
ဘာ့ကြောင့် အာဏာသိမ်းရတယ်ဆိုတာကို ဘယ်လာရုစ်မှာ ပညာသင်နေတဲ့ တပ်အရာရှိတွေကို ရှင်းပြသလို လာမယ့် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်တာတွေကိုလည်း အကျယ်တဝင့် ပြောခဲ့တယ်လို့ နေ့စဉ်ထုတ် သတင်းစာတွေကနေ သိရပါတယ်။
ပညာသင်တစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်ငွေကြေးနဲ့ အချိန် ကုန်ကျတာတွေရှိသလို နိုင်ငံနဲ့ စစ်တပ်ကလည်း ထိုက်သင့်တဲ့ ကုန်ကျတာတွေ ရှိတဲ့အတွက် နိုင်ငံနဲ့ စစ်တပ်ကို အကျိုးပြုဖို့ကို ပြီးခဲ့တဲ့ မတ် တုန်းက ဘယ်လာရုစ် ခရီးစဉ်မှာ တွေ့ဆုံတုန်းကလည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဇွန် ၂၈ ရက်မှာတော့ ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲက ဖိတ်ကြားလို့ စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို ဆက်သွားတယ်လို့ သိရပါတယ်။
လာမယ့် တစ်ပတ်အတွင်း တနိုင်ငံလုံးနီးပါး နေရာကွက် မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာနိုင်တာနဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်း အရှိန်တွေကြောင့် ဇွန် ၂၇ ညနေပိုင်းက ဇူလိုင် ၃ ရက်အတွင်း တနိုင်ငံလုံး နီးပါး နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ မိုးရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် အထူးမိုးလေဝသ သတင်းအနေနဲ့ ထုတ်ပြန်ထားတာပါ။
မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း လာမယ့် ဇွန် ၂၉ ရက်နဲ့ ဇွန် ၃၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ တရုတ်ပြည်မကမ်းရိုးတမ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတဲ့ လေဖိအားနည်း ရပ်ဝန်း အရှိန်သက်ရောက်မှုတွေလည်း ရှိနိုင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေးအနောက်ပိုင်း၊ ရခိုင်ရိုးမတောင်ခြေနဲ့ ကပ်လျှက်ရှိတဲ့ ဒေသတွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း တွေမှာ မိုးများနိုင်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ပင်လယ်ပြင်မှာလည်း မိုးသက်လေပြင်းကျပြီး မြေပြင်/ ရေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခိုက်နိုင်တယ်လို့ မိုးဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တပြက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းခေါ်တာ ဆိုင်းငံ့ပေးဖို့ဆွေးနွေး
လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းခေါ်ယူတာတွေကို ၆ လ ဒါမှမဟုတ် တစ်နှစ် ဆိုင်းငံ့ပေးဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဇွန် ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဇွန် ၂၅ ကနေ ဇွန် ၂၇ အထိ နေပြည်တော်မှာ သုံးရက်တာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေက သတင်းစာ ရှင်းလင်းပွဲမှာပြောကြတာပါ။
ရွေးကောက်ပွဲမကျင်းပခင်နဲ့ ရွေးကောက်ပွဲကျင်းပနေတဲ့ ကာလမှာ စစ်မှုထမ်းဥပဒေအရ စစ်သားခေါ်ယူမှုကို ဆိုင်းငံ့ပေးဖို့အတွက် သေသေချာချာ ဆွေးနွေးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
"ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ ပြုလုပ်မယ့် ဒေသတွေမှာ ဒီစစ်မှုထမ်းကို ခဏတာ စာရင်းကောက်ခံတာကို ရပ်ဆိုင်းပေးဖို့ပေါ့နော်။ ရွေးကောက်ပွဲ အကြိုကာလရယ် ရွေးကောက်ပွဲ ကာလရယ်ပေါ့"လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဆွေးနွေးကြတဲ့အထဲမှာ ငလျင်ဘေးသင့်တဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့တွေလည်း ပါဝင်ပါတယ်။
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ငလျင်လို သဘာဘေးအလွန်နဲ့ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးအတွက် မဟာဗျူဟာရေးဆွဲပြီး ကာလတို၊ ကာလရှည်သတ်မှတ် ဆောင်ရွက်ရမယ်လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီ (NSPNC)ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆွေးနွေးပွဲကရရှိလာတဲ့ အကြံပြုချက်တွေက လက်ရှိ ခေတ်အခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေဆိုရင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေပါဝင်တဲ့ အစုအဖွဲ့အသီးသီးက ပြောဆိုဆွေးနွေးတင်ပြချက်ပေါင်း ၁၂၀ ခန့် ရှိတယ်လို့ တက်ရောက်ဆွေးနွေးခဲ့တဲ့ ပါတီတွေကနေ သိရပါတယ်။