ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ဖားကန့်မြို့နယ်
ဖားကန့်မြို့နယ်အတွင်းက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်(ဆိပ်မူ)တွေမှာ အခုရက်ပိုင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး တခြားသော နေရာတွေထက် သတ်ဖြတ်မှုတွေ များလာနေတဲ့ အပေါ် ဒေသခံတွေကြားမလုံခြုံမှုတွေနဲ့အတူ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ မြန်မာနိုင်ငံထဲက ဒေသအချို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာ၊ စစ်ကြောင်းဝင်လို့ မီးရှို့တာ ၊ လေကြောင်းပစ်ခတ်မှုတွေ ရှိလို့ လူသေဆုံးတာ ထိခိုက်တာတွေအပြင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာတော့ တခြားသော နေရာဒေသတွေထက် အကြောင်းအရာကို သေချာ မပြောနိုင် မသိနိုင်ဘဲ သတ်ဖြတ်မှုတွေကတော့ နေ့စဥ်လိုရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
လူသတ်မှုတွေ သိသိသာသာများလာတာကတော့ ၂၀၂၃ ခုနှစ် ဧပြီ ၂၃ ရက် က ဖားကန့်က ကေတီဗီ တစ်ခုမှာ စစ်ကောင်စီဘက်က စစ်ကောင်စီစစ်ကြောင်းမှူး(အရာရှိ) တစ်ဦးအပါအဝင် အရပ်သားလုပ်ငန်းရှင်တွေ ပစ်သတ်ခံရပြီးနောက်ပိုင်းက စလို့ သတ်ဖြတ်သေဆုံးမှုတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတဲ့ အခြေအနေလို့ ဒေသခံတွေက ပြောကြပါတယ်။
'' ဒီမှာက စစ်ဖြစ်နေလားဆိုတော့လည်း စစ် မဖြစ်ဘူး၊ ဒါပေမဲ့ ဖားကန့်က စစ်မဖြစ်ပေမဲ့ အင်မတန်စိုးရိမ်ရတဲ့အနေအထား ဖြစ်ပြီးတော့ မီးတောင်လိုဖြစ်နေပြီ ပြဿနာက လှိုက်စားနေတဲ့ပုံစံလိုမျိုး သတ်ဖြတ်မှု အခြေအနေတွေကို အကြောင်းအရာ သေချာပြောဆိုဖို့ တော်တော်ခက်ပါတယ် '' လို့ ဖားကန့် မြေပြင်အခြေအနေနဲ့ သတ်ဖြတ်မှုတွေ စာရင်း စုစည်းထားသူက ဆိုပါတယ်။
ဖားကန့်ဒေသအတွင်း လက်နက်ကိုင်တွေ အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှု တွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၉ရက်နေ့ ကလည်း လုံးခင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်တွေက ခေါ်ဆောင် ပစ်သတ်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
ဒါ့ အပြင် ၂၀၂၃ ဧပြီလ ၂၃ ရက်နောက်ပိုင်း လမ်းပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူ အမျိုးသားလူငယ်တွေကို တွေ့ရတာများပြီး ပစ်သတ်ခံရလို့ သေဆုံးသူ လူငယ်အချို့ ကတော့ စစ်တပ်က ဖမ်းသွားပြီးနောက်ပိုင်း အခုလို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတာကို တွေ့ရတာလို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖားကန့်က သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
“ဘာမှန်းမသိဘဲ သေနတ်နဲ့ တော်ကြာ ပစ်ထားခဲ့ပြန်ပြီ၊ တော်ကြာ ခဲနဲ့ထု သတ်ပြန်ပြီ ဓားနဲ့ မွှန်းထားပြန်ပြီတွေ အဲလိုသတင်းတွေက တော်တော်များများ ကြားနေရတာ” လို့ ဖားကန့် လုံးခင်း ဒေသခံတစ်ယောက်က ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းက သေဆုံးမှုတွေဟာ အတည်ပြုလို့ရသူ ၂၀၂၂ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကနေ မေလ အထိ ဆိုရင် အယောက် ၃၀ လောက် ရှိနေပြီး လက်ရှိ ဇွန်လ အတွင်းမှာတော့ အတည်ပြုရတဲ့ အချက်အရ ဆိုရင် သတ်ဖြတ်ခံရလို့ သေဆုံးသူ ၃ ယောက် ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖားကန့်မြို့နယ် အတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကတော့ စစ်ကြောင်းထိုးတဲ့နေရာတွေမှ ာဆိုရင် လူအစုလိုက် ၊အပြုံလိုက် ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေကို ကိုယ်ရေးအချက်အလက် မှတ်တမ်းယူတာ ၊ ဓာတ်ပုံ တိုက်စစ်တာတွေပြုလုပ်တယ်လို့ ဆိုပါတယ်။
တစ်ချို့ကိုတော့ ပြန်လွှတ်ပေးပြီး သံသယရှိသူတစ်ချို့ကိုတော့ ဆက်လက်ဖမ်းဆီးတဲ့အပြင် အမှု ရင်ဆိုင်ခိုင်းတာမျိုးတွေ လုပ်တယ်လို့ ဆိုပါတယ်။
တစ်ချို့ကတော့ လနဲ့ချီ ကြားတဲ့အထိ မိသားစုနဲ့ လုံး၀ အဆက်အသွယ်ပြတ်တဲ့အထိ ဖြစ်နေတာမျိုးလည်း ရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ဒါအပြင် ဖားကန့်မြို့နယ်အတွင်းက အိမ်တစ်ချို့ကို ဆိုရင် ဧည့်စာရင်း ဝင်စစ်ပြီး မသင်္ကာရင် ဖမ်းတာမျိုးတွေရှိတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ဖားကန့်မြိုနယ် မှော်တောင် ကျေးရွာမှာ PDF ထောက်ပို့ ဟု စွပ်စွဲခံရပြီး အမျိူးသားသုံးယောက်ကို စစ်ကောင်စီက စစ်အင်အားအပြည့်နဲ့ ဖမ်းဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့် မြို့နယ်အတွင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေအပြင် ပြီးခဲ့တဲ့ မေလ အတွင်းကစလို့ လူသတ်မှု လုယက်မှု၊ ဓားပြတိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေဟာ ရဲစခန်း ၊ စစ်တပ်နဲ့ နီးတဲ့ နေရာတွေမှာပါ ဖြစ်တာကြောင့် ဒေသခံတွေက ပိုပြီး စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေ မကြာခဏ ဆိုသလို ထိုးလေ့ရှိတဲ့ မှော်ထဲ(ကျောက်ရှာဖွေရာနေရာ) တွေက ဒေသခံတွေကလည်း အမြဲတမ်း ပြေးဖို့ အသင့်ပြင်ထားတယ်လို့ သူတို့ရဲ့စိတ်ခံစားမှု အခြေအနေတွေကို ပြောပြကြပါတယ်။
ဖားကန့်မြို့နယ်အတွင်းက နေရာအတော်များများမှာတော့ ညဘက်ဆိုရင် အရေးပေါ်အနေအထားမှလွဲပြီး အပြင်ထွက်သူက မရှိသလောက်ဖြစ်ပြီးတော့ ညဘက် ဘယ်လိုဖြစ်မလဲ ဘာဖြစ်မလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အရင်လို လမ်းပေါ်ကို မသွားရဲ မလာရဲ မထွက်ရဲကြတော့တဲ့ အခြေအနေမျိုးတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။