ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၂၅ ရက် ထိပ်တန်းသတင်းများ - မေတ္တာမြို့နဲ့ ဟိန္ဒားရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ နယ်မြေရဲစခန်းနဲ့ ဟိန္ဒားရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ မတိုက်ခိုက်ခင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေတ္တာမြို့နယ်ခွဲ နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆယ်ဂဏန်းလောက်သာရှိတာကြောင့် မေတ္တာမြို့နယ်ထဲက ဗျူဟာကုန်းစခန်းကို သွားရောက်ပူးပေါင်းခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“တော်လှန်ရေးတပ်တွေ မတိုက်ခင် သူတို့က စခန်းကိုစွန့်သွားတာ။ စွန့်ထားခဲ့တဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ပြီးမီးရှို့ခဲ့တာပါ။ တိုက်ပွဲမဖြစ်လိုက်ရဘူး။ စခန်းစွန့်သွားတာဆိုတော့ လက်နက်တွေ အကုန်သယ်သွားမယ်ထင်တယ်။ မီးရှို့တဲ့အချိန်မှာတော့ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ဟိန္ဒားရဲစခန်းကတော့ ကျောက်မဲတောင်ရဲစခန်းကို ပြေးတယ်။ ရဲစခန်းနှစ်ခုစလုံး မတိုက်ဘဲနဲ့ ရလိုက်တာပေါ့။ ပြီးခဲ့တဲ့ရက်က အရှေ့တောမှာ ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရပြီး အထိနာတာများတော့ ဆုတ်သွားတယ်ထင်တယ်”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ ရဲစခန်းနဲ့ ဗျူဟာကုန်းဟာ တစ်မိုင်ဝန်းကျင်လောက်သာ ဝေးပြီး စစ်ကောင်စီအင်အား ရာချီရှိနိုင်တယ်လို့လည်း အဲ့ဒီဒေသခံက ခန့်မှန်းပါတယ်။
စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေက မီးရှို့တာတွေ၊ စစ်တပ်ကလည်း ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မေတ္တာမြို့နယ်ခွဲကလည်း ထားဝယ်အရှေ့တောဒေသဘက်မှာ ပါဝင်နေပြီး အဲ့ဒီဒေသဘက် စစ်ရေးအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ငါးထောင်ဝန်းကျင်လောက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အရှေ့တောဒေသအတွင်းဝင်လာတဲ့ စစ်ကြောင်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကား ၁၂ စီး ထိခိုက်ပျက်စီးသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ လူမှုကွန်ရက်ပေါ်ပြန့်နေတဲ့ ဗွီဒီယိုဖိုင်နဲ့ ဒေသတွင်းသတင်းမီဒီယာတွေ ဖော်ပြချက်တွေအရ သိရပါတယ်။
ရဲစခန်းသိမ်းခံရတဲ့ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်တပ် စစ်ကြောင်းထိုး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်းက ကံထူးမကျေးရွာမှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်က ဒီနေ့မှာ စစ်ကြောင်းထိုးတာတွေလုပ်နေပါတယ်။
ကံထူးမ ကျေးရွာထဲက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ အရပ်အခေါ် စစ်ကောင်စီထောက်ခံတဲ့ပျူစောထီး လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက ဒီနေ့ မနက်ပိုင်းမှာ မီးရှို့နေတယ်လို့လည်း မြေပြင်အခြေအနေ သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
ကံထူးမရွာရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူပြီးတဲ့နောက်ပိုင်းမှာ အခုလိုရောက်ရှိလာတာလို့ မြေပြင်အခြေအနေသတင်းတွေကို ထုတ်ပြန်ရေးသားနေတဲ့ ရေဦးမြို့နယ် အခြေပြု People’s Defense Comrade က သတင်းပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
“ကံထူးမစခန်းကို သိမ်းတာကြောင့် အခုလို မြေပြင်စစ်ကြောင်း နှစ်ကြောင်းနဲ့ မီးရှို့နေတာ။ ၂၁ ရက်တုန်းကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စခန်းသိမ်းပြီး စခန်းတစ်ခုလုံးကို မီးရှို့ခဲ့ကြတယ်။ လက်ရှိက တိုက်ပွဲမရှိဘဲ နေအိမ်တွေ၊ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးနေကြတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ကံထူးမ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က တံတားဦးလေတပ်က လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀ ကျော်ပြုလုပ်ခဲ့ပါတယ်။
ကံထူးမကျေးရွာအပါအဝင် ၃ မိုင်ဝန်းကျင်က ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးမှုများခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ကံထူးမကျေးရွာအပါအဝင် ရွာပေါင်း ၂၀ ကျော်က စစ်ဘေးရှောင် တစ်သောင်းခွဲလောက် ထွက်ပြေးနေကြရတာ တစ်ပတ်နီးပါးရှိနေပြီလို့လည်း သိရပါတယ်။
ကံထူးမကျေးရွာဟာ နေအိမ်ပေါင်း တစ်ထောင်ကျော်ရှိပြီး တန့်ဆည်မြို့ပြီးရင် အစည်းကားဆုံး စံပြကျေးရွာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ကံထူးမကျေးရွာကို ဒီကနေ့ စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့သတင်းတွေကို ရေးသားဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကံထူးမရွာမှာ စစ်တပ်က ရှင်းလင်းရေးလုပ်ချိန် ဖမ်းမိတာတွေဆိုပြီး ဒရုန်းပုံအချို့နဲ့ မြေတူးစက်ပုံတွေကို တင်ထားတာတွေ့ရပါတယ်။
ဟိုပုံးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တွေ မီးလောင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးက စစ်ကောင်စီစခန်း တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်က အဲဒီရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် ကျေးရွာထဲကနေအိမ် ၈ လုံး မီးလောင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်ပါတယ်။
အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်သလို မနေ့ကလည်း လေကြောင်းနဲ့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လို့ သိရပါတယ်။
လွယ်ဝိုးတုတ်ကျေးရွာနဲ့ ၁ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ဖေဖော်ဝါရီ ၂၃ ရက်မှာ သိမ်းပိုက်ပြီးနောက်ပိုင်းအခုလို တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီကုန်းတော်မှာလည်း စစ်တပ်က တပ်စွဲနေပြီး မဲနယ်တောင်ဒေသနဲ့ လွယ်ဝိုးတုန်ကျေးရွာဘက်ကို လက်နက်ကြီး အကြိမ်ရေ ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးနဲ့ လေးကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သလို ဆီဆိုင်မြို့တွင်းကိုလည်း လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပြည့်သူ့စစ်(PNO)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း PNLA ဘက်က ဆီဆိုင်မြို့မှာ လုံခြုံရေးဆောင်ရွက်တယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ စစ်ကောင်ရဲစခန်းတွေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်လနီးပါးထဲ ဝင်လာပြီဖြစ်ပါတယ်။
တာချီလိတ် ငွေလိမ်ဂိုဏ်းစီးနင်းမှုမှာ ထိုင်း ၁၅၀ နီးပါး အဖမ်းခံရ
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ကိုင်နေတယ်ဆိုတဲ့ နေရာကို စစ်ကောင်စီတပ်က စီးနင်းချိန် ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ၁၅၀ နီးပါး အထိရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် 1G1ဟိုတယ်အနောက်ဘက် (၂)ထပ်အဆာက်ဦမှာရှိနေတဲ့ ငွေလိမ်ဂိုဏ်း လုပ်ကိုင်နေတယ်ဆိုတဲ့နေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ ရက်မနက်မှာ စီးနင်းခဲ့တာဖြစ်ပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ဝင်ဖမ်းဖို့ တိုက်ရိုက် အမိန့်ပေးခဲ့တဲ့ဒီဖြစ်စဥ်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က တရားမဝင်လှုပ်ရှားမှုတွေကို တိုက်ဖျက်ရေး အားထုတ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ နားလည်ရတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီစီးနင်းမှုမှာ ထိုင်းနိုင်ငံသား ၁၄၈ ဦးနဲ့တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် လူပေါင်း ၆၅၉ ဦးကို မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ Online ဂိမ်းလုပ်ကိုင်ရာမှာအသုံးပြုတဲ့ Desktop ကွန်ပျူတာတွေကိုလည်း ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းတာမလုပ်ခင် တရားဥပဒေနဲ့အညီအရေးယူတာတွေပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေကို ဖြိုခွင်းချိန်တုန်းကလည်း ထိုင်းနိုင်ငံသား အယောက် ၅၀၀ ကျော်ကို မြန်မာစစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ အဲဒီထဲက အယောက် ၁၄၀ ကျော်ဟာ လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကသတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။