ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ဝန်ကြီးချုပ်သစ် လီချန်း ကျမ်းကျိန် - မတ် ၁၁ ရက် ထိပ်တန်း နိုင်ငံတကာသတင်းများ
တရုတ်နိုင်ငံမှာတော့ ဝန်ကြီးချုပ်သစ် လီချန်း ဟာ ဒီကနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ် လီချန်းဟာ သူ့အနေနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်သွားမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။
မစ္စတာ လီ အနေနဲ့ တရုတ်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အိမ်ခြံမြေ ရောင်းအား ကျဆင်းနေမှု အခက်အခဲ၊ ကြွေးမြီ အခက်အခဲနဲ့ အမေရိကန်က ပိတ်ဆို့ အရေးယူမှု ချမှတ်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်သစ်ဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပုံ ရပြီး သူဟာ အမေရိကန် ကားကုမ္ပဏီ တက်စ်လာ ကို ရှန်ဟိုင်းမှာ စက်ရုံလာဆောက်ဖို့ စည်းရုံးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သမ္မတ ရှီကျင့်ဖျင် ရဲ့ စီးပွားရေး မူဝါဒတွေကို ဝန်ကြီးချုပ် အနေနဲ့ အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိနိုင်တယ် ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
မိုဇမ်ဘစ်မှာ ဖရက်ဒီ မုန်တိုင်းဝင်ရောက်
မိုဇမ်ဘစ် နိုင်ငံမှာတော့ တစ်လအတွင်း ဒုတိယအကြိမ် အပူပိုင်း မုန်တိုင်း တိုက်ခတ်နေတာကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဖရက်ဒီလို့ နာမည်ပေးထားတဲ့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းဟာ ပြီးခဲ့တဲ့လမှာ ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာကြောင့် အရှည်ကြာဆုံး မုန်တိုင်းဖွဲ့စည်းမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါ တယ်။
တစ်နာရီကို လေတိုက်နှုန်း ကီလိုမီတာ ၁၅၀ ကျော်နဲ့ မိုဇမ်ဘစ် အလယ်ပိုင်း ဒေသထဲကို ဝင်ရောက်နေတာလည်းဖြစ်ပါတယ်။
မုန်တိုင်းလမ်းကြောင်းထဲမှာကျရောက်နေတဲ့ ကာလာမားနား မြို့တော်ဝန်ကတော့ သူတို့ အနေနဲ့ ကယ်ဆယ်ရေးအတွက် အဆင်သင့်ပြင်ထားပြီး မုန်တိုင်း ဒဏ်ကို ခံနိုင်မယ်လို့ ယုံကြည်ကြောင်း ဘီဘီစီကို ပြောကြားပါတယ်။
အင်ဒိုနီးရှား မရာပီ မီးတောင်ပေါက်ကွဲ
အင်ဒိုနီးရှား နိုင်ငံက မီးတောင်ရှင် တစ်ခုဖြစ်တဲ့ မရာပီ မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်နေပါတယ်။
ကောင်းကင်ယံမှာ မီတာတစ်ထောင်လောက်မြင့်တဲ့ မီးခိုးတွေနဲ့ မီးတောင်ပြာပူတွေ တွေ့မြင်နေရပါတယ်။
မီးတောင် အနီးအနား ၇ မီတာ အတွင်း ဝင်ရောက် သွားလာတာတွေ မလုပ်ကြဖို့ ဒေသခံတွေကို တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မီးတောင်ရှိရာ ဒေသမှာတော့ နေ့လယ်ခင်း အချိန်မှာတောင် မီးခိုးပြာတွေနဲ့ မှောင်မဲ နေတဲ့ အခြေအနေရှိနေတာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့မြင်နေရပါတယ်။
လောလောဆယ်မှာတော့ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတွေတာ့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၀ မှာ မရာပီ မီးတောင်ပေါက်ကွဲတုန်းကတော့ လူ ၃၅၀ လောက် သေဆုံးခဲ့ရဖူးပါတယ်။
ဂျပန် ဖူကူရှီးမား နျူကလီးယား အောက်မေ့ဖွယ်ကျင်းပ
ဂျပန် နိုင်ငံမှာ ဆူနာမီကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ် ကျရောက်မှုကြီး ၁၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်က ဆူနာမီကြောင့် လူပေါင်း တစ်သောင်းရှစ်ထောင်လောက် သေဆုံးခဲ့ရမှုအတွက်လည်း တစ်မိနစ်တာ ငြိမ်သက်မှုကို နိုင်ငံတစ်ဝန်းမှာ မြင်တွေ့ခဲ့ရပါတယ်။
ဆူနာမီကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီးခဲ့ရပြီးတဲ့နောက် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ရှိနေမှာကို စိုးရိမ်တဲ့ အတွက် ဒေသခံ အများအပြားဟာ ပြန်လည် နေထိုင်ခြင်း မရှိသေးပါဘူး။
နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ထပ်မံ တည်ဆောက်ဖို့ ထောက်ခံ အားပေးနေတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါးလည်း အခုအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ထိုင်းဘုရင်စနစ်ကို အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်း
ထိုင်းနိုင်ငံမှာ ဘုရင်ကို ဝေဖန်ရင် ပြစ်ဒဏ်ပေးတဲ့ ဥပဒေကို ရုပ်သိမ်းပေးဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတဲ့ အမျိုးသမီး ၂ယောက်ဟာ သူတို့ရဲ့ ဆန္ဒပြမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
တန်တာဝန် တွာတူလာနွန် နဲ့ အိုရာဝမ် ဖူဖောင်းဆိုတဲ့ အမျိုးသမီးတွေဟာ ၂လနီးပါး အစာငတ်ခံ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ နဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
သူတို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုစဉ်တုန်းက ရေသောက်ဖို့အတွက်ပါ ငြင်းဆို ခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ထိုင်းနိုင်ငံက ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတွေလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ ကို အာမခံ မပေးတဲ့အတွက် သူတို့က အစာငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။