ကိုဗစ်ဆန္ဒပြမှုသတင်းတွေကို တရုတ်အစိုးရက ဘယ်လိုနည်းတွေနဲ့ လိုက်ပိတ်နေသလဲ

ရေးသားခဲ့သည်။

တရုတ်နိုင်ငံက မြို့ကြီးအတော်များများမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုမြင်ကွင်းတွေကို လူတွေ မတွေ့မမြင်ရအောင် ဆင်ဆာဖြတ် တားဆီးဖို့ တရုတ်အစိုးရက အစွမ်းကုန် လုပ်ဆောင်နေပါတယ်။

၃ နှစ်ကြာ တင်းတင်းကျပ်ကျပ် ချမှတ်ထားခဲ့တဲ့ ကိုဗစ်စည်းမျဉ်းတွေကို မကျေနပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေကို ရည်ညွှန်း ဖော်ပြတဲ့ စကားလုံးမှန်သမျှကို ဆင်ဆာဖြတ်ဖို့ စာရင်းရှည်ကြီးတစ်ခု ထုတ်ပြန်ထားပြီး အဲဒီဆန္ဒပြမှုတွေအကြောင်း ပြည်တွင်း ပြည်ပ မီဒီယာပလက်ဖောင်းတွေပေါ်က ပြောဆိုထုတ်လွှင့်မှုတွေကိုလည်း အာရုံလွှဲပြောင်းဖို့ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အူရွမ်ကျီမြို့  တိုက်ခန်းတွဲ မီးလောင်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့အပြီးမှာ အရင်က မလုပ်ခဲ့ဖူးတဲ့ ဆန္ဒပြမှုတွေ နေရာအနှံ့ စဖြစ်လာခဲ့ပါတယ်။ ကိုဗစ်စည်းမျဉ်း တင်းကျပ်ထားမှုတွေကြောင့် တိုက်ခန်းတွဲမှာနေထိုင်နေသူတွေ ထွက်မပြေးနိုင်ဘဲ မီးလောင်သေဆုံးခဲ့ကြရတာလို့ အတော်များများက ယူဆနေကြပါတယ်။ အာဏာပိုင်တွေကတော့ ဒါကို ငြင်းဆိုနေကြပါတယ်။

ထုံးစံအတိုင်း တရုတ်နိုင်ငံမှာ အသေးအမွှား ဆန္ဒပြပွဲမျိုးကိုတောင်  သတင်းဖော်ပြလေ့မရှိတာမို့ အခုဒီဆန္ဒပြပွဲတွေအကြောင်းကိုလည်း တရုတ်မီဒီယာတွေမှာ ထည့်သွင်း တင်ပြတာမျိုး မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်မှုတွေအကြောင်း ဘာသတင်းမှ မကြားရဘဲ တရုတ်နိုင်ငံရဲ့ အခုနောက်ဆုံး အာကာသ အောင်မြင်မှုသတင်းလို စိတ်အားတက်စရာ သတင်းမျိုးတွေကိုပဲ တရုတ်သတင်းမီဒီယာတွေက အာရုံစိုက် ရွေးချယ် ထုတ်လွှင့်နေပါတယ်။

တွစ်တာလို လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ ဆန္ဒပြပွဲမြင်ကွင်းပုံတွေကို တင်ထားကြပါတယ်။ ဒီပုံတွေကို နိုင်ငံတကာမှာ အချင်းချင်း ပြန်ဝေမျှနေကြပေမဲ့ တရုတ်အစိုးရသတင်းမီဒီယာတွေကတော့ လစ်လျူရှုထားကြပြီး ဘာဆိုဘာမှ ဖော်ပြတာမျိုး မရှိပါဘူး။

 ပိတ်ပင်ခံထားရတဲ့ စကားလုံး အသုံးအနှုန်းတွေပါတဲ့ တားမြစ်စာရင်းရှည်ကြီး တစ်ခု

အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ ကိုဗစ်ကန့်ကွက် ဆန္ဒပြမှုတွေအကြောင်း လူတွေအကြား ပြောဆိုတာတွေကို တားဆီးဖို့အတွက် တရုတ်အစိုးရက ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ရှန်ဟိုင်းနဲ့ အူရွမ်ကျီမြို့နာမည်တွေကို ဝေဘို လူမှုကွန်ရက်စာမျက်နှာမှာ လူတွေရှာခွင့်မရှိတဲ့ ဆင်ဆာစာရင်းထဲ ဖြည့်စွက် ထည့်သွင်းလိုက်ပါတယ်။ အဲဒီလုပ်လိုက်တဲ့အတွက် အရင်က ဒီစာလုံးတွေကို ဝေဘို တရုတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရိုက်ရှာလိုက်ရင် သန်းရာနဲ့ချီ ပေါ်လာတတ်ပေမဲ့ အခုတော့ ရာဂဏန်းလောက်ပဲ ပေါ်လာပါတော့တယ်။

ဒီဆင်ဆာဖြတ်တာကို ကျော်လွှားနိုင်ဖို့ လူတွေက တခြားနည်းကို သုံးခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေရဲ့ သင်္ကေတ အမှတ်လက္ခဏာတစ်ခုဖြစ်လာတဲ့ စာရွက်လွတ်တွေကို ရည်ညွှန်းတဲ့ “စက္ကူဖြူ” “A4 စာရွက်” စတဲ့ စကားလုံး အသုံးအနှုန်းတွေကို သုံးပြီး ရိုက်ရှာတာတွေ လုပ်လာကြပါတယ်။ ဒါပေမဲ့ အခုဆိုရင် အဲဒီစကားလုံးတွေကိုတောင် ဝေဘိုစာမျက်နှာမှာ ရှာခွင့်မရအောင် ဆင်ဆာဖြတ်တာတွေ စလုပ်လာနေပါပြီ။ ဒီတော့ အဲဒီစာလုံးတွေအစား “A3 စာရွက်” ဆိုတဲ့ စာလုံးကို လူတွေက အသုံးပြု ပြောဆိုနေကြပါတယ်။ တချို့ကလည်း ဟိုးအရင်တုန်းက လူမှုကွန်ရက်တွေပေါ်မှာ ခေတ်စားခဲ့တဲ့ “A4 စာရွက်နဲ့ ခါးအသေးပြိုင်တဲ့ စိန်ခေါ်မှု” အမည်ကို အစားထိုး ပြောဆိုနေကြပါတယ်။

 သတင်းစကားတွေ ဖြန့်ဖို့အတွက် တရုတ် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေ လုပ်နေကျတွေထဲက တစ်ခုကတော့ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်လို ပြည်ပ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပို့စ်တွေ တင်တာ ဖြစ်ပါတယ်။

ဒီစာမျက်နှာတွေကို တရုတ်ပြည်မကြီးမှာ ပိတ်ပင်ထားပြီး VNP ဆော့ဖ်ဝဲ သုံးမှသာ ဝင်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ကတော့ တရုတ်ပြည်မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကို မီးမောင်းထိုး ဖော်ပြနိုင်ဖို့ အဲဒီစာမျက်နှာတွေကို သုံးပြီး ပို့စ်တွေ တင်ခဲ့ကြပါတယ်။

ပြည်ပရောက် တရုတ်လူမျိုးတွေကလည်း တရုတ်သံရုံးတွေရှေ့မှာ ဖယောင်းတိုင်ထွန်း၊ စာရွက်လွတ်တွေ ကိုင်ဆောင် ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြ မြင်ကွင်းတွေဟာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရအနေနဲ့ ပြည်တွင်းက တရုတ်ပြည်သူတွေ မသိစေ၊ မမြင်စေချင်ဆုံး မြင်ကွင်းတွေ ဖြစ်ပါတယ်။

ဆန္ဒပြမှုပုံတွေကို လူတွေ မရှာနိုင်အောင် ဟန့်တားဖို့ လုပ်တဲ့အနေနဲ့ #Urumqi နဲ့  #Shanghai ဆိုတဲ့ စကားလုံးတွေ သုံးထားတဲ့ ညစ်ညမ်း ဆိုက်တွေ၊ လောင်းကစား ဆိုက်တွေကို တွစ်တာလို လူမှုကွန်ရက်စာမျက်နှာတွေမှာ တပုံတခေါင်းကြီး ပုံအောတင်ဖို့ ကြိုးစားတာမျိုးတွေ ရှိလာခဲ့ပါတယ်။

 တရုတ်နိုင်ငံမှာက ဒီလိုမျိုး လုပ်တဲ့ ရာဇဝင် ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဟောင်ကောင် ဆန္ဒပြမှုတွေအတွင်း တွစ်တာ၊ ဖေ့စ်ဘွတ်ခ်နဲ့ ယူကျူ စာမျက်နှာတွေမှာ သတင်းမှားတွေ ဖြန့်ဖို့ တရုတ်အစိုးရက အချိန်ကိုက် အကွက်ချ လုပ်ဆောင်တာမျိုးတွေကို မျက်မြင်တွေ့ခဲ့ရပြီး အကောင့်တွေ၊ ပို့စ်တွေ ရာပေါင်းများစွာကို ဖြုတ်ချပစ်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။

 ပြည်ပနိုင်ငံတွေကို အပြစ်ဖို့လာနိုင်

 တရုတ်အစိုးရ သတင်းမီဒီယာတွေက ဆန္ဒပြမှုတွေကို လောလောဆယ်မှာ မဖော်ပြပဲ လစ်လျူရှု နေဖို့ ရည်ရွယ်ထားပုံ ရပြီး  တကယ်လို့ အခြေအနေတွေ ပိုဆိုးလာခဲ့ရင်တော့ ဒီဆန္ဒပြမှုတွေဟာ ပြည်ပနိုင်ငံတွေကြောင့် ဖြစ်လာခဲ့ရတာဆိုတာမျိုး ပြောဖို့ ပြင်ထားပုံ ရတယ် ဆိုတာကို ကနဦး လက္ခဏာတွေမှာ တွေ့ရပါတယ်။

တချို့သတင်းမီဒီယာတွေဆိုရင် ဒီဆန္ဒပြမှုတွေ ဖြစ်လာအောင် ပြည်ပက သွေးထိုး လှုံ့ဆော်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ်ကနေ ပြစ်တင်ပြောဆိုတာတွေ လုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

အနောက်အုပ်စုနိုင်ငံတွေမှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေ ဖြေလျှော့ ချမှတ်နေတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရမီဒီယာက အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး အမေရိကန် ပြောတဲ့အတိုင်း လိုက်မလုပ်ကြဖို့ တခြားကမ္ဘာ့ နိုင်ငံတွေကို သတိပေးထားခဲ့ပါတယ်။

ဒါပေမဲ့ အခုသီတင်းပတ်မှာ ကမ္ဘာတဝန်းက လူတွေ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အုံးအုံးကြွက်ကြွက် လာရောက် အားပေးဆင်နွှဲနေတာကို တွေ့နေရတဲ့အခါ လော့ခ်ဒေါင်း ချခံထားရတဲ့ တရုတ်ပြည်တွင်းက လူတွေ ဒေါသအိုး ပေါက်ကွဲခဲ့ရပါတယ်။

ဒါ့ကြောင့် တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ကမ္ဘာ့ဖလား ဘောလုံးပွဲတွေအကြောင်း သတင်းဖော်ပြတဲ့အခါ ပွဲကြည့်ပရိတ်သတ်ကြီးရဲ့ ပုံတွေမပါဘဲ ရှောင်လွှဲ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရက အခုနှစ် အစောပိုင်းမှာ ကိုဗစ်စည်းမျဉ်းတချို့ ဖြေလျှော့တာတွေ လုပ်ခဲ့ပါတယ်။ ကွာရန်တင်း ဝင်ရတဲ့ အချိန်ကာလ လျှော့ချပေးတာမျိုးတွေ ပါဝင်တာမို့ တရုတ်နိုင်ငံထဲ ရက်တိုတို လာရောက်ချင်သူတွေအတွက် လွယ်ကူသွားစေခဲ့ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကိုဗစ်ကူးစက်မှုတွေ တိုးလာခဲ့ရင်  ပြည်ပက နိုင်ငံခြားသားတွေအပေါ် အပြစ်ပုံချဖို့လည်း ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းက စံချိန်တင် ထိုးတက်လာခဲ့ပြီး တနင်္လာနေ့ကဆိုရင် ရောဂါကူးစက်သူပေါင်း  ၄ သောင်းကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရက သူ့ရဲ့ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို အဆုံးသတ်မယ့်ပုံ မတွေ့ရသေးချိန်မှာ နောက်ထပ် ဆန္ဒပြမှုတွေ ပိုများလာမယ့်ဖို့က သေချာနေပါတယ်။ ပြီးခဲ့တဲ့လအတွင်း လော့ခ်ဒေါင်း ချမှတ်မှုတွေကသာ ပိုတိုးလာနေခဲ့ပြီး ရောဂါပိုး ဆေးစစ်တွေ့ရသူတွေ၊ သူတို့နဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမိသူတွေကို ကွာရန်တင်း ဝင်ကြဖို့ ညွှန်ကြားထားဆဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းက ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ကနဦးအဆင့်တွေကတည်းကိုက မပြောင်းမလဲ ချမှတ်လာခဲ့တာ ဖြစ်ပြီး လူထုအနေနဲ့ ပိုပို မကျေမနပ် ဖြစ်လာနေပါတယ်။

တရုတ်ပြည်တွင်းကလူတွေ မကျေမနပ် ဒေါသထွက်အောင် အနောက်အုပ်စုနိုင်ငံတွေက လှုံ့ဆော်ခဲ့တာဆိုပြီး တရုတ်အစိုးရက ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

တရုတ်နိုင်ငံရဲ့ နောက်ဆုံး အကြီးဆုံး ဆန္ဒပြမှုကြီး ဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဟောင်ကောင် ဆန္ဒပြမှုတွေတုန်းကလည်း အနောက်အုပ်စု လက်ပါးစေတွေရဲ့ သြဇာလွှမ်းမိုးခံထားရသူ အကြမ်းဖက် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ တရုတ်အစိုးရက အပြစ်ပုံချခဲ့ပါတယ်။