ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အကျပ်အတည်းအတွက် အမေရိကန်ရဲ့ အကူအညီနဲ့ ထိရောက်နိုင်မှု အတိုင်းအတာ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ ကာလမှာပဲ မြန်မာ စစ်ခေါင်းဆောင်တွေကို ကူညီအားပေး ထောက်ပံ့နေတဲ့သူတွေနဲ့ လုပ်ငန်းတွေထဲက တချို့ကို မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံကူညီမယ်ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတဲ့ အမေရိကန် နိုင်ငံက ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။
အခုနောက်ဆုံးတကျော့ အမေရိကန် အရေးယူဆောင်ရွက်မှုက မြန်မာ့စွမ်းအင် ဌာန၊ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE)၊ မြန်မာလေတပ် စတာတွေကို ဦးဆောင်နေတဲ့သူတွေ၊ လက်နက်ကုန်သွယ်မှုလည်း လုပ်ရင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ နီးစပ်နေသူရဲ့ မိသားစုဝင် စတဲ့ စုစုပေါင်း လူ ၆ ဦး ကို ပစ်မှတ်ထားလိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (Union Elections Commission – UEC) ဟာလည်း အမေရိကန် ပစ်ဒဏ်ခတ် အရေးယူတာ ခံရတဲ့ အဖွဲ့ ဖြစ်သွားပါပြီ။ နောက်ပစ်မှတ်ထားခံရတဲ့ ဌာန ၂ ခုကတော့ သတ္တုတွင်း ဌာန ၁ နဲ့ ၂ တို့ဖြစ် ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့တာတွေ အတော်လုပ်ခဲ့ပါတယ်။
ဒါတွေက မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တကယ်လုံလောက် ထိရောက်ပါသလား ဆိုတဲ့ အမေး ကလည်း အမြဲ ထွက်ပေါ် နေတာပါ။
အမေရိကန် ကူညီမှု ခေါင်းစဉ် ၃ ခုနဲ့ သက်ရောက်နိုင်မှုတွေ
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်က “စီးပွားရေးနဲ့ နိုင်ငံရေး ဖိအားပေးမှု”၊ “ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် အားပေးမှု”၊ “လူသားချင်းစာနာမှု ဆိုင်ရာ အထောက် အကူပေးမှု” စတဲ့ လမ်း ၃ သွယ်နဲ့ ကူညီနေတာလို့ အမေရိကန်က ခွဲခြား သတ်မှတ် ထားပါတယ်။
စီးပွားရေးအရ နိုင်ငံရေးအရ ဖိအားပေးမှုတွေ အရ “စစ်ခေါင်းဆောင်တွေနဲ့ မြန်မာ စစ်တပ်တို့အတွက် ဘဏ္ဌာရေးလမ်းကြောင်းတွေကို ထိခိုက်သွားအောင် လုပ်နေတယ်” ၊ “မြန်မာစစ်တပ်ကို အထီးကျန်ဖြစ်အောင် လုပ်ဖို့၊ အပြစ်ပေးအရေးယူဖို့၊ ဖိအားပေးဖို့” လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် ဒဲရက် ရှိုလေးက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့ အမြဲဆက်သွယ် တိုင်ပင်မှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
လောလောဆယ် အရေးယူမှုတွေထဲ မြန်မာစစ်တပ်ရဲ့ ရန်ပုံငွေကို ထောက်ပံ့နေတယ် လို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ထောက်ပြနေတဲ့ MOGE နဲ့ပတ်သက်ပြီး အမေရိကန်က ပြစ်ဒဏ်ခတ် လိုက်တဲ့အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် မြန်မာ့အရေး ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။
ဒါပေမဲ့ အခုအရေးယူမှုက MOGE ကို ဦးဆောင်နေတဲ့သူတွေ အပေါ် အရေးယူတာသာ ဖြစ်ပြီး “ဒီဌာနက တစ်ဆင့်ရနေတဲ့ ဝင်ငွေတွေကို သုံးစွဲမှုတွေ၊ အဲဒီဌာနရဲ့ ငွေစီးဆင်းမှုကို ကူညီနေတဲ့ ဘဏ်လုပ်ငန်းတွေ စတာတွေကို အရေးယူတာမျိုး ထည့်သွင်းထားတာ မရှိသေးတဲ့ အတွက် လုံလောက်အောင် အားကောင်းတဲ့ အရေးယူမှုမျိုး မဟုတ်ဘူး” လို့ Human Rights Watch က ဝေဖန်တာကို တွေ့ရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)ကို အရေးယူတာနဲ့ ပတ်သက်ပြီး “စစ်ကောင်စီက ရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်သူတွေကို သတ်ဖြတ်နေတာ၊ အကျဉ်းချနေတာ၊ ထွက်ပြေးအောင်လုပ်နေတာ၊ ငြိမ်းချမ်းတဲ့ အတိုက်အခံတွေကို ရက်စက်စွာ အကြမ်းဖက်နှိပ်ကွပ်နေတာ အဲဒါတွေကို လုပ်နေတဲ့အတွက် သူတို့ တွေစီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး။ ဒီအမည်ခံ ရွေးကောက်ပွဲဟာ နောက်ထပ် အကြမ်းဖက်တာတွေ၊ မတည်ငြိမ်မှုတွေကို ပဲ ထပ်တိုးလာစေမှာ” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗီဒန့် ပက်တဲလ်က ပြောပါတယ်။
အမေရိကန်ရဲ့ ဒေသတွင်း အကျိုးစီးပွားနဲ့ အတူ မြန်မာ့အရေးက အရေးကြီးတဲ့ ကဏ္ဍ မှာ ရှိနေတာလို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ မဟာဗျူဟာကျတဲ့အကျိုးစီးပွားကို တိုးမြှင့်မှုမှာ အရှေ့တောင် အာရှက အလားအလာတွေ၊ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေနဲ့လည်း ဆိုင်နေ ပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှမှာ ကျရှုံးနိုင်ငံဖြစ်လုနီးပါး ဖြစ်နေတဲ့ မြန်မာပြည်က အကျပ်အတည်းဟာ အမေရိကန်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စပါ။ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒအတွက် လောလောဆယ် အရေးကြီးတဲ့ ကိစ္စရပ်တွေက မပြတ် ရှိနေတဲ့ကြားကပဲ ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေ အတွက်၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကို ဆက်ပြီး အာရုံစိုက်ထားပါတယ်” လို့ မစ္စတာ ဒဲရက် ရှိုလေးက ဘီဘီစီ မြန်မာပိုင်း ရဲ့ အမေးကို ဖြေပါတယ်။
ဘားမား ဥပဒေ
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာ အားပေးမှုနဲ့ ပတ်သက်ပြီး BURMA (Burma Unified through Rigorous Military Accountability) Act - ဘားမားဥပဒေ (၂၀၂၂) ကိုလည်း အမေရိကန်အစိုးရက ဒီနှစ်ဦးပိုင်းမှာ အတည်ပြုထားပါတယ်။
ဘားမား ဥပဒေထဲမှာ “အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ မြန်မာ စစ်တပ် ရှိရေး”၊ “ဖက်ဒရယ်အစိုးရ” ဖွဲ့စည်းနိုင်ဖို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲ ရေး” စတာတွေ ပါဝင်ပါတယ်။
“NUG/ NUCC/ CRPH စတာတွေကို အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့”၊ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (Ethnic Armed Organizations – EAOs)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (People’s Defense Force – PDFs) ကို ထောက်ခံ ကူညီဖို့” စတာတွေကိုလည်း ဘားမား ဥပဒေ ထဲမှာ ထည့်သွင်းထား ပါတယ်။
လက်နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ ဒီ ဥပဒေက ရည်ရွယ်ပါတယ်။
ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး “သူတို့အချင်းချင်း ကြားဖြစ်စေ၊ နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းများ အတွက်ဖြစ်စေ၊ ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာ လာစေရေး အတွက် နည်းပညာနှင့် လက်နက်မဟုတ်သော ထောက်ပံ့ ကူညီမှု များပေးဖို့” ဆိုတာကို ဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေး ဖို့ လုပ်တာလို့ တုံ့ပြန်ထားပါတယ်။
ဒီဥပဒေအရ မြန်မာကို ဘယ်လို အကူအညီတွေ ပေးမယ်၊ ဘဏ္ဍာရန်ပုံငွေ ဘယ်လောက်ကို သုံးစွဲမယ် ဆိုတဲ့ အပေါ် သမ္မတ ဘိုင်ဒန်အစိုးရက ရှင်းရှင်း လင်းလင်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
“ဒီအကူအညီတွေက သိပ်လောက်လောက်လားလား မရှိနိုင်ပါဘူး” လို့ စစ်အာဏာ သိမ်း ဆန့်ကျင်သူတွေအထဲ အနောက်အုပ်စုရဲ့ အကူအညီအပေါ် သံသယရှိ ကြသူများ က ဆိုကြပါတယ်။
ဒါပေမဲ့ ဒီ ဥပဒေအရ အမေရိကန်က အကူအညီပေးရင် ထိရောက်နိုင်ဖို့ အကြံပြု တာတွေလည်း ထွက်ပေါ်နေပါတယ်။
“မြန်မာနိုင်ငံပြည်သူတွေဟာ စစ်အာဏာပိုင်တွေက ပြုတဲ့ စစ်ပွဲကို ရင်ဆိုင်ဆန့်ကျင် နေကြ ရတာလို့ ပွင့်ပွင့်လင်းလင်း သတ်မှတ်ပြီး”၊ အမေရိကန်ရဲ့ လက်နက် မဟုတ်သော အကူအညီတွေဟာ “အကြမ်းမဖက် ဆန့်ကျင်ရေးအဖွဲ့တွေ ဆီကိုသာ စီးဆင်းမသွားဘဲ လက်နက်ကိုင်ပြီး တော်လှန်ဆန့်ကျင်နေတဲ့ အဖွဲ့တွေကိုပါ တရားဝင် ကူညီဖို့“ အတွက် မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးရဲမျိုးဟိန်းက The Diplomat မဂ္ဂဇင်းမှာ ရေးပါတယ်။
လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးပွားလာနေတာနဲ့အတူ စစ်ဘေး ဒုက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူတွေ ၂ သန်းအထိ ဖြစ်လာပါပြီ။ ဒီအရေအတွက်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်ခင် သူတို့ရဲ့ အိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ လူမျိုးတွေ မပါဝင်သေးပါဘူး။
အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် မစ္စတာ ရှိုလေးက “၂၀၁၇ ခုနှစ် ကနေ စလို့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတာတွေ ပေါင်းရင် စုစုပေါင်း ဒေါ်လာ ၂ ဘီလျံ နီးပါးရှိတယ်” လို့ ဆိုပြီး “လောလောဆယ်နှစ်ပိုင်းတွေ အတွင်း ဒေါ်လာ သန်း ၅၀ ကူညီ ခဲ့တယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ လိုအပ်နေသူ အရေအတွက်က ၁၇. ၆ သန်းအထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ဒီနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန် ထားပါတယ်။
ဒီလို လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးနိုင်မှုကို အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ - ASEAN) ကလည်း ကြိုးစားခဲ့ဘူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မတည်ငြိမ်တဲ့ နေရာဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အတွက် အာဆီယံက မြန်မာစစ်ကောင်စီနဲ့ “ပူးတွဲပြီး အခြေအနေတွေကို ဆန်းစစ်ဖို့“ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရာမှာ မအောင်မြင်ခဲ့ဘူးလို့ အရင် မြန်မာ့အရေး ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆော့ခွန်း ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီ ပေးတာတွေက တကယ်လိုအပ်နေတဲ့ ပြည်သူတွေ လက်ထဲကို ရောက်အောင် ဘယ်လိုလုပ်မလဲ။ ဒီအကူအညီတွေက အာဏာပိုင်တွေကို အကျိုးဖြစ်သွား စေမလား။ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီ ပေးမယ်ဆိုရင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက ခွင့်ပြုမှာလား စတဲ့ အမေးတွေကလည်း ထွက်ပေါ်နေပါတယ်။