ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၂၄ ရက်ထိပ်တန်းသတင်းများ - မြန်မာဒုက္ခသည်တွေအရေး အလေးထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ဆိုပြီး ထိုင်းဝန်ကြီးချုပ်သစ် ဆေထာ ထဝီဆင်က ပြောလာပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ရင်း အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က အခုလို ပြောလာတာဖြစ်ပါတယ်။
လူ့အခွင့်အရေးကို အလေးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှုတွေကို ထောက်ခံမှာဖြစ်သလို ဒုက္ခသည်တွေကို ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်ကလည်း သူ့စိုးရိမ်ချက်ကို ပြောပြထားတာကြောင့် ဒုက္ခသည်တွေအရေး အလေးထားဆောင်ရွက်ရေး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားကို ထိုင်းနိုင်ငံဘက်က အလေးထားမယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်း၊ ကရင်နီ (ကယား)ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်မြို့နဲ့ ကီလိုမီတာ ၂၀ နီးပါးအကွာကို စစ်ရှောင်လာတဲ့ ဒုက္ခသည် တစ်သောင်းနီးပါးအထိ ရှိနေပြီး ထိုင်းကြက်ခြေနီအပါအဝင် ဒေသန္တရအစိုးရအဆင့် အဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေအရေး အကူအညီတွေ ပေးထားပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲ SSPP/SSA နဲ့ TNLA တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP/SSA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) တို့ မနေ့က နာရီနဲ့ချီကြာအောင် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
TNLA က တပ်မဟာ ၅ စစ်ဒေသလို့ပြောထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ SSPP/SSA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားလာချိန်တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
မနေ့ မွန်းလွဲပိုင်းမှာ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ ဖာပျဥ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
‘‘တိုက်ပွဲဖြစ်ခဲ့တာမှန်ပါတယ်။ အောက်ခြေမှာ ဘာသာစကားမပေါက်ကြရာကနေ ဖြစ်တာလို့ သိရပါတယ်။ ကြီးမားတဲ့ပြဿနာမဟုတ်လို့ အခုတော့ ရှင်းပြီးပါပြီ။ ဆက်ဆံရေးမပြတ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ လို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ဘီဘီစီကိုပြောပါတယ်။
ရှမ်းအခြေစိုက် သတင်းတွေမှာတော့ SSPP/SSA တပ်ဖွဲ့ဝင်တွေဟာ သန္နီမြို့နယ်၊ မိုင်းပါးကျေးရွာဘက်ကနေ ကွတ်ခိုင်မြို့နယ်ထဲက မိုင်းယုကျေးရွာဘက်ကိုတက်လာဖို့ ရှိတဲ့အကြောင်း TNLA ဘက်ကို အကြောင်းကြားခဲ့ပေမဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပြီး SSPP/SSA မြေပြင်အရာရှိတစ်ဦးအပြောကို ကိုးကား ဖော်ပြပါတယ်။
SSPP/SSA နဲ့ TNLA တို့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ TNLA နဲ့ မြန်မာစစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ ဒေသတဝိုက်အနီးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး မြေပြင်တိုက်ပွဲမဖြစ်တာ ၂ ရက်ကြာပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ အနီးနားစစ်အခြေစိုက် စခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့ TNLA ဘက်က ပြောပါတယ်။
မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad ဝန်ကြီးတွေတောင်းဆို
မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့နဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်းက နိုင်ငံရေး၊ လူသားချင်းစာနာမှုအရေး၊ စီးပွားရေးအကျပ်အတည်းတွေကို အလွန်အမင်းစိုးရိမ်သလို တရားမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ စာနာမှုအကူအညီတွေ အဟန့်အတားမရှိရောက်နိုင်ရေး၊ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုကနေ အကျပ်အတည်းကို ဖြေရှင်းဖို့ လည်း ဝန်ကြီးတွေက တောင်းဆိုပါတယ်။
Quad အဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေး ထောက်ပံ့ဖို့ ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံတမန်ကွန်ရက်ဖြစ်ပြီး အဲဒီအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
မြန်မာမှာဖြစ်နေတဲ့လက်ရှိ အခြေအနေကြောင့် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်သက်ရောက်မှုရှိနေတာကိုလည်း ဝန်ကြီးတွေက စိုးရိမ်ကြောင်း ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ခိုင်ခိုင်မာမာ ထောက်ခံတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်တွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေး အထောက်အပံ့ဖြစ်စေမယ့် လက်တွေ့ကျတဲ့နည်းလမ်းကို အတူတကွရှာဖွေနိုင်ဖို့ကိုလည်း အားပေးသွားမယ်လို့ ဝန်ကြီးတွေက ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီကို မပြတ်ဖိအားပေးဖို့ နိုင်ငံတကာကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
မြန်မာစစ်ကောင်စီကို မပြတ်ဖိအားပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ကုလမသဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၂ ရက်တုန်းက ပြောကြားတဲ့သူ့မိန့်ခွန်းထဲ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ့အရေးကိုလည်း အဓိကထားပြောဆိုသွားတာဖြစ်ပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံအားပေးမှု အရေးပါသလို လက်ရှိသွားနေတဲ့အခြေအနေကို စစ်အာဏာပိုင်တွေဘက်က နောက်ကြောင်းပြန်လှည့်သွားအောင် မပြတ်တိုက်တွန်းဖို့နဲ့ လိုအပ်တဲ့ဖိအားပေးမှုတွေ ဆက်လုပ်ထားဖို့လည်း အရေးကြီးတဲ့အကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။
‘‘မလေးရှားအနေနဲ့ မြန်မာမှာ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကြောင့် အလွန်အမင်းစိုးရိမ်ထိတ်လန့်ရတယ်’’ လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာ့ အကျပ်အတည်းဟာ ဒေသတွင်းမှာ အခုနှစ်ပိုင်းတွေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်လို့လည်း ဝန်ကြီးချုပ်က ထောက်ပြပြောဆိုပါတယ်။
လက်ရှိ မြန်မာ့အကျပ်အတည်းကို တည်ငြိမ်အေးချမ်းစွာဖြေရှင်းဖို့ရည်ရွယ်တဲ့ အာဆီယံခေါင်းဆောင်တွေကြား ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း ဝန်ကြီးချုပ်က တောင်းဆိုသွားပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂညီလာခံတက်ရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆုဒီကလည်း နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌနဲ့ ညီလာခံပြင်ပမှာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပြီးဆုံးပေမဲ့ အလှည့်ကျတာဝန်ယူမယ့် လာအို၊ နောက်အလှည့်ကျ မလေးရှားနိုင်ငံတို့နဲ့ပူးပေါင်းပြီး မြန်မာ့အရေး ၃ နိုင်ငံ ပူးတွဲဖြေရှင်းရေးယန္တရားကို ဆက်ပြီး အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးက ပြောထားပါတယ်။
တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ BGF တို့ ဒရုန်းနဲ့ တပတ်တိတိ တိုက်ခိုက်ခံရ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့ကို ဒရုန်းစစ်ဆင်ရေးအဖြစ် တပတ်တိတိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ (Cloud Wings)က ပြောပါတယ်။
"ဒီရက်ပိုင်း မြေပြင်မှာ တိုက်ပွဲမဖြစ်တော့ပေမဲ့ ဒရုန်းနဲ့ တိုက်တာကတော့ ၂၂ ရက်နေ့အထိ ရှိခဲ့တယ်" လို့ Cloud Wings တာဝန်ရှိသူက ပြောပါတယ်။
ခလယ်တံခွန်တိုင်ဘက် ဝင်ရောက်လာတဲ့ စစ်ကြောင်းကို စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် ၁၆ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ တပတ်တာအတွင်း ဒရုန်းနဲ့လည်း ဝေဟင်ကနေ ၈၁ မမ၊ ၆၀ မမ လို ဗုံးသီး အလုံးပေါင်းရာကျော်နဲ့ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings က သတင်းထုတ်ပြန်ပါတယ်။
ဒီလိုတိုက်ခိုက်နေချိန် အဘစ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအမြှောက်တပ်ကနေ လက်နက်ကြီးပစ်ကူပေးသလို လေကြောင်းနဲ့လည်း မကြာခဏ စစ်ကူပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Cloud Wings အဖွဲ့က ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ခလယ်တံခွန်တိုင်က တိုက်ပွဲတွေအကြောင်း စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာမရှိပါဘူး။
တိုက်ပွဲကြောင့်ရော တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဘက်က တပ်စွဲတာတွေကြောင့်ပါ လှကဇိုင်း၊ တော့ပလော့၊ ဘုရားငါးဆူ၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာကြီး စတဲ့ ကျေးရွာဒေသခံတွေ နေရပ်စွန့်ခွာစစ်ရှောင်နေရတယ်လို့ သိရပါတယ်။