ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီဂျစ်ညီလာခံကနေ ဂါဇာ အပစ်ရပ်ရေး လမ်းပြမြေပုံ ထွက်လာဖို့ မျှော်လင့်ချက်နည်း
ဂါဇာ အကျပ်အတည်း ဖြေရှင်းနိုင်ရေး အတွက် အာရပ်ကမ္ဘာက နိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေ အများစု ပါဝင်တဲ့ နိုင်ငံပေါင်း ၂၀ ကျော်က အစိုးရ ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အီဂျစ်နိုင်ငံမှာ တွေ့ဆုံနေကြပါတယ်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ သမ္မတ မာမွတ် အက်ဘာစ်လည်း အဲဒီ ငြိမ်းချမ်းရေး ညီလာခံမှာ ရှိနေပါတယ်။ အိမ်ရှင် အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာ့(ထ)တာဟ် အယ်လ်-ဆီဆီက ဂါဇာမှာ အပစ်ရပ်နိုင်ရေး သဘောတူမှု တစ်ရပ် ဘယ်လို ဆောင်ကြဥ်း ပေးနိုင်မလဲ ဆိုတဲ့ အစီအစဥ် တစ်ရပ် အားလုံး သဘောတူ ထွက်လာနိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး ညီလာခံ အဖွင့်မှာ ပြောပါတယ်။
“ဒီနေ့ ကျွန်တော် အားလုံးကို ဖိတ်ခေါ်ပြီး အတူတကွ စုဝေးကြရတဲ့ အကြောင်းကတော့ ဂါဇာမှာ ပေါ်ပေါက်နေတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ကပ်ဘေးကို ရပ်တန့် နိုင်ရေး ရည်ရွယ်တဲ့ လမ်းပြမြေပုံတစ်ရပ် အားလုံး သဘောတူမှုနဲ့ ထွက်လာနိုင်ဖို့ ဖြစ်ပါတယ်” ဆိုပြီး အီဂျစ်သမ္မတ ဆီဆီ ပြောသွားပါတယ်။
အဲဒီ ညီလာခံမှာ ရှိနေတဲ့ သတင်းထောက်တွေကတော့ အတိတကျ သဘောတူမှု တစ်ရပ် ရလာဖို့ မျှော်လင့်ချက် နည်းပါးနေကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ အခု အကျပ်အတည်းရဲ့ အဓိက သက်ဆိုင်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကို ကျောထောက် နောက်ခံပေးထားတဲ့ အီရန်တို့ ဒီ ညီလာခံမှာ မပါဝင်ကြပါဘူး။
ဂါဇာထဲ စာနာမှု ပစ္စည်းတွေ စတင်ဝင်နိုင်ဖို့ ရာဖာဟ်ဂိတ် ပွင့်သွားပြီ
ဂါဇါကမ်းမြောင်ထဲကို အီဂျစ်နဲ့နယ်စပ်ဂိတ်ပေါက် ရာဖာဟ်ကနေတဆင့် ထရပ်ကားနဲ့ အပြည့် ရှိတဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ စတင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါဟာ ဂါဇာကို အစ္စရေးက ပိတ်ဆို့ထားတာ သီတင်းနှစ်ပတ် အကြာမှာ ပထမဆုံး အကြိမ် စာနာမှု ဆိုင်ရာ အထောက်အပံ့တွေ ဝင်လာနိုင်တာ ဖြစ်ပါတယ်။
ဂါဇာထဲကို ကားအစီး ၂၀ ပဲ ဝင်ခွင့်ပေးမယ်လို့ နားလည်ထားပေမယ့် ရာဖာဟ်ဂိတ်ပေါက်မှာ မော်တော်ယာဥ် အစင်းရေ ၂၀၀ နီးပါး တန်းစီစောင့်နေ ခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဝင်ရောက်သွားနိုင်တဲ့ ပစ္စည်းတွေထဲ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပါဝင်ပြီး လောင်စာဆီတော့ မပါဘူးလို့ အဲဒီ နယ်စပ်ဂိတ်ပေါက်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဝင်လာတဲ့ ပစ္စည်းတွေကို ပိုငယ်တဲ့ ထရပ်ကားတွေပေါ် ပြောင်းရွှေ့တင်ဆောင်ပြီး ဂါဇာကမ်းမြောင်ဒေသ တလွှား ဖြန့်ဝေမှာ ဖြစ်ပါတယ်။ အဲဒီ ဂိတ်ဝမှာ ဂါဇာကနေ ထွက်နိုင်ဖို့ စောင့်နေကြသူတွေထဲ ပါလက်စတိုင်း မဟုတ်တဲ့ နိုင်ငံတကာက သူတွေလည်း ရှိနေတာမှာ အဲဒီ နိုင်ငံခြားသားတွေကို ထွက်ခွာခွင့်လည်း ရလာဖို့ ရှိတယ် ဆိုပြီး အစ္စရေးမှာ ရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။
ပါလက်စတိုင်း အတွက် စာနာမှု အကူအညီတွေ ပေးနေတဲ့ အဓိက ကုလသမဂ္ဂ အဖွဲ့ ဖြစ်တဲ့ UNWRA ရဲ့ ပြောခွင့်ရ ဂျူလီယက်တိုမာ ဘီဘီစီကို ပြောတာက …..
“ဂါဇာအတွက် အရေးတကြီးလိုနေတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို သီတင်းနှစ်ပတ်ကြာ စောင့်ဆိုင်းနေရပြီးမှ အခု စပြီး ဝင်လာနိုင်တာ အနည်းငယ်ပဲ ရှိသေးတယ်” လို့ ဆိုပါတယ်။
အခုဝင်လာနိုင်တာဟာ လိုအပ်နေတာတွေနဲ့ နှိုင်းယှဥ်ရင် သမုဒ္ဒရာနဲ့ ရေတစ်စက်စာလောက် ကွာနေသေးတယ် ဆိုပြီးတော့လည်း အန္နဝါ အဖွဲ့က ပြောပါတယ်။ အန္နဝါရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ တာမာရာ အယ်လ်ရီဖာအီက ဂါဇာကို ပိတ်ဆို့ထားတာ အလုံးစုံ ရုပ်သိမ်းဖို့ အစ္စရေးကို ကုလအဖွဲ့ တောင်းဆိုပါတယ်။
သီတင်း ၂ ပတ် အတွင်း အစ္စရေးရဲ့ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့ရသူတွေထဲ ကုလသမဂ္ဂ အန္နဝါ အဖွဲ့ရဲ့ ဝန်ထမ်း အနည်းဆုံး ၁၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ဂါဇာကို တိုက်နေတာရပ်ရင် အရပ်သားတချို့ ထပ်လွှတ်ပေးမယ်
ဒီအချိန်မှာပဲ အစ္စရေး စစ်တပ်အနေနဲ့ ဂါဇာကို တိုက်ခိုက်နေတာကို ရပ်မယ် ဆိုရင် ဟားမတ်စ်က ဖမ်းထားတဲ့ အရပ်သားတချို့ကို ထပ်ပြီး လွှတ်ပေးမယ် ဆိုပြီး ဟားမတ်စ် ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မိုဟာမက်ဒ် နာ့ဇားလ်က အယ်လ်ဂျာဇီယာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောတာ ဖြစ်ပါတယ်။
ဖမ်းမိထားတဲ့ သူတွေထဲက အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင် ဖြစ်စေ၊ ပါလက်စတိုင်းနယ်မြေထဲ ဝင်ရောက် အခြေစိုက်တဲ့ အစ္စရေး အရပ်သားဖြစ်စေ ပြန်လွှတ်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း အဲဒီ ဟားမတ်စ် တာဝန်ရှိသူက ပြောသွားပါတယ်။
ဟားမတ်စ်က သူတို့ဖမ်းထားတဲ့သူ အယောက် ၂၀၀ ကျော်ထဲက အမေရိကန် နိုင်ငံသူ နှစ်ဦးဖြစ်တဲ့ အမေနဲ့ သမီးတို့ကို မနေ့ သောကြာနေ့တုန်းက ပြန်လွှတ် ပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို အမေရိကန် သမ္မတ ဘိုင်ဒင်က ကြိုဆိုပါတယ်။
လက်ရှိ အထိကတော့ အစ္စရေး စစ်တပ် အနေနဲ့ ဂါဇာကို သူတို့ ဗုံးကြဲနေတာကို ရပ်ဖို့ ဆန္ဒရှိသလား၊ ဂါဇာထဲ မြေပြင် ထိုးစစ် ဝင်ရောက်ဖို့ကို ဆိုင်းငံ့ထားမလား စတာတွေနဲ့ ပတ်သက်ပြီး ဘယ်လို အရိပ်အယောင် တစွန်းတစမှ မပြသပဲ ရှိနေပါတယ်။