ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်က အမေရိကန်ဆီက နည်းပညာတွေ ဘယ်လိုခိုးယူနေသလဲ
အမေရိကန်နိုင်ငံသားတဦးဖြစ်တဲ့ ကျန်းရှောက်ကျင်းဟာ သူ အမေရိကန်ကုမ္ပဏီကြီး General Electric Power ရဲ့ ဝန်ထမ်းဘဝက ဒီကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်ဆိုပြီး ပြစ်မှုထင်ရှားတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
GE Power ကုမ္ပဏီဟာ ကျန်းမာရေး ဝန်ဆောင်မှုကစလို့၊ စွမ်းအင်နယ်ပယ် အလယ်၊ လေကြောင်းရေးရာ အဆုံး လုပ်ငန်းလုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုဖြစ်တဲ့အပြင် ရေခဲသေတ္တာလို ပစ္စည်းမျိုးကစလို့ လေယာဉ်အင်ဂျင်အထိ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။
အမေရိကန် တရားရေးဌာနရဲ့ စီရင်ချက်အရဆိုရင် မစ္စတာကျန်းဟာ GE Power ကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေကို နေဝင်တာကို ရိုက်ထားတဲ့ ဓာတ်ပုံဖိုင်ရဲ့ ကုဒ်အတွင်းမှာ ထည့်သွင်းပြီး ဒီဓာတ်ပုံကို သူ့အီးမေးကို သူကိုယ်တိုင် ပြန်ပို့ကာ အချက်အလက် ခိုးထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ ကျန်းဟာ အလားတူ နည်းလမ်းနဲ့ ဒီကုမ္ပဏီရဲ့ လျှို့ဝှက် အချက်အလက်တွေကို အကြိမ်အတော်များများ ခိုးယူခဲ့တယ်လို့လည်း ဆိုပါတယ်။
မစ္စတာကျန်းက GE Power ကနေ ဘာတွေ ခိုးခဲ့တာလဲ
မစ္စတာကျန်းက GE Power ကနေ ခိုးယူခဲ့တဲ့ နည်းပညာ လျှို့ဝှက်ချက်တွေဟာ ဓာတ်ငွေ့နဲ့ ရေနွေးငွေ့ တာဘိုင်စက်ဆိုင်ရာ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ တာဘိုင် ဘလိတ်ပြားနဲ့ တာဘိုင်အပိတ်ဆိုင်ရာ ပုံစံဆွဲထားတာတွေနဲ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ဆိုင်ရာ အချက်အလက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး တန်မယ်လို့ ယူဆရပြီး ဒါတွေကို မစ္စတာကျန်းက တရုတ်နိုင်ငံမှာရှိတဲ့ သူနဲ့ ပူးပေါင်းကြံစည်သူကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာကျန်းကိုယ်တိုင်ကလည်း တာဘိုင်စက်တွေ လုံအောင် ပိတ်ရတဲ့အပိုင်းကို အထူးပြုတဲ့ အင်ဂျင်နီယာဖြစ်ပြီး ရေနွေးငွေ့သုံး တာဘိုင်မှာ ယိုစိမ့်မှုမဖြစ်အောင် ထိန်းတဲ့ နည်းပညာပိုင်း ဆိုင်ရာတွေမှာ ကိုယ်တိုင် အလုပ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
တရုတ်က ဘယ်လိုခြေလှမ်းတွေ လှမ်းနေတာ ဖြစ်နိုင်သလဲ
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဆိုရင်လည်း တရုတ်နိုင်ငံသား ရှုရန်ကျန်းဟာ အမေရိကန်က ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချခံခဲ့ရပြီး ဖြစ်ပါတယ်။
ရှုရန်ကျန်းဟာ သူသျှိုအလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း ယူဆရတယ်လို့ ဆိုကြပြီး သူဟာ မစ္စတာကျန်းလိုပဲ GE Power က အပါအဝင် အမေရိကန် လေကြောင်းနဲ့ အာကာသ ကုမ္ပဏီတွေ အများအပြားကနေ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ခိုးယူခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေး ဗျူရို FBI ဒါရိုက်တာ ခရစ်စတိုဖာ ဝရေး ကိုယ်တိုင်ကလည်း တရုတ်ဟာ အနောက်နိုင်ငံက ကုမ္ပဏီတွေရဲ့ ပညာရပ်ဆိုင်ရာ မူပိုင် အချက်အလက်တွေကို အိတ်သွန်ဖာမှောက် ခိုးယူကာ တရုတ်ရဲ့ ကိုယ်ပိုင် စက်မှုဖွံ့ဖြိုးရေး မြန်ဆန်အောင်လုပ်ပြီး နောက်ဆုံးမှာ အဓိကကျတဲ့ စက်မှုနယ်ပယ်တွေမှာ လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်နေတယ်လို့ လန်ဒန်က စီးပွားရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ပြောကြားထားခဲ့ပါတယ်။
အဲဒီအပေါ် တရုတ်ဘက်ကလည်း မစ္စတာ ဝရေးဟာ တရုတ်ကို ဝါးလုံးရှည်နဲ့ရမ်း အပြစ်တင်တာ ဖြစ်ပြီး စစ်အေးခေတ်က စိတ်ဓာတ်မျိုးနဲ့ ပြောနေတာဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ လေကြောင်းနဲ့ အာကာသဆိုင်ရာ နယ်ပယ်တွေသာမက ဆေးဝါးပညာ၊ ဇီဝအင်ဂျင်နီယာပညာရပ်တွေမှာ အလျင်အမြန်တိုးတက်အောင် ကြိုးစားနေပြီး ဆေးပညာ၊ အဝတ်အထည်နဲ့ ကား အစရှိတဲ့ နယ်ပယ်မျိုးစုံမှာ အသုံးဝင်တဲ့ တစ်မီတာရဲ့ တစ်ဘီလျံပုံ တစ်ပုံအထိ အနုစိတ် ပစ္စည်း ထုတ်လုပ်မှု အပိုင်းကိုလည်း တိုးတက်အောင် လုပ်ဆောင်နေတယ်လို့ နည်းပညာဆိုင်ရာ သုတေသီတွေက ဆိုပါတယ်။
ဒီလိုအနေအထားမှာ တရုတ်အစိုးရဟာ နိုင်ငံခြား ကုမ္ပဏီတွေကို တရုတ်ဈေးကွက်မှာ ရောင်းချခွင့်ပေးပြီး အလဲအထပ်အနေနဲ့ နည်းပညာပိုင်း ပြန်လည်ဝေမျှမှုတွေလည်း ရရှိနေတာကိုလည်း တွေ့ရပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ ဘယ်လို အပြန်အလှန် တုံ့ပြန်နေကြသလဲ
၂၀၁၅ မှာ တရုတ်နဲ့ အမေရိကန်တို့ဟာ မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေနဲ့ အခြား လျှို့ဝှက်စီးပွားရေး အချက်အလက်တွေကို စီးပွားရေး အသာရဖို့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းကတစ်ဆင့် ခိုးယူတာ မလုပ်ဘူး ဆိုတဲ့ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒီလို စာချုပ်ချုပ်ပြီး နောက်တစ်နှစ်အကြာမှာပဲ တရုတ်ဟာ ဒီစာချုပ်ကို ချိုးဖောက်နေကြောင်း အမေရိကန် နိုင်ငံတော် လုံခြုံရေး အေဂျင်စီက စွပ်စွဲခဲ့ပြီး ဒီစာချုပ်ကို စောင့်ကြည့်သူတွေကလည်း အကျိုးသက်ရောက်မှု မရှိသလောက်ဘဲလို့ ပြောဆိုခဲ့ကြတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ စမာ့ဖုန်း ထုတ်လုပ်မှုကနေ လက်နက်ထုတ်လုပ်မှုအထိ အရေးပါတဲ့ semiconductor နယ်ပယ်အပိုင်းမှာ အမေရိကန်က တရုတ်ရဲ့ ရှေ့တိုးနိုင်စွမ်းကို တိုက်ရိုက် ပိတ်ပင်တဲ့ ပို့ကုန် စည်းကမ်းတွေ ထုတ်လာခဲ့ပါတယ်။
အဲဒီ ပို့ကုန် စည်းကမ်းတွေအရ ဘယ်နိုင်ငံမှာပဲ ထုတ်လုပ်တဲ့ semiconductor chip ပဲ ဖြစ်ဖြစ် အမေရိကန်နဲ့ ဆက်စပ်တဲ့ ကိရိယာ ဒါမှမဟုတ် ဆော့ဖ်ဝဲ သုံးပြီး တရုတ်ကို တင်ပို့တဲ့ကိစ္စမှာ လိုင်စင်လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေသာမက အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရတဲ့ green card ရသူတွေကိုပါ တချို့ တရုတ် semiconductor chip ကုမ္ပဏီတွေမှာ အလုပ်မလုပ်နိုင်အောင် တားဆီးတဲ့ ကန့်သတ်ချက်တွေလည်း ပါဝင်လာခဲ့ပါတယ်။
ဒီလို အမေရိကန်က လုပ်လာတာတွေက တရုတ်ရဲ့ နည်းပညာတိုးတက်မှုကို နှေးကွေးစေမှာ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း တရုတ်ဘက်က အစကတည်းက ကြိုးစားနေတဲ့ အမေရိကန်နဲ့တကွ နိုင်ငံခြားသွင်းကုန်တွေကို မှီခိုရမှု လျှော့ချရေးကို အမေရိကန်က မြန်မြန်ဆန်ဆန် လုပ်ပေးလိုက်သလိုလည်း ဖြစ်သွားနိုင်ပြီး နှစ်နိုင်ငံ နည်းပညာ ရှေ့တန်းရောက်ဖို့ ပြိုင်ဆိုင်မှုတွေလည်း ပိုမို ပြင်းထန်လာနိုင်ပါတယ်။