ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၂၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ချင်းတောင်ကို စစ်ကြောင်းထိုးလို့ တီးတိန်မှာ တိုက်ပွဲဖြစ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာ အင်အား ရာချီတဲ့စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ချင်းကာကွယ်ရေးတပ်- စီးယင်း (CDF CDM Siyin) ဥက္ကဋ္ဌ ကိုအီးဂဲလ်က ပြောပါတယ်။
အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မေ ၂၀ ရက်ကစပြီး ချင်းတောင်ဘက်ကို တက်သွားတာဖြစ်ပါတယ်။
အခုတော့ အဲဒီစစ်ကြောင်းကို တိုက်ခိုက်တဲ့ တိုက်ပွဲဟာ တီးတိန်မြို့နယ်၊ မွာလ်ပီးနဲ့ ထင်းဇန်ရွာကြားမှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
"ပထမ ၃ ရက်တော့ CDF DM Siyin, PDF Zoland နှင့် KKG တို့ ခုခံတိုက်ကြတာ။ မနေ့ကစပြီး တပ်ပေါင်းစု ပါဝင်လာကြပြီ။ ကျနော်တို့ သိမ်းပြီးသား သိုင်းငင် ဗျူဟာနှင့် ကနေဒီစခန်း ဖလမ်းမြို့နှင့် တီးတိန်တို့ကို ပြန် ထိုင်ချင်တာ" လို့ သူက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကို မှတ်ချက်ပေးပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာဟာ ချင်းပြည်နယ်ရဲ့ တောင်နဲ့မြောက် အဝင် လမ်းဆုံနေရာ ဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်နေရာလည်း ဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကလေး- သိုင်းငင်းလမ်းမကြီးကိုလည်း မေ ၂၀ ကစပြီး ချင်းကာကွယ်ရေးတပ်တွေက ပိတ်ထားသလို ကျေးရွာ ငါးရွာက ဒေသခံ တစ်ထောင်ကျော်လည်း စစ်ဘေးရှောင်နေကြရပါတယ်။
မိုင်းပေါက်မြို့မှာ မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်သူ နှစ်ဦးကို "ဝ" တပ်ဖွဲ့က သေဒဏ်ချ
"ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်(UWSA) ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ဦးကို မုဒိန်းကျင့်သူ တစ်ဦးနဲ့ လူသတ်မှု ကျူးလွန်သူ တစ်ဦးကို "ဝ" အာဏာပိုင်တွေက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်တယ်လို့ဆိုတဲ့ အမျိုးသား နှစ်ဦးက မေလ ၂၂ ရက်မှာ သေဒဏ်ချမှတ်ခဲ့တာလို့ ဝ သတင်းတွေကို ဖော်ပြတဲ့ Wa News Land ကနေ ရေးပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်း ကျင့်ခဲ့တယ်ဆိုတဲ့အမျိုးသားဟာ တရားဥပဒေနဲ့ ကိုယ်ကျင့်တရားကို လျစ်လျူရှုပြီး လှည့်စား၊ အဓမ္မပြုကျင့်ခဲ့တာလို့ တရားရုံးမှာ တရားလိုရှေ့နေက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်မှု ကျူးလွန်တဲ့ နောက်ထပ် တရားခံကလည်း မူးယစ်ဆေးဝါးသုံးစွဲဖို့ ဆေးတောင်းရာက နေ မပေးလို့ ဆေးတောင်းသူ သေဆုံးတဲ့အထိ လူသတ်မှုကျူးလွန်ခဲ့တာလို့လည်း ဆိုပါတယ်။
"ဝ" ပြည်နယ် တရားစီရင်ရေး ကော်မတီကတော့ ရာဇဝတ်မှုတွေကိုလည်း ပြတ်ပြတ်သားသား နှိမ်နှင်းမှာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း Wa News Land က ရေးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာတုန်းကလည်း ၈ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့တဲ့ ဟိုပန်မြို့က Moon Sun စတိုးဆိုင် ဓားပြတိုက်ခံရတဲ့ အမှုကျူးလွန်သူကို သေဒဏ်စီရင်ခဲ့သလို ဧပြီ ၂၄ ရက်တုန်းကလည်း လောက်ကိုင်မြို့မှာ လူသတ်ပြန်ပေးဆွဲမှုပါဝင်သူ သုံးယောက်ကို လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့ပါတယ်။
ညောင်တုန်းမြို့ မှာ မြစ်ကမ်းပါးပြိုလို့ နေအိမ် ၁၅ လုံး ရေမျော
ဧရာတီတိုင်း၊ ညောင်တုန်းမြို့၊ အမှတ် ၅ ရပ်ကွက်မှာ မေ ၂၅ ရက် မနက်အစောပိုင်းမှာ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် ကမ်းပါးပြိုကျပြီး နေအိမ် ၁၅ လုံး ရေမျောသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတိုက်စားပြီး ကမ်းပါးပြိုကျသွားလို့ နေအိမ်တွေ ရေမျောသွားချိန်မှာ လူတချို့လည်း နေအိမ်နဲ့အတူ မျောပါသွားပေမဲ့ အသက်သေဆုံးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
"အသက်အန္တရာယ် မရှိဘူး ပြန်တက်လာနိုင်တယ်။ အသက်လွတ်အောင် ကိုယ်လွတ်ရုန်းပြေးကြရတာဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ၊ ဘာမှ မရလိုက်ကြဘူး။ ကမ်းက သဲမြေဆိုတော့ ရေတိုက်စားပြီး ပြိုကျသွားတာ။ တချို့ ကုန်းတစ်ဝက် ရေတစ်ဝက် ဖြစ်ကျန်ခဲ့တဲ့ အိမ်တွေလည်း ရှိကြတယ်"လို့ ဒေသခံက ပြောပါတယ်။
မြစ်ရေနဲ့ တိုက်စားတာကြောင့် အကျယ် ပေ တစ်ရာဝန်းကျင်၊ အရှည် ပေ ငါးရာဝန်းကျင်လောက်ရှိတဲ့ မြစ်ကမ်းပါး ပြိုကျသွားတယ်လို့ သိရပါတယ်။
နောက်ထပ် မြစ်ရေတိုက်စားပြီး ပြိုကျနိုင်ခြေရှိတဲ့ နေအိမ် ၃၅ လုံးကိုလည်း ဖယ်ရှားနေကြပါတယ်။
မြစ်ကမ်းပါးမှာ နေထိုင်ကြသူတွေ အများစုဟာ ရေလုပ်ငန်းလုပ်ကြသူတွေ၊ မြစ်ထဲမျောလာတဲ့ ထင်းတွေကို ဆယ်ယူကြသူတွေ စတဲ့ လက်လုပ်လက်စား လုပ်ကိုင်ကြရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်မြစ်ထဲမျောပါသွားသူတွေအတွက် အရေးပေါ် တဲတွေ၊ ချက်ပြုတ်စားသောက်မယ့် အိုး၊ ခွက် ပန်းကန်တွေအပါအဝင် ခေါင်းအုံး၊ ခြင်ထောင် စတဲ့ ပစ္စည်းတွေကအစ လိုအပ်ချက်တွေ ရှိနေကြပါတယ်။
ကျောက်ကြီးက မင်္ဂလာဆောင်ဗုံးကြဲခံရမှု သတို့သမီးအပါအဝင် သေဆုံးသူ ၁၀ ဦးအထိမြင့်တက်လာ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာကို စစ်တပ်က လေကြောင်းကနေ ကြဲတဲ့ဗုံးဟာ မင်္ဂလာဆောင် ကျင်းပနေတဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သတို့သမီးနဲ့ ကလေးငယ် အပါအဝင် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာပါတယ်။
မင်္ဂလာဆောင် ဗုံးကြဲခံရမှုဟာ ကနဦးပိုင်းက သေဆုံးသူ ၄ ဦးပဲ ရှိခဲ့တာကြောင့် အခုတော့ နာရီ ပိုင်းအတွင်း သေဆုံးသူ နောက်ထပ် ၆ ဦးအထိ မြင့်တက်လာတာဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့အချက်အလက်ရ ဒဏ်ရာ ရသူ ၂၀ ကျော်ရှိပြီး အဲဒီထဲက ၇ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။
ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေအရ သေဆုံးသွားသူတွေထဲ ကလေးငယ် တစ်ဦးလည်းပါဝင်ပြီး အသက် ၅ နှစ်ဝန်းကျင်ခန့် ရှိတာကို တွေ့ရပါတယ်။
"ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) စိုးမိုးနယ်မြေက ရွာကို ဗုံးကြဲတာပါ။ ကူညီရေးတွေ လုပ်နေကြတုန်းပါ" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
တစ်ဖက်မှာလည်း ပဲခူးတိုင်းထဲကပဲ ကျောက်ကြီးမြို့နယ်နဲ့ ၈၅ မိုင် အကွာအဝေးရှိတဲ့ ပဲခူးရိုးမ အရှေ့ခြမ်း တောင်ငူမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနဲ့ မင်းစုရွာကို မေ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးအပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးသွားပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တုန်းကလည်း မြိုင်မြို့နယ် ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ၁၄ ယောက် သေဆုံးခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်ခွဲအတွင်း ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်တပ်က ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှု ၂,၆၀၀ ကျော်ကြောင့် ပြည်သူ ၃,၀၀၀ ကျော် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ဦး ပါဝင်သလို လေကြောင်းတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် ၄၄၁ ယောက် ပါဝင်သလို လေကြောင်းတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး စစ်ကောင်စီသဘောထားသိရဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှား ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို သွားမယ်
မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်လာဖို့ စစ်ကောင်စီရဲ့သဘောထားသိရအောင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ မလေးရှားက ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို မကြာခင်မှာ သွားဖို့ ပြင်ဆင်နေတယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံခဲ့ကြအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒတ်တု စရီ မိုဟာမက် ဟာဆန်က မေလ ၂၄ ရက်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
မြန်မာက တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေက စစ်ကောင်စီ ခေါင်းဆောင်ပိုင်းကို တောင်းဆိုတဲ့ စာရင်းကို မလေးရှားအဖွဲ့က အဲဒီခရီးစဉ်မှာ ပေးသွားဖို့ ရှိတယ်လို့လည်း ဝန်ကြီးက ပြောတဲ့အကြောင်း The Star သတင်းဌာနက သတင်းဖော်ပြပါတယ်။
''မြန်မာက သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် သူတို့ ဆန္ဒရှိကြတာ ဘာလဲဆိုတာကိုလည်း သိရပါပြီ။ အခုတော့ အဲဒီသဘောထားတွေကို SAC ဘက်ကို ပြသဖို့ ရှိပါမယ်။ သူတို့(SAC) က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့'' လို့ သူက ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့မလေးရှားဟာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် မလေးသံတမန်ဟောင်း အိုသ်မန် ဟာဆန်ကို အခုနှစ်စပိုင်းကတည်းကခန့်ထားပါတယ်။
အခုခန့်အပ်မှုဟာ မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာကာတာဆွေးနွေးပွဲရလဒ် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ချက်ကြောင့်လည်း ဖြစ်ပါတယ်။
တဖက်မှာလည်း မလေးရှားဟာ အခုနှစ်အတွက် အာဆီယံအလှည့်ကျတာဝန်ယူတဲ့ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို မေလ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။
ဒီအချိန်မှာပဲ မြန်မာ့ငြိမ်းချမ်းရေးအတွက် မလေးရှားအဖွဲ့ဟာ နေပြည်တော်ကို သွားဖို့ ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ဦးဆောင်မှာလား၊ အခုနှစ်အစောပိုင်းက ခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအထူးသံက ဦးဆောင်သွားမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်ကြီးအလွန်တုန်းကတော့ မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အခြေအနေချင့်တွက်ဖို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နေပြည်တော်ကို ပြီးခဲ့တဲ့လတုန်းက သွားခဲ့တဲ့ ခရီးစဉ် ရှိထားပါတယ်။
ဒီအတောတွင်းမှာပဲ မလေးရှားက အာဆီယံအလှည့်ကျ တာဝန်ယူထားချိန်မှာ မလေးရှားဝန်ကြီးချုပ်ဟာ စစ်ကောင်စီနဲ့ရော၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG) နဲ့ပါ တိုက်ရိုက်ချိတ်ဆက်တာကို ချီးကျူးမိတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက မေလ ၂၄ ရက်မှာ ထုတ်ပြောထားပါတယ်။
နွားထိုးကြီးနဲ့ တောင်သာက စခန်းသိမ်းတိုက်ခိုက်မှုတွေအတွင်း တရုတ်ပိုက်လိုင်း စခန်း ၂ ခုလည်း ပါ၀င်
မန္တလေးတိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီ ရဲစခန်းအပါအဝင် အခြေချနေရာတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်မှုတွေအထဲ တရုတ်ပိုက်လိုင်းစောင့်တဲ့ စခန်း ၂ ခုလည်း ပါဝင်တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
၉/ အညာမြေ စစ်ဆင်ရေး ဆိုပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မေ ၁၅ ရက်ကစပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြတာ ဖြစ်တယ်လို့ ပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်တာပါ။
မြင်းခြံမြို့နယ်ထဲက ဆီးမီးခုံရဲစခန်း၊ တောင်ရှေ့ဂိတ် အထိုင်စခန်း၊ ၁၈ ရပ်ကွက်နဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံး၊ နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရဲစခန်း၊ Gas ပိုက်လိုင်းစခန်းနဲ့ မြို့မရဲစခန်း၊ ဇီရွာနားက စစ်ကြောင်းတို့ကို ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတာပါ။
တောင်သာမြို့နယ်ထဲမှာဆိုရင် ထနောင်းကုန်း ဒေသအခေါ် ပျူစောထီးရွာစခန်း၊ မြို့ဝင်ဂိတ်၊ Gas ပိုက်လိုင်း စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ကြတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လက်နက်၊ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိကြတယ်လို့လည်း သိရပါတယ်။
"ကိုယ့်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဝင်တိုက်ကြတာ။ စခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲကို ဝင်ပြေးကြလို့ နောက်ကလိုက်တော့ မြို့ထဲကနေ စနိုက်ပါတွေနဲ့ချိန်ပြီး အသင့်စောင့်နေကြတာနဲ့ ကျွန်တော်တို့ နောက်ပြန်ဆုတ်လာတာ"လို့ ငါန်းဇွန်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ငါန်းဇွန် ပကဖဟာ ငါန်းဇွန်မြို့နယ် မြို့ဝင်ဂိတ်နဲ့ မြို့သာဘဏ်စောင့် ကင်းစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အထိအခိုက် အသေအဆုံးတွေ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အမြန်လမ်းမဘေး တောင်ငူမြို့နယ် ကြက်တိုက်ညောင်ပင်မှာ တိုက်ပွဲဖြစ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြတ်သန်းသွားတဲ့ တောင်ငူမြို့နယ် ကြက်တိုက်ညောင်ပင်ကျေးရွာမှာ ဒီနေ့ မေ ၂၅ ရက် မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့က မေ ၂၄ ရက်တုန်းကလည်း ကြက်တိုက်ညောင်ပင်ရွာနဲ့ ၄ မိုင်လောက်အကွာက စပါးကြွယ်ကျေးရွာမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာလည်း ဒေသခံတချို့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကနေ တွေ့ရပါတယ်။
ဒီရုပ်သံမှတ်တမ်းဟာ စပါးကြွယ်ရွာဟုတ် မဟုတ် ဆိုတာတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
"စပါးကြွယ်ရွာ မီးလောင်တာတော့ ဘယ်လိုကြောင့်ဆိုတာတော့ မသိဘူး။ မနေ့ကတည်းက ကြက်တိုက်ညောင်ပင်ရွာက လူတွေလည်း နေရပ်စွန့်ခွာကြတယ်။ ဒီနေ့မနက် ၅ နာရီလောက်ကတည်း ပစ်ခတ်သံတွေ စကြားရတာ"လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ယောက်က ပြောပါတယ်။
ကြက်တိုက်ညောင်ပင်ရွာဟာ ရန်ကုန်- မန္တလေး အမြန်လမ်းရဲ့ မိုင်တိုင် ၁၄၄ / ၃ ဖာလုံနားမှာ ရှိတဲ့ရွာဖြစ်ပြီး တောင်ငူမြို့ကို ကားနဲ့သွားရင် မိနစ် ၃၀ ဝန်းကျင်သာ ကြာတဲ့နေရာမှာ ရှိနေပါတယ်။
စပါးကြွယ်ကျေးရွာနဲ့ ကြက်တိုက်ညောင်ပင်ရွာတွေ အပါအဝင် နီးစပ်ရာ ကျေးရွာက ဒေသခံတချို့ဟာ တောင်ငူမြို့ပေါ်ကို တိမ်းရှောင်လာကြရတဲ့အတွက် သူတို့ကိုလည်း ပရဟိတအဖွဲ့တွေက ကူညီပေးနေကြရပါတယ်။