ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၂၇ ရက် ထိပ်တန်းရောက်သတင်းများ - သေနတ် လိုင်စင်လျှောက်ထားမှုတွေ ရှိနေ
အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်တာကို ပြန်ရပ်ဆိုင်း
အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်တာကို ခွင့်ပြုပြီး ၄ ရက်မြောက်နေ့မှာပဲ ပြန်ရပ်ဆိုင်းလိုက်တဲ့အကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်းက လျှောက်ထားသူတွေကို စလစ်လာထုတ်ဖို့ ရက်ချိန်းပေးတဲ့ဒီကနေ့မှာပဲ ဒီဝန်ဆောင်မှုကို အခုလို ခေတ္တရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
အသစ်လျှောက်မယ့်သူတွေအတွက် ဒီစနစ်ကို ပြင်ဆင်မွမ်းမံနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဝန်ဆောင်မှုပြန်လည်စတင်မယ့်အချိန်ကို ကြေညာပေးသွားမယ်လို့ ဆိုပေမယ့် အချိန်အတိအကျကိုတော့ မပြောထားပါဘူး။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ ကြေညာချက်အရ အရင်ကလိုရုံးပိတ်လိုက်တာမျိုးမဟုတ်ဘဲ အွန်လိုင်းကနေ အသစ်လျှောက်ထားတဲ့သူတွေကို ထပ်မံခွင့်မပြုတော့တဲ့သဘောလို့ နားလည်ရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ကျင့်သုံးတဲ့ ဒီစနစ်သစ်မှာ အွန်လိုင်းကနေ လျှောက်သူများလွန်းလို့ ဝက်ဘ်ဆိုက်ထဲကို ဝင်လို့မရတဲ့အထိတောင်ကြုံခဲ့ကြရပါတယ်။
အရင်ကလို ရုံးထဲမှာငွေမသွင်းရတော့ဘဲ အွန်လိုင်းမှာလျှောက်ကတည်းက ငွေသွင်းရတာဖြစ်လို့ ငွေသွင်းပြီးမှ ရက်ချိန်းမရတာမျိုး ကြုံခဲ့ရသူအများအပြားရှိခဲ့ပါတယ်။
ငွေပေးသွင်းပြီးမှ ရက်ချိန်းမရရှိခဲ့သူတွေကို ရက်ချိန်းပြန်စစ်ဆေးဖို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တစ်ဦးထက်ပိုပြီး ပူးတွဲလျှောက်ထားခဲ့သူတွေကတော့ လျှောက်တဲ့သူအားလုံးအတွက် ငွေမချေရသေးလို့ ရက်ချိန်းမရသေးတာဖြစ်ပြီး ကျန်နေတဲ့သူတွေအတွက် ငွေချေပြီးတဲ့အခါ ရက်ချိန်းရလိမ့်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဟာ QR code နဲ့ ရက်ချိန်းယူတဲ့စနစ်ကို ၂၀၂၂ ခုနှစ် မတ်လမှာစတင်ကျင့်သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီဇင်ဘာ ၅ ရက်မှာရပ်ဆိုင်းခဲ့ပါတယ်။
၂၀၂၃ ဇန်နဝါရီလဆန်းကစလို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ အခက်ကြုံခဲ့ရပါတယ်။
အွန်လိုင်းစနစ်သစ်ကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာပြန်လည်စတင်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း ပြန်ရပ်လိုက်ပြန်တာပါ။
သေနတ် လိုင်စင်လျှောက်ထားမှုတွေ ရှိနေ
အရပ်သားတွေကို လိုင်စင်နဲ့ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ခွင့်ပြုပေးလိုက်ပြီးတဲ့နောက် မြို့နယ်ရဲစခန်းတွေမှာ လာရောက်လျှောက်ထားမှုတွေ ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်နက်လိုင်စင်လျှောက်ထားချင်သူတွေဟာ ရပ်ကွက်ထောက်ခံစာယူပြီး မြို့နယ်ရဲစခန်းတွေမှာ စတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ရဲစခန်းတွေမှာလည်း လက်နက်လိုင်စင် လာရောက်လျှောက်ထားမှုတွေ ရှိနေတဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
‘’သေနတ်နဲ့ ကျည်ဆံကို ဓာတ်ပုံရိုက်ပြီး သေနတ်နံပါတ် နဲ့ ရဲစခန်းကိုတင်ရုံပဲ။ ကျန်တဲ့လိုအပ်တာသူတို့ဆက်လုပ်ပေးတယ်’’ လို့ နေပြည်တော်က ရဲစခန်းမှာ သွားရောက်လျှောက်ထားသူတစ်ဦးက ပြောပါတယ်။
နိုင်ငံတဝန်းမှာ သေနတ်လိုင်စင်လာရောက်လျှောက်ထားမှုရှိနေတဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြီး လိုင်စင်ထုတ်ပေးနိုင်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ရှိသေးတယ်လို့ ပြောပါတယ်။
လက်နက်ကိုင်ဆောင်ခွင့်အရည်အချင်းပြည့်မီသူတွေကို လိုင်စင်နဲ့ ကိုင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင် ခွင့်ပြုထားပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေအရ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ပြုရင် ပဋိပက္ခတွေကို ပိုပြီးအရှိန်မြှင့်ပေးသလို ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်နေပါတယ်။
ကရင်အဖွဲ့ အစည်းတွေရဲ့တောင်းဆိုချက် KNU တုံ့ပြန်
တရုတ်စီမံကိန်း KNU နှင့်မသက်ဆိုင်ဘူး လို့ပြော
KNU ဗဟိုအလုပ်အမှုဆောင်တွေနုတ်ထွက်ပေးဖို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ်က တရုတ်စီမံကိန်းလုပ်ငန်းအချို့မှာ KNU ခေါင်းဆောင်တွေပါဝင်နေတဲ့အပေါ်ဝေဖန်ထားတဲ့ ကရင် အဖွဲ့ ၇၀ နီးပါးရဲ့ အိတ်ဖွင့်ပေးစာအပေါ် ကရင်အမျိုးသားအစည်းအရုံး - ကေအဲန်ယူရဲ့ သဘောထားပြန်ကြားချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာပါတဲ့ အကြောင်းအရာတွေကို ဖွဲ့စည်းပုံစည်းမျဉ်းတွေအတိုင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ KNU အထွေထွေအတွင်းရေးမှူး စောတာဒိုမူးက ဆိုပါတယ်။
KNU ရဲ့ မူဝါဒ နဲ့ ဆန့်ကျင်ပြီးလုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေရှိနေသလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီးလုပ်ငန်းလုပ်နေတဲ့ ခေါင်းဆောင်တွေအပေါ်မှာလည်း အရေးမယူတဲ့အကြောင်း ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာထည့်သွင်းဖော်ပြထားတာပါ။
KNU အနေနဲ့ အဖွဲ့ဝင်တွေရဲ့ စည်းကမ်းချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်(၂၀)အရ အရေးယူဆောင်ရွက်ရမယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်အနီးက နောက်ထပ်တရုတ်စီမံကိန်းဖြစ်တဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းဖွင့်ပွဲကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စအပေါ် KNU က နောက်ထပ်ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီး ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ပဒိုစောရောဂျာခင်ဟာ အဲဒီအခမ်အနားကို မြေဌားရမ်းစာချုပ်ချုပ်ဆိုပွဲအဖြစ်နားလည်ပြီး တက်ရောက်ခဲ့တာဖြစ်ပြီး ‘’KNU နဲ့ ဟွမ်ယာအုပ်စု (Huanya International Holding Group) အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချပွဲအခမ်းအနား’’ဟု ဆိုင်းဘုတ်တင်ခဲ့လို့ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်ခဲ့တယ်လို့ လို့ KNU က ပြန်လည်ရှင်းလင်းပါတယ်။
KNU ဟာ အဲဒီလိုစီမံကိန်းတွေနဲ့မပတ်သက်သလို တရားမဝင်လောင်းကစားလုပ်ငန်းတွေ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေကို ကရင်ပြည်နယ်ထဲမှာလုပ်တာကို လက်မခံတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြဝတီမြို့တောင်ဘက်၊မော်ထိုတလေးနယ်မြေမှာရှိတဲ့ မြို့သစ်စီမံကိန်းဟာ ဟွမ်ယာအုပ်စု မှာပါတဲ့ ထိုင်းအခြေစိုက် Trans- Asia International Holding Group နဲ့ ကရင်ဒေသခံကုမ္ပဏီ ‘မုလအိ အလင်း’ တို့ ၂၀၂၀ ခုနှစ်မှာ စတင်တဲ့ စီမံကိန်းလို့ KNU ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ‘မုလအိ အလင်း’ နဲ့ Trans အုပ်စုအကြား အငြင်းပွားမှုတွေရှိခဲ့လို့ ၂၀၂၂ ခုနှစ်မှာ ‘မုလအိ အလင်း’ က နုတ်ထွက်သွားပြီး Trust Star Com ကုမ္ပဏီက အစားထိုးဝင်ရောက် လုပ်ကိုင်နေတယ် လို့ KNU ကထုတ်ပြန်ပါတယ်။
အပစ်ရပ်သဘောတူညီချက်တွေကို စစ်ကောင်စီ ချိုးဖောက်နေတယ်လို့ အေအေပြော
အပစ်အခတ်ရပ်စဲထားတဲ့ သုံးလကျော်အတွင်းမှာ နှစ်ဖက်သဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာမှုမရှိဘဲ ချိုးဖောက်နေတယ်လို့ ရခိုင့်တပ်တော်(အေအေ)က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွေထဲ ရခိုင်ပြည်နယ်မှာ ပိတ်ဆို့ထားတဲ့ ကုန်းလမ်းနဲ့ ရေလမ်းတွေပြန်ဖွင့်ပေးရေး၊ ဖြတ်တောက်ခံထားရတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပေးခွင့်ပြုရေး၊ ကုန်စည်စီးဆင်းမှုတွေကို ပြန်ဖွင့်ပေးရေးနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လည်လွှတ်ပေးရေးတို့ပါဝင်တယ်လို့ သိရပါတယ်။
“ဖမ်းဆီးထားတဲ့ အပြစ်မဲ့အရပ်သားတွေကို နှစ်လအတွင်းပြန်လွှတ်ပေးဖို့ သဘောတူညီထားတယ်။ ဒါပေမယ့် လွှတ်မပေးသေးဘူး။ သဘောတူညီချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်။”လို့ ULA/AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
စစ်ပွဲကာလတွေအတွင်း ULA/AA နဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူတွေအရေးကိစ္စဟာ ULA/AA အဖွဲ့ဝင်တွေ မဟုတ်ပေမယ့် ပြန်လည်လွတ်မြောက်လာရေး သူတို့ဘက်ကအပြည့်အဝ တာဝန်ယူသွားမယ်လို့ ဦးခိုင်သုခက ပြောဆိုသွားပါတယ်။
လက်ရှိမှာ ထောင်ဒဏ်ကျခံနေသူတွေလည်း ပြန်မလွတ်သေးသလို အများစုကတော့ အကျဉ်းထောင်တွေထဲကနေ အမှုရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
အမှုအများစုမှာတော့ စစ်ကောင်စီဘက်က တရားလိုနဲ့ သက်သေတွေ ရုံးချိန်းမလာရောက်ကြတဲ့အတွက် အမှုတွေကိုဆက်လက်စစ်ဆေးနိုင်ခြင်းမရှိဘဲ ကြန့်ကြာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထပ်မံအပစ်ခတ်ရပ်စဲထားကြတာဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ နေရပ်စွန့်ခွာခဲ့ကြရတဲ့ စစ်ရှောင်တွေများပြား လာနေပြီး အဲ့ဒီလူတွေရပ်တည်နေနိုင်ရေးအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်သူတွေရဲ့ အခက်အခဲတွေကို ငဲ့ညှာတဲ့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီနဲ့ အေအေတို့အကြား သဘောတူညီချက်ရရှိခဲ့ကြတာဖြစ်ပါတယ်။
အေအေဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတုံ့ပြန်ချက်ကိုမေးဖို့ ဘီဘီစီက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်နေပါတယ်။
မင်းတပ်မှာ လက်နက်ကြီးထိမှန်လို့ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမ်လောင်းကျေးရွာအနီးမှာ ကျရောက်တဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် တစ်မိသားစုတည်းက ကလေးငယ် တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းမှာ မင်းတပ်မြို့အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် အဲဒီမိသားစုသေဆုံးခဲ့တာလို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။
သေဆုံးသူတွေဟာ ကလေးငယ်တစ်ဦး၊ သူ့ရဲ့မိဘနှစ်ပါးနဲ့ စစ်ရှောင်တွေ၊ ဆေးအဖွဲ့တွေကို ကူညီပေးနေတဲ့ ခရီးသွား ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညပိုင်းတုန်းက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့လည်းမြေပြင် ကူညီ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့တွင်း၊ မြို့ပြင် လှုပ်ရှားမှုတွေရှိနေပြီး မင်းတပ်မြို့ပေါ်မှာတော့ စစ်ကောင်စီဘက်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။
မူးယစ်ဆေး ကျပ်ဘီလီယံ နှစ်ထောင်ကျော်ဖိုး မြန်မာမှာ နှစ်နှစ်အတွင်းဖမ်းမိ
ဘိန်း နဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပါအဝင် ကျပ်ဘီလီယံ နှစ်ထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ဖမ်းမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ကြေညာပါတယ်။
နှစ်နှစ်အတွင်း ဖမ်းမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက်က သန်း ၃၆၀ ကျော် ရှိခဲ့ပြီး ဘိန်းဖြူက ကီလို ၃၇၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မှာ ဘိန်း ၂၆၅၄ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄ဝ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး နဲ့ ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ဘီလီယံ ၁၁၀၀ ကျော် ဖိုးကို ဖမ်းမိပြီး ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်က မူးယစ်ဆေး ကျပ်ဘီလီယံ ကိုးရာကျော်ဖိုးဖမ်းမိခဲ့လို့ ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါးတွေ ပိုဖမ်းမိလာတာလည်းဖြစ်ပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးတန်ဖိုးကို အမေရိကန်ဒေါ်လာ နဲ့ တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၉၆၆ သန်းကျော်ဖိုး ဖမ်းမိတယ်လို့ စစ်ကောင်စီကကြေညာပါတယ်။
တဖက်မှာတော့ ဒီလို ဘီလီယံနဲ့ချီပြီး မူးယစ်ဆေးဝါးတွေမကြာခဏ ဖမ်းဆီး ရမိတာတွေ ရှိနေပေမဲ့ အာဏာသိမ်းပြီးနောက် ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာအထိ လူမြင်ကွင်းနေရာတွေထိ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင်သုံးစွဲမှုတွေ ရောင်းဝယ်မှုတွေပိုများလာသလို ထိန်းချုပ်မှုလည်းအားနည်းတယ်လို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးပညာပေးတဲ့ အရပ်ဖက်အဖွဲ့တချို့က အစောပိုင်းကတည်းက ဘီဘီစီကိုပြောထားပါတယ်။
ရောင်းဝယ်ဖောက်ကားမှုတွေ ပိုမိုများပြားလာသလိုကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြားမူးယစ်ဆေးဝါး ပြဿနာကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာတဲ့အပြင် နိုင်ငံရေး အခြေအနေတွေကြောင့် ဆေးဖြတ်စခန်းတွေလည်းအရင်လိုမဖွင့်နိုင်တဲ့အတွက် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ဖို့ခက်ခဲလာနေတယ်လို့ဝေဖန်နေကြတာပါ။
ပုလဲ၊ မြိုင်၊ ဂန့်ဂေါဒေသက စစ်ရှောင်တွေ ဖားကန့် မြေစာပုံပေါ်ကနေ ရွှေ့ပြောင်းပေးရပြန်
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ပုလဲ၊ မြိုင်၊ ဂန့်ဂေါဒေသတွေကနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို ရောက်လာတဲ့ စစ်ရှောင်တွေဟာ ကုမ္ပဏီပိုင်မြေလွတ်ပေါ်မှာ နေထိုင်တယ်လို့ဆိုတာကြောင့် ရွှေ့ပြောင်းပေးရပြန်တယ်လို့ ကာယကံရှင်တွေက ဘီဘီစီကိုပြောပါတယ်။
ရှရောခမှော် ကုမ္ပဏီမြေလွတ်မှာနေထိုင်ကြတဲ့ အိမ်ထောင်စု ၁၅၀ ခန့်ဟာ စစ်ရှောင်ဖို့ ဖားကန့်ကို ရောက်လာပြီး စျေးရောင်း ကျောက်ရှာအလုပ်တွေ လုပ်ကိုင်နေကြတာ ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။
အခုတော့ သူတို့နေထိုင်တဲ့နေရာဟာ ကုမ္ပဏီပိုင်မြေဖြစ်တယ်လို့ ဆိုတာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နောက်ဆုံးထားရွှေ့ပြောင်းပေးကြရတာြဖစ်ပါတယ်။
“ဦးလေးတို့ကတော့ ရွှေ့သွားပြီး ၂၅ရက်နေ့ကတည်းက ကျန်တဲ့သူက ကျန်ခဲ့ကြတယ်။ နေတဲ့သူကတော့ နေခဲ့ကြသေးတယ်။ သူတို့ပြောတဲ့အရေးဆိုတော့ ရိုသေလေးစား ရွှေ့တာပေါ့။ ကိုယ့်က တနယ်ကလေ။ အန္တရာယ်စိုးရိမ်မှုတွေလဲရှိတယ်လေ “ လို့ ရွှေ့ပြောင်းပေးရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရှရော်ခမှော်မှာ နေထိုင်တဲ့ နေရာကနေ ရွှေ့ပြောင်းဖို့ ကုမ္ပဏီဘက်ကနေ တဲတစ်တဲကို ရွှေ့ပြောင်းစရိတ် ၁သိန်းစီပေးတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်အချို့ကတော့ နေရပ်မှာ ဒုက္ခရောက်ခဲ့သလို အခုလို ဖားကန့်မှာ ထပ်မံ ဒုက္ခရောက်တာကြောင့် စိတ်ဒုက္ခ လူဒုက္ခ ဖြစ်ရတယ်လို့ဆိုပါတယ်။
ရှရော်ခ အထက်ဘက်မှာနေထိုင်တဲ့စစ်ရှောင်အိမ်ထောင်စု ၁၅၀ လောက်ဟာ ၂၀၂၂ ခုနှစ်မှာ စတင်နေထိုင်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူနယ်ထဲ ၁ ရက်အတွင်း မိုင်းထိခံရတဲ့ ဒေသခံ ၉ ဦးရှိ
ရှစ်တန်းကျောင်းသား ၁ ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်ထဲ အခုရက်ပိုင်းအတွင်း မိုင်းထိမှန်တဲ့ အရပ်သားဒေသခံ ၉ ဦးအထိ ရှိခဲ့ပြီး အဲဒီအထဲ ကလေးငယ်တွေပါဝင်နေတယ်လို့ နယ်မြေအခြေအနေသတင်းတွေကို ဖော်ပြတဲ့ Infinity Group က သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက သင်ပေါင်းကျင်းရွာအနီး လယ်တောဘက် မှာ နွားကျောင်းနေတဲ့ အသက် ၁၅ နှစ်အရွယ် ၈တန်း ကျောင်းသား ၂ ဦး နဲ့ အသက် ၁၀ နှစ် အရွယ် ၄ တန်းကျောင်းသား ကလေးငယ် ၁ ဦးတို့ မိုင်းထိခဲ့တာဖြစ်ပါတယ်။
ရှစ်တန်းကျောင်းသား မောင်ဖြိုးဝေအောင်က မိုင်းထိတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူ လေးတန်းကျောင်းသား အသက် ၁၀ နှစ်အရွယ် မောင်တုတ်ပေါကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ တစ်ရက်ထဲမှာပဲ ကာဘိုးစံပြရွာကနေ ညောင်ဇင်ရွာလမ်းကို သွားတဲ့ ဈေးသည်လင်မယား နဲ့ သင်ပေါင်းကျင်းရွာက ကလေးငယ် ၃ ဦးတို့ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘယ်အဖွဲ့ရဲ့ မိုင်းကြောင့် ဒေသခံတွေထိမှန်ကြတယ်ဆိုတာကို တိတိကျကျသိရတာမရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း မိုင်းကြောင့် ဒေသခံတစ်ဦး နဲ့ နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိထားတာပါ။
ဒေသခံအချို့ကတော့ ညောင်ဇင်ရွာနဲ့ သင်ပေါင်းကျင်းရွာတို့က အရပ်အခေါ် ပျူစောထီးအားကောင်းတဲ့ရွာဖြစ်လို့ ဒေသကာကွယ်ရေးတပ်တွေမလာအောင် မိုင်းထောင်ထားကြတာလို့ ကန့်ဘလူဒေသခံအချို့ ကပြောနေနေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စလစ် စထုတ်ပေး
စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေကို စလစ် စထုတ်ပေး
အွန်လိုင်းစနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ စလစ်စထုတ်ပေးနေပြီလို့ သွားရောက်ထုတ်ယူသူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တဲ့ အွန်လိုင်းစနစ်သစ်နဲ့ လျှောက်ထားသူတွေကို ဒီကနေ့မှာ စတင်ရက်ချိန်းပေးတာဖြစ်ပြီး ရုံးရှေ့မှာ တန်းစီနေသူများတဲ့အကြောင်း သွားရောက်ထုတ်ယူသူတစ်ဦးကပြောပါတယ်။
ဒါပေမဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လျှောက်ထားသူများလွန်းတဲ့အတွက် ဝက်ဘ်ဆိုက်ကို ဝင်မရဖြစ်နေတယ်လို့ လျှောက်ထားသူတွေက ပြောပါတယ်။
‘’တစ်ခုကောင်းတာက အခုရုံးရှေ့မှာ အမြန်လုပ်ပေးမယ်ဆိုတာတွေ လာလုပ်လို့မရတော့ဘူး။ ရက်ချိန်းပေးတဲ့နေ့မှ လာတန်းစီတာဖြစ်သွားပြီလေ။ မကောင်းတာကတော့ လိုင်းက အရမ်းကြပ်လို့ ဝက်ဘ်ဆိုက်ကို ဝင်မရဖြစ်တာပဲ’’ လို့ နိုင်ငံကူးလက်မှတ်စလစ် သွားရောက်ထုတ်ယူသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အွန်လိုင်းစနစ်သစ်အရ အရင်ကလို ရုံးထဲမှာငွေမသွင်းရတော့ဘဲ အွန်လိုင်းမှာလျှောက်ကတည်းက ငွေသွင်းပြီးမှသာ ရက်ချိန်းပေးတာဖြစ်ပါတယ်။
တခြားမြို့ကြီးတွေမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကတော့ အရင်အတိုင်း လူကိုယ်တိုင်သွားရောက်လျှောက်ထားရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ခွင့်ပြုပြီးသားသူတွေကိုလည်း ဒီကနေ့မှာ စာအုပ်တွေထုတ်ပေးနေပြီလို့ သိရပါတယ်။