ပန်းဘဲတန်း၂၆ လမ်းလုယက်မှု ဆိုင်ရှင်မိတ်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်

ရေးသားခဲ့သည်။

နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်မှာရှိတဲ့ မြန်မာ့သစ္စာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ လူသုံးဦးက ဆိုင်ရှင်နှစ်ဦးကို ဓားနဲ့ထိုးပြီး လုယက်မှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဖြစ်စဥ်ဖြစ်ပွားမှု၊ လက်ရှိ ဆိုင်ပိုင်ရှင်တွေရဲ့အခြေအနေတွေကို သိရှိထားတဲ့ ဆိုင်ပိုင်ရှင် နှစ်ဦးရဲ့မိတ်ဆွေတစ်ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ-အခင်းဖြစ်စဥ်ကို ဘယ်လိုစသိတာပါလဲ။

မိတ်ဆွေ-မနေ့က ကျွန်တော်က အိမ်မှာရှိနေတုန်း လိုင်းပေါ်ကနေ စီစီတီဗီတက်လာတာ တွေ့တော့မှ သိရတယ်။ စီစီတီဗီကိုကြည့်လိုက်ချိန်မှာ အရမ်းလန့်သွားတယ်။ မကြာဘူး ဖုန်းတွေဝင်လာတယ်။ ကျွန်တော့်မိတ်ဆွေ ကိုမောင်မောင်ထွန်း ဒီလိုဖြစ်တယ်ပေါ့။ ဆေးရုံရောက်သွားပြီဆိုတာသိရတယ်။ အဲဒါနဲ့ ကျွန်တော် လမ်းထဲမှာစောင့်နေပြီး ကျွန်တော်တို့ ထောင်ထားတဲ့အသင်းကားနဲ့ ကိုမောင်မောင် ထွန်းနဲ့ ကိုမြင့်ကြည်တို့ကို ည ၁၀ နာရီခွဲလောက်မှာ ၂၇ လမ်းကိုပြန်ခေါ်လာတာတွေ့ရတယ်။ ကိုမောင်မောင်ထွန်းက ဒဏ်ရာအရမ်းကြီးတယ်။ ပေါင်နှစ်ဖက်လုံးမှာ ဓားဒဏ်ရာက ရှစ်ချက်လောက်ရှိတယ်။ သူအထိအနာဆုံးပဲ။ အရမ်းနာနေပြီး လမ်းလည်းမလျှောက်နိုင်တော့ ကျွန်တော်တို့ လူတွေနဲ့ ထမ်းတင်ရတာပေ့ါ။ လူနာထမ်းစင်နဲ့ တင်ရတာပေ့ါ။ နောက်တစ်ယောက်ဖြစ်တဲ့ ကိုမြင့်ကြည်ကတော့ ဓားကို သူက တစ်ချိန်လုံးလုထားလိုက်တော့သူ့ကိုတအားကြီးမထိဘူး။ အခုတော့ နှစ်ဦးလုံး အိမ်မှာပဲရှိပါတယ်။

 

ဘီဘီစီ-လုယက်မှုမှာ ပါသွားတဲ့ပစ္စည်းတွေကရောဘာတွေပါလဲ။

မိတ်ဆွေ-သူ့ကိုဆေးရုံကနေ အိမ်ပေါ်အတင်မှာ ခဏလေးစကားပြောလိုက်ရတယ်။ အဲဒီမှာကိုမောင်မောင်ထွန်းတို့ ဖုန်းတွေပေါ့ အိုင်ဖုန်း ၃ လုံး။ တိုယိုတာ အလီဆန်ကားတစ်စီးနဲ့ နောက်ပိုက်ဆံက ကိုမောင်မောင်ထွန်းက ဆိုင်မှာထားတာ သိန်း ၅၀၀ ဝန်းကျင်ရှိတယ်လို့ပြောပါတယ်။ အခု သူဆိုင်ခန်းကိုပြန်မဆင်းနိုင်သေးတော့ ပိုက်ဆံဘယ်လောက်ပါသွားတယ်ဘာညာတော့ အတိအကျ သူလည်းမစစ်ရသေးတော့ မပြောနိုင်သေးပါဘူး။ ကားပုံလည်း ကျွန်တော်တင်ထားပါတယ်။

တရားခံတွေကို အမြန်ဆုံးမိစေချင်တယ်ဗျာ။ ရက်ရက်စက်စက်လုပ်သွားတာပါ။ ကိုမောင်မောင်ထွန်းက အရမ်းအေးတယ်။ ပရဟိတတွေလည်း အရမ်းလုပ်ပြီးလူမျိုးဘာသာမရွေး လှူဒါန်းတဲ့သူပါ။ ကိုမြင့်ကြည်ကတော့ တူနဲ့တစ်ကိုယ်လုံးရိုက်ထားသလိုပဲတဲ့၊ အရမ်းနာတယ်လို့ သူနဲ့ညက ပြောဖြစ်တယ်။

 

 

ဘီဘီစီ-အခုဖြစ်စဥ်နဲ့ပတ်သက်လို့ လိုင်းပေါ်မှာပျံ့နှံ့နေတဲ့စီစီတီဗီမှတ်တမ်းအပြင် ထပ်မံသိရှိထားတဲ့အချက်အလက်များရှိပါသလား။

 

မိတ်ဆွေ-တကယ်က သေချာကိုစောင့်ကြည့်ပြီးမှ လုပ်သွားတာကို ကျွန်တော်တို့ယူဆပါတယ်။ ၆ နာရီခွဲနဲ့ ၇ နာရီကြားမှာ ကုန်သည်လမ်း (၂၆ လမ်းအောက်ဘလောက်နဲ့ ကုန်သည်လမ်းအနီးတစ်ဝိုက်) လူပြတ်တယ်။ ကိုမောင်မောင်ထွန်းက ၆ နာရီခွဲမှာ ဆိုင်ပိတ်ခါနီးဖြစ်တော့ ဝန်ထမ်းတွေပြန်ပြီ။ သူတို့ ၂  ယောက်ပဲရှိနေကျ။ အဲဒီမှာ ပထမဆုံးတစ်ယောက်က ဝင်လာပြီး ကိုမောင်မောင်ထွန်းကို အရင်ဝင်လုံး တယ်။ နောက် ဒုတိယတစ်ယောက်က ကိုမြင့်ကြည်ကို လုံးတယ်။ နောက်ဆုံး ဝင်လာတဲ့ တစ်ယောက် က တိုက်က အန်းတိတ်တိုက် (ရှေးဟောင်းတိုက်) ဆိုတော့ အထဲက သစ်သားတံခါးကို ဂျက်ထိုးပိတ် လိုက်ပြီး လုပ်သွားတာ။

 

ဘီဘီစီ-ဂျက်ထိုးပြီးလုပ်သွားတယ်ဆိုတာက ဘယ်လိုသိရတာပါလဲ။ အွန်လိုင်းမှာပျံ့နှံ့နေတဲ့စီစီတီဗီမှာလည်းမပါတော့လေ။

မိတ်ဆွေ-ကျွန်တော်တို့မှာ ရှိတဲ့ စီစီတီဗီနောက်ထပ်မှတ်တမ်းတစ်ခုမှာ မြင်ရတာပါ။ ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားထားပြီးဖြစ်တယ်။ စစ်ဆေးမှုတွေလည်း ပြုလုပ်ထားပါတယ်။

 

ဘီဘီစီ-အခုဆိုင်ကရော ဘယ်လိုအခြေအနေရှိပါသလဲ။

မိတ်ဆွေ-ဆိုင်ကတော့လုံးဝမပိတ်ပါဘူး။ ဆက်ဖွင့်ထားပါတယ်။ ဝန်ထမ်းတွေရှိပါတယ်။ ဒီဆိုင်က ဟိုးအရင်မဆလလက်ထက်တည်းက ကိုမောင်မောင်ထွန်းတို့မိသားစုအစဥ်အဆက် ဖွင့်လာခဲ့တဲ့ဆိုင်ပါ။ ဆိုင်က မြေညီထပ်မှာ ဖွင့်ထားတာပါ။ တစ်တိုက်လုံး ကိုမောင်မောင်ထွန်းတို့မိသားစုပိုင်တာပါ။