နိုဝင်ဘာ ၃၀ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- ရေပိုင်နက်ထဲဝင်လာတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာ‌ရေတပ်ပစ်ခတ်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

မြန်မာ့ရေပိုင်နက်ထဲ ရောက်လာတဲ့ ထိုင်းငါးဖမ်းစက်လှေ လေးစီးကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းအောက်ဘက်၊ သံကျွန်းအနီးမှာ နိုဝင်ဘာ ၂၉ ရက် ည သန်းခေါင်ယံဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ဒီပစ်ခတ်မှုကို ထိုင်းရေကြောင်းအာဏာပိုင်ကွပ်ကဲရေးရုံးကလည်းအတည်ပြုပြီး စက်လှေပေါ်က လူ ၃၁ ယောက်ကို မြန်မာဘက်က ဖမ်းဆီးထားပြီး နှစ်ရက်ကြာမှ ပြန်လွှတ်ပေးလိမ့်မယ်လို့ သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဖမ်းထားတဲ့ ၃၁ ယောက်ထဲ ထိုင်းနိုင်ငံသား လေးဦးပဲပါပြီး ကျန်တာ မြန်မာတွေလို့ ထိုင်းရေကြောင်းအာဏာပိုင်ကွပ်ကဲရေးရုံးက သိရပါတယ်။

ထိုင်းငါးဖမ်းစက်လှေနှစ်စင်းဖြစ်တဲ့ ရနောင်း ၃၃၃ နဲ့ ချာရွန်ချိုင် ၈ တို့ကို မြန်မာရေပိုင်နက်ထဲ ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းကင်းလှည့်ရေယာဉ် တီ ၂၇၄ ဟာ အကူအညီပေးဖို့အတွက် အခင်းဖြစ်ပွားရာနေရာကိုရောက်သွားခဲ့တယ်လို့ ထိုင်းရေကြောင်းအာဏာပိုင်ကွပ်ကဲရေးရုံးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ရနောင်းကို ပို့ဆောင်ပေးခဲ့ပြီး ဆိပ်ကမ်းကို ဒေသဆိုင်ရာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှာ ရောက်ရှိခဲ့တယ် လို့ သိရပါတယ်။

ထိုင်းရေကြောင်းအာဏာပိုင်ဗဟိုကွပ်ကဲရေးဌာနနဲ့ ရနောင်းခရိုင်ရဲတပ်ဖွဲ့တို့ဟာ ဒဏ်ရာရရှိသူတွေကို ကုသပေးနိုင်ဖို့အတွက် ရနောင်းဆေးရုံကိုပို့ခဲ့ပြီး ရနောင်းဆွန်ခရိုဖောင်ဒေးရှင်းကလည်း ပူးပေါင်းခဲ့ပါတယ်။

ရနောင်း ၃၃၃ က ငါးဖမ်းသမားတွေဟာ သေနတ်နဲ့ပစ်ခတ်ချိန်မှာ စက်လှေပေါ်က ခုန်ချခဲ့လို့ တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ဘယ်သူလဲဆိုတာ မသိရသေးဘဲ ရနောင်းကို ရုပ်အလောင်းပို့ဆောင်ထားပါတယ်။

“ထိုင်းငါးဖမ်းလှေထဲမှာပါတဲ့ မြန်မာ‌အလုပ်သမားတွေ ရေထဲခုန်ချထွက်ပြေးကြလို့ သေလားရှင်လားမသိရသေး၊ လှေလေးစီးမှာ နှစ်စီးအဖမ်းခံရပြီး နှစ်စီးလွတ်သွားတယ်။ ကော့သောင်းမြို့တွင်းရော၊ မြို့ပြင်ရောပါ လုံခြုံရေးတွေ အရင်ကထက်ပိုပြီး တင်းကျပ်ထားတယ်”လို့ ကော့သောင်းဒေသခံတစ်ယောက် က ပြောပါတယ်။

မြန်မာစစ်တပ်က ဖမ်းဆီးရမိတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို ကော့သောင်းမြို့ကို ဆွဲယူသွားပြီး လွတ်မြောက်သွားတဲ့ ငါးဖမ်းစက်လှေနှစ်စီးကတော့ ရနောင်းဘက်ကို ရောက်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အမ်းက စစ်ဘေးရှောင်တွေထဲ စစ်ပြေးမပါအောင် တင်းကျပ်

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေထဲမှာ စစ်တပ်ထဲက ထွက်ပြေးလာသူတွေ မပါအောင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသတွင်း အခြေအနေ သိရှိသူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် အမ်းဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ မြို့လည်းဖြစ်ပါတယ်။

အမ်းမြို့ကနေ မကွေးတိုင်း ပဒါန်းဘက်ကို ဦးတည်ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ အမ်း-ပဒါန်း လမ်းပေါ်က ပိန်းရေစမ်းနဲ့ ကံမြင်းကန်စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကြရပါတယ်။ အဲဒီဂိတ်တွေမှာ စစ်ဘေးရှောင် အမျိုးသားတွေကို မှတ်ပုံတင်တွေကို စစ်ဆေးပြီး တချို့ကို ထွက်ခွာခွင့် မပေးဘူးလို့လည်း အမ်းမြို့ခံတစ်ယောက်က ပြောပါတယ်။

“သူတို့မှာစာရင်းရှိထားတယ်၊ မှတ်ပုံတင်နဲ့ တိုက်စစ်တယ်၊ ဓာတ်ပုံတွေနဲ့ လူနဲ့ကို တိုက်ပြီးစစ်တယ်။ စစ်မှုထမ်းမှာ ပါလာတဲ့သူတွေ စစ်ဘေးရှောင်တွေနဲ့ ရောပြီး ထွက်ပြေးလာမှာကို စစ်တာ။ အမျိုးသား အများစုကို ဖမ်းထားတာတော့လည်း မဟုတ်ဘူး။ ထွက်သွားခွင့်လည်း မပေးဘူး” လို့ သူက ပြောပါတယ်။

ပိန်းရေစမ်းဂိတ်နဲ့ ကံမြင်းကန်ဂိတ်တွေမှာ ထွက်ခွာခွင့်မရတဲ့ စစ်ဘေးရှောင်တွေ အယောက် ၄၀၀ ကျော် ရှိနေတယ်လို့လည်း ဒေသတွင်းအခြေအနေတွေကို သိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးတွေ၊ လူမမာတွေ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေကိုတော့ အရင်သွားခွင့်ပေးပေမဲ့ ပဒါန်းရဲစခန်းမှာ ထပ်စစ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အာရက္ခတပ်တော်ဆီ လက်နက်ချတာရှိသလို၊ ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ AA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

မြန်မာသုံးဦးသေဆုံးတဲ့ မဟာချိုင်တံတားပြိုကျမှု ဘတ် ၁ သန်းစီ နစ်နာကြေးပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးပြော

စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့မှာ နိုဝင်ဘာ ၂၉ ရက်က ဆောက်လက်စတံတား ပြိုကျမှုမှာ သေဆုံးသွားသူ လေးဦးအတွက် ဘတ် ၁ သန်းစီ နစ်နာကြေးပေးရမယ်လို့ ခရိုင်အုပ်ချုပ်‌ရေးမှူးက ကုမ္ပဏီကို ပြောလိုက်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ခွန်နပ်ရစ် နိရာမိုင်ဝန်က မတော်တဆမှုမှာ သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရတဲ့ အလုပ်သမားတွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။

တံတားပြိုကျလို့ သေဆုံးသူ ၄ ယောက်ထဲမှာ မြန်မာအလုပ်သမား ၃ ယောက်နဲ့ ထိုင်းတစ်ယောက် ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ အလုပ်သမား ၁၀ ယောက်မှာလည်း မြန်မာနိုင်ငံသား ၂ ယောက် ပါပါတယ်။

လုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့လည်း အလုပ်သမားတွေဆီကနေ သိရပါတယ်။

“မြန်မာသံရုံးနဲ့ အခုဖြစ်တဲ့နေရာက နာရီဝက်လောက် ကားမောင်းရင်ရောက်လာနိုင်ပေမဲ့ မလာကြသေးဘူး။ အခုရမယ့် နစ်နာကြေး ဘတ် ၁ သန်းက လူမှုဖူလုံရေးကနေ မဟုတ်ဘဲ ကုမ္ပဏီကနေ သီးသန့်ပေးခိုင်းတာမျိုး၊ ဒဏ်ရာရသူတွေအတွက်ကတော့ သူတို့ဒဏ်ရာရတဲ့အလိုက် ဆေးကုပြီးမှ သိရမယ်”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

မတော်တဆမှုမှာ မြန်မာအလုပ်သမားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို မေးမြန်းဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

တံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှာ အလုပ်ဝင်နေတဲ့ အလုပ်သမားတွေကို သင်တန်းမပေးဘဲ ခိုင်းစေတာတွေ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးကို ဦးစားမပေးတာတွေကို စစ်ဆေးသွားမှာဖြစ်ပြီး လုပ်ငန်းခွင်ကိုလည်း ရပ်ဆိုင်းဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အင်းစိန်ထောင်က နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင် ထောင်ပြောင်းရွှေ့

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသား စုစုပေါင်း ၅၀၀ ဝန်းကျင်ကို သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် စနေနေ့ မနက်အစောပိုင်းမှာ အကျဉ်းဦးစီးက ပြောင်းရွှေ့လိုက်တာလို့ သူက ပြောပါတယ်။

ပြောင်းရွှေ့ခံရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်ဆိုတာ သိရပေမဲ့ ဘယ်နှယောက် ပါတယ်ဆိုတာ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

“ဧည့်တွေ့ကို လက်မခံတဲ့နေ့ကို ရွေးပို့တဲ့သဘောခင်ဗျ။ မိသားစုဝင်တွေရော ပြည်သူတွေရော မသိအောင်ပြောင်း‌ေရွှ့တဲ့သဘောပါ။အခုလို သတင်းထုတ်ပြန်မှာကို မလိုလားတဲ့အတွက် ပြည်သူတွေ၊မိသားစုတွေ ထောင်ဝင်စာ မရှိတဲ့ရက်၊ ရုံးပိတ်ရက် ကို ပြောင်းတယ်လို့ပြောလို့ရပါတယ်”လို့ သူက ပြောပါတယ်။

သာယာဝတီ အကျဉ်းထောင်မှာလည်း သတ်မှတ်ဦးရေထက် ကျော်လွန်နေတာကို ထပ်ပြီး အကျဉ်းသားတွေကို ပို့တာဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သတိထားရမယ့် အခြေအနေဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးကို ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း

ရှမ်း၊ မွန်၊ ပဲခူးနဲ့ တနင်္သာရီ တိုင်းတွေမှာသင်တန်းပေးနေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅) ကို နိုဝင်ဘာ ၂၉ ရက်မှာ သင်တန်းဆင်းပွဲလုပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က စခဲ့တဲ့ သင်တန်းမှာ မိုင်းကျွမ်းကျင် ၊ တပ်စိတ်တိုက်နည်း၊ ချေမှုန်းရေး စတာတွေ ကို သင်ကြားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲတွေပါ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေအရ ရှမ်း၊ မွန်၊ ပဲခူးနဲ့ တနင်္သာရီ တိုင်းတွေမှာ သင်တန်းဆင်းတာကို တွေ့ရပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာဆိုရင် စစ်မှုထမ်းဥပဒေကို မဖြစ်မနေ လိုက်ပါရမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့တွေက ကျေးရွာတွေကို လိုက်လံခေါ်ယူနေတာကြောင့် လူငယ်တွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာဘက်တွေကို ပိုခေါ်တယ်၊ စစ်မှုထမ်း မပါသေးပေမဲ့လည်း ည ၇ နာရီဆို လူငယ်တွေ အပြင်မထွက်ရဲကြတော့ဘူး။ အရင်အစပိုင်း စစ်မှုထမ်းခေါ်တုန်းကလည်း အစည်းအဝေးခေါ်ပြီး မပါစေချင်ရင် ငွေဘယ်လောက်ပေးရမယ်ဆိုပြီး ထည့်ခိုင်းတာတွေရှိတယ်”လို့ သထုံမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ယူခံရတာတွေ၊ ငွေကြေးတစ်စုံတရာပေးပြီး လူအစားထိုး ရှာပေးရတာတွေ အပါအဝင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ အကျပ်အတည်းဖြစ်ကြရတာကိုလည်း ဘီဘီစီကို လာရောက် ပြောဆိုကြတာတွေ ရှိပါတယ်။

စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ စခမ်းသိန်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာဆိုရင်လည်း စစ်မှုထမ်းဥပဒေနဲ့ ပါလာကြသူတွေများတယ်လို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောကြပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်ခဲ့တဲ့ကာလအတွင်း ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်မှာ စစ်ကောင်စီရဲ့ ပထမဆုံး အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လုပ်ခဲ့ပါတယ်။