ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးရသတင်းများ
ဒီပဲယင်းနယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်လာ
စစ်ကြောင်းဆက်တိုက်ထိုးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ဦးရေ တစ်သောင်းခွဲလောက်ဟာ စားနပ်ရိက္ခာပြတ်လပ်တဲ့အခက်ခဲတွေနဲ့ ကြုံနေရပြီး အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ကနေ သိရပါတယ်။
လက်ရှိအချိန်မှာ မူးမြစ်အနောက်ဘက် ရုံသာရွာမှာ စစ်ကြောင်းတစ်ကြောင်း၊ မူးမြစ်ကမ်း အရှေ့ဘက် မအူပင်အနောက်ရွာမှာ စစ်ကြောင်းတစ်ကြောင်း စစ်ကောင်စီ က တပ်စွဲနေတာကြောင့် ပတ်ဝန်းကျင်ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
“စားနပ်ရိက္ခာဆို ဆန်၊ ဆီ၊ ဟင်းချက်စရာတွေ လိုနေတာပါ။ စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ ရွာတွေမှာလည်း ကုန်နေပြီ၊ ကျနော်တို့ စုဆောင်းထားတာတွေလည်း ပြတ်တောက်ပြီဆိုတော့ အရေးပေါ်လိုအပ်နေပါတယ်။ သူတို့တွေကို စာနာတယ်၊ သူတို့အတွက် ခံစားကြရတယ်ဆိုတာ သူတို့ တကယ်ခံစားနေရတာရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိပါတယ်။ အခု လှည်းအောက်မှာ တဲထိုးနေရတဲ့ ဘဝတွေကို ရောက်နေကြရတာပါ”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းတွေက လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော၊ မရကန်၊ အုန်းတပင်၊ မြင်းတန့်ကျေး၊ ဒိုင်နတ်၊ ယဉ်ကျေးစတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၁၄ ရွာလောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အိန္ဒိယ - မြန်မာနယ်စပ် မိုရေးမြို့မှာ မြန်မာစစ်ရှောင် အယောက် ၈၀ဖမ်းခံထားရ
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ ရဲနဲ့ အထူးကွန်မန်ဒို ပူးပေါင်းအဖွဲ့တွေက တရားဝင်စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား စစ်ရှောင် အယောက် ၈၀ ကို ဖမ်းဆီးခဲ့တယ်လို့ The Time of India သတင်းဌာနက ဖော်ပြပါတယ်။
အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မဏိပူရနယ်စပ်တစ်လျှောက်မှာ ရွာသစ်တစ်ခုတည်ဖို့ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲခံထားရတယ်လို့ သတင်းစာက ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသူ ၉ ယောက်နဲ့ အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အို ၂ ယောက်ပါဝင်ပြီး သူတို့ကို မဏိပူရ်ဗဟိုထောင်မှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
မိုးရေးမြို့နယ်အတွင်းက လန်းကျမ်းရွာနဲ့ ဆာလ်ဘွန် ကျေးရွာနှစ်ရွာကြား နယ်မြေပြဿနာကြောင့် အိန္ဒိယအစိုးရဘက်က ကွင်းဆင်းစစ်ဆေးတာကနေ စစ်ဘေးရှောင်တွေကို တွေ့ရှိပြီး အမျိုးသားတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
“အခု ကျနော်တို့တွေလည်း အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲဘူး။ တချို့ကလည်း တောထဲကို ဝင်ပုန်းနေကြရတယ်”လို့ မိုးရေးမြို့နယ် ကျေးရွာတစ်ခုမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
မြန်မာပြည် စစ်ဘေးတွေကြောင့် ထွက်ပြေးပြီး မဏိပူရ်တစ်လျှောက်မှာ ပုန်းခိုနိုင်တဲ့ ကျေးရွာ ၆ ရွာကိုလည်း အဲ့ဒီစစ်ဘေးရှောင်တွေ စဖမ်းခံရတဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဒီနေ့အထိ ပူးပေါင်းအဖွဲ့တွေက ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက စစ်ကြောင်းထိုးခံရပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာက စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်လောက်ဟာ အိန္ဒိယပြည်နယ် မဏိပူရ်ပြည်နယ်ဘက်မှာ ခိုလှုံနေကြရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။
ကသာမြို့က လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ကလေး ရဲ့ မိခင် စိတ်ကျန်းမာရေးထိခိုက်တဲ့အထိဖြစ်နေ
စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာထဲကို ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး သေဆုံးသလို အစ်ကိုဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် မှာတော့ သေဆုံးခဲ့တဲ့ ကလေးမိခင်ဟာ စိတ်ကျန်းမာရေးထိခိုက်တဲ့ အခြေအနေအထိဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
'' အဲ့နေ့က လက်နက်ကြီးတွေပစ်နေတာ ၇ လုံး၊ ၈ လုံးလောက်ရှိတယ်။ နောက်ဆုံးအလုံးက ကျောင်းဘေးနားက အိမ်ကိုသွားကျတာ။ လက်နက်ကြီးသံတွေကြားလို့ အမေဖြစ်သူက ကလေး ၂ ယောက်ကို အပြင်မထွက်ခိုင်းဘဲ အိမ်ထဲမှာပဲ နေခိုင်းတာ၊ မောင်နှမနှစ်ယောက် ဖုန်းကြည့်နေတုန်း လက်နက်ကြီးကျည်ံက ကောင်မလေးခေါင်းကိုထိပြီး နေရာမှာတင်ဆုံးတယ်၊ ကောင်လေးက ဒဏ်ရာရတယ်။ အမေဖြစ်သူက သူ့မျက်စိရှေ့မှာတင် ကလေးသေသွားတာတွေ့တော့ ငါ့သမီးလေး သေသွားပြီ၊ ငါ့သမီးလေး သေသွားပြီဆိုပြီး ရွာထဲ လှည့်အော်နေတာ၊ ဒီနေ့အထိလည်း သူ့ကို ဆေးကုနေရတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ကသာမြို့ အောင်မြေသာစည်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်ထုံးကြီးကျေးရွာဝန်းကျင်ကို ပစ်ခတ်ခဲ့တာကနေ အခုလို လက်နက်ကြီးကျည်ဆထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီနေ့မှာတော့ ပစ်ခတ်သံတွေမရှိဘဲ ငြိမ်သက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှ နဲ့ ခင်ဦးမြို့နယ်ထဲ က ရွာအချို့ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ စစ်ကောင်စီတပ်အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကြောင်း ကဝင်ရောက် မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှာသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်မှာ ကျွန်းလှမြို့နယ် ကံပေါက်ရွာကို စစ်ကြောင်းထိုးခဲ့သလို ညနေပိုင်းမှာ ချောင်းကြားရွာကို ပစ်ခတ်ဝင်ရောက်ပြီး ညအိပ်တပ်စွဲခဲ့ပြီးနောက် ဒီနေ့မနက် ၈ နာရီလောက်မှာ မီးစရှို့တာလို့ ဆိုပါတယ်။
အခုအကြိမ်က ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၂၃ လုံး၊ စပါးကျီ ၁၃ လုံးမီးလောင်ကျွမ်းခဲ့ရတယ်လို့ ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကျွန်းလှမြို့နယ် ကံပေါက်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကနေ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေကို လှည့်လည်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
လက်ရှိအချိန်မှာ ချောင်းကြားရွာကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကျွန်းလှမြို့နယ် တောင်ယာဆိပ်ရွာဘက်၊ ကျွန်းလှနဲ့ ကန့်ဘလူနယ်စပ်ကို စစ်ကြောင်းထိုးနေတာကြောင့် အဲဒီတဝိုက် အနည်းဆုံး ရွာပေါင်း ၁၂ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေတဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများကနေ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းနယ်ထဲ ခင်ဦးမြို့နယ် အနောက်တောင်ဘက်ခြမ်း၊ ရေဦး- ညောင်ပင်သာကားလမ်းဘေးက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ရွာသစ်ကျေးရွာကိုလည်း အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက မနေ့ ဇန်နဝါရီ ၂၈ ရက် စစ်ကြောင်းထိုးခဲ့တယ်လို့ ပြောပါတယ်။
ရွာသစ်ကျေးရွာထဲက နေအိမ် ၆ လုံးနဲ့ ဈေးသည်တွေ၊ စစ်ဘေးရှောင်တွေ ကူးသန်းသွားလာနေတဲ့ မူးမြစ်ကူးတံတားငယ်ကို ဒုတိယအကြိမ် မီးရှို့သွားတာကြောင့် နွားတစ်ကောင်သေဆုံးပြီး အကောင် ၂၀ ခန့် မီးလောင်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၆၀ က နေအိမ်ပေါင်း ၂၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး ပြည်သူ တစ်သောင်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ကျွန်းလှ နဲ့ ခင်ဦးမြို့နယ်ထဲ က ရွာအချို့ မီးရှို့ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အာဏာသိမ်း ၂နှစ်နီးပါး ကာလအတွင်း NLD ပါတီကိုယ်စားလှယ် ၂ ယောက်နဲ့ ပါတီဝင် ၈၄ ယောက် အသတ်ခံရ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၂နှစ်နီးပါးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်၊ ပါတီဝင် ၈၄ ယောက် အပါအဝင် ၃၃၄၆ ယောက်ဟာ ဖမ်းဆီးခံရချိန်အတွင်း အကြောင်းမဲ့ အသတ်ခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအချက်လက်တွေဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့ (NLD-HRDT) က ရရှိထားတဲ့စာရင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
NLD – HRTD ကရရှိထားတဲ့ စာရင်းတွေထဲမှာ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရတဲ့ ပြည်သူတွေရဲ့နေအိမ် အဆောက်အဦပေါင်း ၃၆၀၀၀ နီးပါး၊ စစ်အာဏာသိမ်းတာကို လက်မခံလို့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၆၇၀ ယောက်ထဲက လွတ်မြောက်ဖို့ ကျန်နေသူ ၉၈၁၂ ယောက်၊ လက်ရှိဖမ်းဆီးခံထားရသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ် အယောက် ၈၀ အပါအဝင် ပါတီဝင် ၁၂၃၀ ကျော် ရှိနေတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် နေအိမ်တွေကို ချိတ်ပိတ်ခံရသူ ၆၀၅ ယောက်ထဲမှာ လွှတ်တေ်ကိုယ်စားလှယ် ၂၀၆ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်သလို ပါတီဝင် ၃၇၁ ယောက်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါဝင်တယ်လို့လည်း သိရပါတယ်။
NLDပါတီရုံးချုပ်အပါအဝင် ပါတီရုံးတွေကို ကျူးကျော်ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေ အဓမ္မယူဆောင်တာ အကြိမ်ပေါင်း ၁၂၀ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်မှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်တာမှာ အားပေးကူညီသူတွေအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ဒီနေ့မှာ NLD ပါတီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာမှာလူ့အခွင့်အရေးချိုးဖောက်ခံရမှု ကုလမဟာမင်းကြီးရှုတ်ချ
မြန်မာပြည်သူတွေ နေ့စဥ်ကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ သတ်ဖြတ်ခံရမှုတွေကနေ လွတ်မြောက်ဖို့ အတွက် နည်းလမ်းရှာဖို့လိုအပ်နေ ပြီး ဒါကို တကမ္ဘာလုံးက အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အချိန်ကျနေပြီလို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည် အကျပ်အတည်းက ပိုမိုဆိုးရွားခဲ့ပြီး လူ့အခွင့်အရေးတွေဆုတ်ယုတ်ကျဆင်းသွားခဲ့ရတယ်လို့လည်းဆိုပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ချက်ပါ အဓိက အချက် ၂ချက်ဖြစ်တဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဝင်ရောက်ခွင့်ပြုဖို့ဆိုတဲ့ လိုက်လျောမှုမရှိတာက အကျပ်အတည်းကိုပိုဆိုးစေတဲ့သဘော လည်းသူကပြောထားပါတယ်။
ဒါ့အပြင် အရပ်သား ပြည်သူတွေကိုကာကွယ်ဖို့ တာဝန်ရှိပေမဲ့ စစ်တပ်က အဲဒါကို လစ်လျူရှုနေသလို နိုင်ငံတကာ ဥပဒေတွေကို လိုက်နာတာမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
“ ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ သော့ချက် ကတော့ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေကို ပြန်ပေးဖို့ပါပဲ။ဒါကို လုပ်ဖို့က မြန်မာစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ပဲ ''လို့ မစ္စတာ Türk က ပြောပါတယ်။
“အရပ်သားတွေ နေ့စဉ် တိုက်ခိုက်ခံနေရတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် မြန်မာစစ်တပ်က တာဝန်ရှိသူတွေက တာဝန်ခံရမယ်” လို့ မစ္စတာ Türk က ဆက်ပြောထားပါတယ်။
OHCHR ရဲ့ အစီရင်ခံစာထဲ စစ်တပ်နဲ့ သူ့ကိုထောက်ခံသူတွေရဲ့ ဖိနှိပ်နှိမ်နင်းမှုကြောင့် အနည်းဆုံး လူပေါင်း ၂၈၉၀ သေဆုံးခဲ့ပြီး လက်တွေ့မှာ ဒီပမာဏထက်များနိုင်တယ်လို့ လည်း ဆိုပါတယ်။
နိုင်ငံတွင်းအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာရသူဟာ ၁ ဒသမ ၂ သန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးရသူက ၇သောင်းကျော်ရှိတယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ရဲ့ မြန်မာ့အရေးပြောကြားချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ NUG/PDF ထောက်ခံသူတွေက နိုင်ငံတွင်း မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်နေတာဆိုတဲ့စွပ်စွဲချက်နဲ့ နေ့စဥ် နိုင်ငံပိုင် သတင်းစာမှာထုတ်ပြန်နေတာပါ။
ထိုင်းစွမ်းအင်ကုမ္ပဏီက ဒေါ်လာ ၂ဘီလီယံ ရင်းနှီးမြုပ်နှံမယ့် မြန်မာနိုင်ငံတွင်း စီမံကိန်းကိုရွှေ့ဆိုင်း
ထိုင်းအစိုးရ ကျောနောက်ထောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာနိုင်ငံတွင်း ရေနံတူးဖော်ရေးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့်အထိလုပ်ငန်းစဥ်ပါတဲ့ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်လိုက်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
အမေရိကန်ဒေါ်လာ ၂ဘီလီယံ ရင်းနှီးမြုပ်နှံမှုပမာဏရှိပြီး အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးလို့အမည်ပေးထားတဲ့အဲဒီ စီမံကိန်းဟာ မုတ္တမပင်လယ်ကွေ့မှာ ရှိတဲ့ ကမ်းလွန်လုပ်ကွက် M-3 ကနေ တူးဖော်ရရှိတဲ့ ဓာတ်ငွေ့အရင်းအမြစ်တွေကို အသုံးပြုပြီး မဂ္ဂါဝပ် (၆၀၀) ထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရည်ရွယ်ထားတာပါ။
PTTEP အပြောအရ အနောက်နိုင်ငံအချို့က မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ ပိတ်ဆို့အရေးယူတာတွေလုပ်နေပေမဲ့ PTTEP ရဲ့ မြန်မာနိုင်ငံတွင်း အခြားဓာတ်ငွေ့ထုတ်လုပ်မှုတွေမှာဆက်လက်ရှိနေမယ်လို့ဆိုပါတယ်။
PTTEP အနေနဲ့ ဒီစီမံကိန်းနဲ့အကဲဖြတ်လုပ်ငန်းစဥ်တွေကိုလုပ်ဖို့ ၂၀၂၂ နှစ်ဆန်းပိုင်းက ကြေညာခဲ့ပြီး အပြီးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အဆင့်ကို ရောက်ရှိဖို့ ရည်ရွယ်ထားတာပါ။
အခုရွှေ့ဆိုင်းတဲ့ ကမ်းလွန်လုပ်ကွက် M-3 မှာ PTTEP က ရှယ်ယာ ၈၀ ရာခိုင်နှုန်း ထည့်ဝင်ထားသလို ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Co ltd ကလည်း ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့NLD နဲ့ အတိုက်အခံ အင်အားစုတွေဆွေးနွေးတယ်လို့ NUCCထုတ်ပြန်
စစ်ကောင်စီကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ဗဟိုအလုပ်ကော်မတီ နဲ့ အတိုက်အခံအင်အားစုတွေ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကသတင်းထုတ်ပြန်ပါတယ်။
တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ (Anti-Sham Election Joint Working Committee) အစည်းအဝေးကနေ သပိတ်အင်အားစုတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပြီး NUCC က အတည်ပြုထားတဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။
လုပ်ဆောင်မယ့်လုပ်ငန်းစဥ်တွေအကြောင်း ဖော်ပြထားတာမရှိဘဲ ဆွေးနွေးခဲ့တဲ့ လုပ်ငန်းစဉ်တွေက သတင်းအချက်အလက်တွေနဲ့ ပြည်တွင်း၊ပြည်ပ လုပ်ငန်းစဉ်တွေ အတွက် အကောင်အထည်ဖော်ရေးမူတွေပါဝင်တယ်လို့ဆိုပါတယ်။
ပူးပေါင်းလုပ်ငန်းကော်မတီဟာ ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင် ဆောင်ရွက်နေကြတဲ့ အခြား မိတ်ဖက်အင်အားစုတွေနဲ့လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲကျင်းပဖို့ ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြဋ္ဌာန်းလာသလို နိုင်ငံတွင်းမှာ ဘယ်လိုအခြေအနေရှိပါစေ ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါတယ်။
RCSS ရဲ့ စစ်သုံ့ပန်း ၁၁ ဦးအပါအဝင် အကျဥ်းသားအချို့ကို TNLA လွှတ်ပေး
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ရဲ့ တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁ ဦးအပါအဝင် အခြားပြစ်မှုနဲ့ အကျဥ်းကျနေသူ ၈ ဦးကို တအာင်းတပ်မတော် (TNLA)က ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
အခုပြန်လွှတ်ပေးလိုက်သူတွေဟာ ၂၀၂၀ ခုနှစ် တအာင်းပြည်နယ်ထဲ က တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူတွေဖြစ်ပြီး လက်နက်မဲ့ဖမ်းဆီးရမိတာတွေနဲ့ လက်နက်နဲ့ အတူဖမ်းမိခဲ့သူတွေလို့ သိရပါတယ်။ သူတို့ကို နမ္မတူမြို့နယ်ထဲ TNLA လှုပ်ရှားရာ ရွာတစ်ရွာကနေ လွှတ်ပေးလိုက်တာလို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ဒါက တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် TNLA က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းနဲ့အကျဉ်းသားတွေကို ဒုတိယအကြိမ်လွှတ်ပေးတာဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွှတ်ပေးတာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း PSLF/TNLA ကဖမ်းဆီးထားတဲ့ အကျဉ်းသား ၇၃ ယောက်ကိုပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။