ဇူလိုင် ၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - သံတွဲ(မဇင်လေဆိပ်)ကို သိမ်းလိုက်ပြီလို့ အေအေပြော

ရေးသားခဲ့သည်။

သံတွဲလေဆိပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်တဲ့ ပထမဆုံးလေဆိပ်ဖြစ်လာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက မဇင်လေဆိပ်ကို သိမ်းလိုက်ပြီလို့ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်- အေအေ) က ဒီနေ့ ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

ဧပြီလ ၁၃ ရက်နေ့ကတည်းက စတင်တဲ့သံတွဲမြို့သိမ်းတိုက်ပွဲဟာ ဇွန်လအတွင်းနဲ့ ဇူလိုင်လ ပထမသီတင်းပတ်အတွင်း အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က သံတွဲအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်းတွေအပါအဝင် တပ်မ ၁၀၁ လက်အောက်ခံ ခြေမြန်နဲ့ ခြေလျင်တပ်ရင်းတွေ၊ ဧရာဝတီအခြေစိုက် တပ်ရင်းတချို့၊ သံတွဲ ပြည်သူ့စစ်တပ်ရင်းတချို့နဲ့ ရေတပ် အထူးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ အေအေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ရေတပ်စစ်သင်္ဘောတွေအပါဝင် ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ရော၊ လေကြောင်း ပစ်ကူပါ ကြည်း၊ ရေ၊ လေ ခုခံကာကွယ်ခဲ့တာကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲဟာ ရခိုင်ပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲတွေအတွင်း အခက်ခဲဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်မှာ အေအေက သိမ်းခဲ့ပြီးတဲ့နောက် စစ်တပ်က သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အဆောက်အအုံတွေ၊ နာမည်ကြီး ဟိုတယ်တွေ ထဲကနေ ပြန်ခုခံခဲ့တယ်လို့လည်း အေအေက ပြောပါတယ်။

ဒါပေမဲ့ ငပလီ(မဇင်) လေဆိပ်အနီးက လေဆိပ်အဆောက်အအုံတွေနဲ့ အဲဒီအနီးနားမှာ ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကို တိုက်ခိုက်ပြီး ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ မဇင်လေဆိပ်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

သံတွဲတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းမိခဲ့တယ်လို့ အေအေက ပြောထားပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ သိသိသာသာတက်နေလို့ မြို့နယ် ၉ ခုထက်မနည်း သတိပြုဖို့ မိုးဇလပြော

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇူလိုင် (၇) ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ သိသိသာသာတက်နေပြီး နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ တို့လည်း စိုးရိမ်ရေအမှတ်မှာ ဆက်ရှိနေပါတယ်။

ဒါကြောင့် ဗန်းမော်၊ ‌ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက် နဲ့ မိုးကောင်း စတဲ့ မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိထားရမယ်လို့ မိုးဇလက ပြောပါတယ်။

“ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း အကုန်မြုပ်နေတာလေ၊ မိုးကလည်း မနက်ကအထိ အတော်သည်းနေတာ။ မနေ့ကအထိ ရေတိုးပေမဲ့ ဒီနေ့တော့ တန့်နေတယ်” လို့ ကသာမြို့နယ်က ရေဘေးကူညီပေးနေသူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်ကတည်းက ကသာမြစ်ကမ်းနံဘေး တကြောရေတက်နေပြီး တဲအိမ်တွေလည်း ရေနဲ့မျောပါ ပျက်စီးတာတွေရှိပါတယ်။

ဒါပေမဲ့ ရေဘေးအတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်နိုင်တာမျိုးမရှိဘဲ နီးစပ်ရာ ကူညီပေးနေတဲ့ အခြေအနေပါ။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) နဲ့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ် (MIMU) တို့ ပူးပေါင်းစစ်တမ်းကောက်ယူထားတဲ့ ဇူလိုင် ၆ ရက်ထုတ် နောက်ဆုံးစစ်တမ်းအရလည်း ဟုမ္မလင်းနဲ့ ဖောင်းပြင် နှစ်မြို့နယ်တည်းမှာတင် ရေဘေးသင့် ဦးရေ ၆ သောင်းကျော် ရှိနိုင်တယ်လို့ ဖော်ပြပါတယ်။

မိုးဇလရဲ့ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရလည်း လက်ရှိရေကြီးနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ပြည်တွင်းရော ပြည်ပမှာပါ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်

၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရ ဦးနေဝင်းလက်ထက်တုန်းက ကျောင်းသားအရေးအခင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဆဲဗင်းဇူလိုင်နေ့ဟာ ဒီကနေ့မှာဆိုရင် (၆၂) နှစ်ပြည့်ပါပြီ။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ပေါ် လှည်းတန်းတဝိုက်နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲမှာပါ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်လှုပ်ရှားမှုတွေရှိခဲ့သလို တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်း၊ မကွေးတို့မှာလည်း “7 July စိတ်ဓာတ်ကိုင်ဆွဲ တိုက်ပွဲဝင်ကြ” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ချိတ်ဆွဲတာတွေရှိပါတယ်။

၈၈ လူထုအရေးတော်ပုံအပြီး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ကလည်း သက်ဆိုင်ရာတပ်ရင်းအလိုက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးအနီးက မိုးပျံရထားဂိတ်ကိုသွားရာ လူကူးတံတားပေါ်မှာလည်း “Long Live Students’ Revolution” ပါ စာတန်းချိတ်ဆွဲတဲ့လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြုလုပ်ခဲ့ပါတယ်။

“ဆဲဗင်းဇူလိုင်သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်နေရတာဆိုတာက စစ်အုပ်စုက ဖျက်ချင်နေတဲ့ ကျောင်းသားသမိုင်းကို ဆက်လက်ဆုတ်ကိုင်ထားပြီး ဆဲဗင်းဇူလိုင် စိတ်ဓာတ်နဲ့ ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားရမှာဖြစ်တယ်” လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အောက်မေ့သတိရလျက်ရှိတယ်လို့ ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် သဝဏ်လွှာမှာ ပြောထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးမြောက်ဖို့လည်း နိုင်ငံတဝန်းက မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရင်ကထက် ပိုပြီး ရင်းနှီးပွင့်လင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အောင်ပွဲဆွတ်ခူးနိုင်ရန် ဆက်ပြီး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စဉ့်ကူး နဲ့ မတ္တရာမှာ လက်နက်ချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ရှိလာ

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပူးပေါင်းအဖွဲ့ကြားဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မတ္တရာ နဲ့ စဉ့်ကူးမြို့တကြောက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် (၃၀) ကျော် လက်နက်ချတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၅) ရက်နေ့တုန်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်တွေ လက်နက်ချဖို့ နဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီရှင်သန်နေထိုင်ခွင့်ရမယ့်အကြောင်း မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုလက်နက်ချတာအပြင် တိုက်ပွဲတွေထဲ ဖမ်းရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် ရာချီရှိလာပြီလို့ လည်း ဆိုပါတယ်။

“လက်နက်ချအလင်းဝင်တာက ပြည်သူ့စစ်ရော စစ်ကောင်စီတပ်ဖွဲ့တွေရော အစုံပါပဲဗျ။ ဖမ်းဆီးရမိသုံ့ပန်း ကတော့ စခန်းတွေဝင်ရောက်တိုက်ခိုက်ချိန်မှာ အရှင်ဖမ်းဆီးရမိတဲ့သူက အရေအတွက်အားဖြင့် (၁၀၀) ကျော်နေပါပြီ” လို့ မန္တလေး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ၊ ကိုအော်စမွန်က ဘီဘီစီကို ပြောပါတယ်။

မတ္တရာက စစ်ကောင်စီတပ်စခန်း (၂၅) ခုအထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူထားသလို စဉ့်ကူးမြို့နယ်မှာလည်း ထုံးကြီးတိုက်နယ်ရဲစခန်းကို မနေ့က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ကလေးမြို့မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများလာ

စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ အခုလပိုင်းတွေထဲ ဝမ်းပျက်ဝမ်းလျောနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ကလေးငယ်တွေမှာ အဖြစ်များလာတယ်လို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက် People's Healthcare Network (Kalay) ကနေ သိရပါတယ်။

ဇွန်လ တစ်လတာအတွင်းမှာတင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်လူနာ အယောက် ၆၀ ဝန်းကျင်ကို ကုသပေးထားရပြီး အများစုက ကလေးငယ်တွေလို့ဆိုပါတယ်။

“ပြင်းထန် ဝမ်းရောဂါအဆင့်တော့ မဟုတ်သေးပါဘူး။ ပုံမှန်ဝမ်းပျက်ဝမ်းလျောအဆင့်ဆိုပေမဲ့ မနေ့က OTP (ပြင်ပလူနာကုဆေးခန်း) မှာတင် ဝမ်းပျက်တဲ့ကလေး ၇ ယောက်ပါတယ်” လို့ People's Healthcare Network (Kalay) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ခြင်ကိုက်တာကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်သူလည်းများလာပြီး တစ်ပတ်အတွင်း ကလေးငယ် ၆ ယောက်အထိ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေအရ မိုးရာသီဖြစ်တာကြောင့် ခြင်၊ ပိုးလောက်လန်းပေါက်ပွားမှုများလာပေမဲ့ နှိမ်နင်းဖို့ ခြင်ဆေးဝယ်ယူလို့မရတာကြောင့်လည်း ကာကွယ်ရေးအခက်အခဲရှိနေတယ်လို့ အဲဒီကွန်ရက်ဆီကနေ သိရပါတယ်။

အမေရိကန်ရဲတပ်ဖွဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ကရင်လူငယ်ရဲ့ ဈာပနပြုလုပ်

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့တဲ့ ရွှေ့ပြောင်း ကရင်လူငယ် မောင်ညမွှေးရဲ့ ဈာပနကို ဇူလိုင် ၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်မှာပြုလုပ်တဲ့အဲဒီ ဈာပနအခမ်းအနားကို ကရင်အရပ်ဖက်အသိုင်းအဝိုင်းတွေလည်း တက်ရောက်ခဲ့ ကြပြီး တရားမျှတမှုရရှိဖို့ တောင်းဆိုနေကြပါတယ်။

အသက် (၁၃) နှစ်အရွယ် မောင်ညမွှေးဟာ သူ့မိဘတွေနဲ့အတူ လွန်ခဲ့တဲ့ ၉ နှစ်က အမေရိကန်ကို ရောက်ရှိ ခိုလှုံခဲ့တာဖြစ်ပါတယ်။

စစ်ပွဲနဲ့ မငြိမ်းချမ်းမှုတွေကြောင့် အမေရိကန်မှာ ခိုလှုံခဲ့တဲ့သူဟာ (၈) တန်းအောင် ကျောင်းသားတစ်ယောက် ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်ကာလအစမှာပဲ အခုလိုဖြစ်စဉ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မောင်ညမွှေးရဲ့မိသားစုနဲ့ အမေရိကန်ရောက် ကရင်လူမှုအသိုင်းအဝိုင်းတွေကတော့ မောင်ညမွှေးသေဆုံးမှုနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ တောင်းဆိုနေကြပြီး အဲဒီအတွက် တိုက်တွန်းတောင်းဆိုတဲ့ လမ်းလျှောက်ပွဲကို ဇူလိုင် ၁၃ ရက်မှာ ယူတီကာမြို့မှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။

မတ္တရာက စစ်ကောင်စီတပ်စခန်း ၂၅ ခု သိမ်းထားနိုင်ပြီလို့ မန္တလေး PDF ပြော

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းပေါင်း (၂၅) ခုအထိ သိမ်းပိုက်ထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့ ဇူလိုင် ၆ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်မှာရှိတဲ့ စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ပတ်လည်အင်း စတဲ့ တပ်စခန်းတွေအပါအဝင် ဆည်တော်လမ်းခွဲမှာရှိတဲ့ တပ်စခန်းလည်း သိမ်းပိုက်ထားတယ်လို့ ဖော်ပြပါတယ်။

ဒီလိုတပ်စခန်းတွေအပြင် ရေနံ့သာတိုးဂိတ် နဲ့ ရေနံ့သာရဲစခန်းတို့ကိုလည်း သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ (၁၂၀) မမ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ်မှာ ဖုန်း၊ အင်တာနက်ဆက်သွယ်ရေးပြတ်တောက်နေပြီး ဒေသခံတွေရဲ့ အခြေအနေအသေးစိတ်ကို မသိရှိရသေးပါဘူး။

မန္တလေး PDF ကတော့ တိုက်ပွဲကာလထဲ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အဖွဲ့ဝင်တွေလည်း တော်လှန်ရေးအင်အားစုတွေဆီ လက်နက်ချအလင်းဝင်တာရှိတယ်လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်က ဒီကနေ့ ဇူလိုင် ၇ ရက်မနက်အထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။