ဇန်နဝါရီ ၁၁ ရက် ထိပ်တန်းသတင်းများ - ကျောက်တော် အပေါက်ဝရွာမှာ တိုက်ပွဲပြင်းထန်နေ ၊ ပေါက်တောက တောင်ဖူးရွာ မီးရှို့ခံရ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့က အပေါက်ဝရွာမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား မနေ့ ဇန်နဝါရီ ၁၀ ရက်ကနေ ဒီကနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ကျောက်တော် ကန်စောက်အခြေစိုက် အမြောက်တပ်ရင်း ၃၇၇ ကနေ အ‌ပေါက်ဝကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။

မနေ့ကလည်း စစ်တပ်ရဲ့ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ပေါ်တောမူရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်၃ ဖွဲ့ ဘက်က ထုတ်ပြန်ထားသလို မြေပြင်အခြေအနေသိရှိသူတစ်ဦးကလည်း ဘီဘီစီကိုအတည်ပြုပါတယ်။

ရခိုင်မြောက်ပိုင်းမှာပဲ ပေါက်တောမြို့နယ် တောင်ဖူးရွာမှာ အေအေနဲ့ စစ်တပ်ကြား ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အေအေဘက်က တပ်ဆုတ်သွားတဲ့အချိန် စစ်တပ်က တောင်ဖူးရွာထဲကို ဝင်ပြီး မီးရှို့သွားတယ်လို့ သူကပြောပါတယ်။

ဘုန်းကြီးကျောင်း ၂ ဆောင်အပါအဝင် စက်ရုံတချို့မီးလောင်သွားခဲ့ပြီး လက်ရှိတောင်ဖူးရွာထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားနေတုန်းပဲလို့ သိရပါတယ်။

တောင်ဖူးရွာအနီးကို စစ်ကောင်စီရေတပ်သင်္ဘော ၃ စီး ဆိုက်ကပ်လာခဲ့ပြီး ရွာထဲကို ဝင်လာရာကနေ အေအေနဲ့ တိုက်ပွဲစဖြစ်ခဲ့တာလို့ဆိုပါတယ်။

တောင်ဖူးရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပေါက်တောမြို့နဲ့ ၄ မိုင်လောက်သာ ကွာဝေးတာဖြစ်ပါတယ်။

ကျောက်တော်မြို့က တိုက်ပွဲဖြစ်ပွားနေတဲ့ အ‌ပေါက်ဝရွာအပါအဝင် ပေါက်တောမြို့က တောင်ဖူးရွာတဝိုက်မှာ ဖုန်းလိုင်းတွေပြတ်တောက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

သီပေါမြို့ မြောက်ဘက် မိုးတေတံတားအနီး တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မြောက်ဘက်အစွန်က မိုးတေတံတားအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ် (TNLA) တို့ကြား ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဆက်ရှိနေပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

“ထောင်ကြီးဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားတယ်။ မြို့ပေါ်မှာတော့ တိုက်ပွဲမရှိသေးဘူး” လို့ ‌ဒေသခံရဲ့အပြောအရ သိရပါတယ်။

မိုးတေတံတားဟာ သီပေါ-နမ္မတူ-နမ့်ဆန်မြို့တို့ကို အဓိက ဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက မိုင်းခွဲဖျက်ဆီးခံထားရတာဖြစ်ပါတယ်။

နမ့်ဆန်-နမ္မတူဘက်ကနေ မိုးတေတံတားကိုကျော်လာရင် သီပေါအကျဉ်းထောင် ဒေသအခေါ် ထောင်ကြီးဘက်ရောက်မှာဖြစ်ပြီး အဲဒီကနေမှ သီပေါမြို့ထဲကို ဆက်ဝင်လာလို့ရတာဖြစ်ပါတယ်။

ထောင်ကြီး နေရာတဝိုက်မှာ စစ်တပ်က အင်အားအများအပြားနဲ့ အထိုင်ချတပ်စွဲထားပြီး ပင်မတပ်စခန်းအပါအဝင် ရဲစခန်းလည်းရှိတာကြောင့် မိုးတေတံတားကို ကျော်မလာနိုင်အောင် စစ်တပ်ဘက်က ခုခံပြီးပစ်ခတ်နေတာလို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း TNLA တွေနဲ့ စစ်တပ်ကြား မနေ့ကထိ ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ ကြေညာထားပါတယ်။

သီပေါထောင်အနီးက တုံဆင့်ရွာနဲ့ အနီးနားကျေးရွာက ဒေသခံတွေကတော့ ပစ်ခတ်မှုတွေစတင်တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကတည်းက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ သီပေါမြို့ကနေ တိမ်းရှောင်မယ်ဆိုရင် သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမကြီး‌ပေါ်မှာရှိတဲ့ သီပေါတံတားကိုအသုံးပြုပြီး ရှောင်လို့ရသေးသလို သီပေါမြို့ပေါ်မှာလည်း စစ်ရေးအခြေအနေ တည်ငြိမ်နေပြီး မြို့ခံတော်တော်များများရှိနေသေးတယ်လို့ တိမ်းရှောင်သွားတဲ့‌ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်ကလည်း သီပေါနဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က စဉ့်အင်တံတား ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ သီပေါမြို့က အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်အာဏာရှင်စနစ်ကျဆုံးရေးဆက်လုပ်မယ်လို့ ကရင်နှစ်သစ်ကူးနေ့မှာ KNU ပြော

ကရင်လူထုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် အားမလိုအားမရဖြစ်နေတဲ့အပေါ် နားလည်ပေမဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးဆက်လုပ်ဖို့ နည်းလမ်းကိုပဲ ရွေးချယ်ထားတာကြောင့် လူထုက နားလည်ပူးပေါင်းပေးဖို့ ကရင်နှစ်သစ်ကူးနေ့ ကရင်အမျိုးသားအစည်းအရုံး -KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ဆုတောင်းလွှာမှာအဲဒီလိုထည့်ပြောထားတာဖြစ်ပြီး စစ်ကောင်စီဟာ တော်လှန်တိုက်ခိုက်မှုတွေကို နှိမ်နှင်းဖို့ စစ်ရေးပစ်မှတ်တွေ မထားရှိတော့ဘဲ ရပ်ရွာ၊ မြို့ပြနဲ့ ပြည်သူတွေနေထိုင်တဲ့ နေရာတွေ၊ ပြည်သူပိုင်အဆောက်အဦတွေနဲ့ ဘုရားကျောင်းကန်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ထည့်ပြောထားပါတယ်။

ဒါအပြင် စစ်တပ်က လူမဆန်တဲ့ စစ်ဆင်‌ရေးနည်းလမ်းတွေကို ကျင့်သုံးနေတယ်လို့ ဖဒိုစောကွယ်ထူးဝင်းကပြောထားပြီး စစ်တပ်တိုင်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်နေတယ်လည်း ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေကလည်းတဖြည်းဖြည်းများပြားနေပြီး လူထုရင်ဆိုင်ကြုံတွေ့နေရတာကို ကိုယ်ချင်းစာတယ်လို့လည်း ဆုတောင်းလွှာမှာဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကရင်နှစ်သစ်ကူးနေ့ဆုမွန်ကောင်းနဲ့အတူ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့်ကြိုဆိုပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းပြီး အပစ်ရပ်စာချုပ် NCA ပါ သဘောတူညီချက်များအတိုင်းဖြေရှင်းဖို့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကိုကြိုဆိုတယ်လို့ စစ်ကောင်စီပိုင်သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ တန်းတူညီမျှမှု နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့ရဲ့ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ဖို့ ဆန္ဒပြုတယ်လို့ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ထည့်ပြောထားပါတယ်။

ရှမ်း‌ပြည်တောင်ပိုင်း ၊ ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ စစ်တပ်နဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကြား ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် အထိ ၅ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖယ်ခုံမြို့ အထက ၁ ကျောင်း အနောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

တိုက်ပွဲအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့မဘုန်းကြီးကျောင်းရှေ့၊ မြို့ကုန်းရပ်ကွက်က ဒေသခံ အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တစ်ဖက်မှာလည်း ဖယ်ခုံမြို့အထွက် ပင်လောင်းဘက်အထွက်နားက ကုန်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဖယ်ခုံ PDF တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဘက်က ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို ဖယ်ခုံ PDF နဲ့ ဒေသခံအချို့က မီးသဂြိုဟ်ဖို့အတွက် စုဝေးလုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရုပ်သံဖိုင်ထဲက ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ဦးရဲ့ အပြောအရသိရပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဖယ်ခုံတစ်မြို့လုံး ဖုန်းလိုင်းပြတ်တောက်နေပြီး ဒေသခံတော်တော်များများကလည်း တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီ ၇ ရက်နေ့ကတည်းက ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေကြပါတယ်။

မြေပြင်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဖယ်ခုံကနေ စက်လှေနဲ့စစ်ရှောင်ဖို့ ကြိုးစားခဲ့ကြပြီး ဖယ်ခုံဈေးအနီးက ဦးပြေဆိပ်ကမ်းမှာ ဒေသခံတွေ စက်လှေစောင့်ဆိုင်းနေတဲ့အချိန် ကမ်းကပ်ဖို့လာနေတဲ့ စက်လှေတစ်စီးကို စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ ဖယ်ခုံမြို့ပေါ်က စစ်တပ်စခန်းတွေကို PDF တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး တစ်မြို့လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ဒေသခံတွေကို ဇန်နဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး တိမ်းရှောင်ကြဖို့ တိုက်တွန်းနေတယ်လို့ စစ်ရှောင်လာတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖယ်ခုံကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။