ဇူလိုင် ၂၄ ရက်ထိပ်တန်းသတင်းများ - မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေဆက်နေ

ရေးသားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်၊ လားရှိုး နဲ့ ‌ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်တိုက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘီဘီစီကို အတည်ပြုပါတယ်။

ဇူလိုင် ၂၃ ရက် တစ်ရက်တည်းမှာပဲ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA)တို့ကြား တိုက်ပွဲဖြစ်ခဲ့သလို လားရှိုးခရိုင်၊ မိုင်းယော်တိုက်နယ်၊ မန်ကန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ‌အဲဒီတပ်တွေက အတည်ပြုပါတယ်။

မူဆယ်နဲ့ နမ့်ခမ်းကြားက စယ်လန့်ကျေးရွာတိုက်ပွဲမှာတော့ မြေပြင်ဆင်းနေတဲ့ TNLA တပ်နဲ့ အဲဒီရွာစခန်းကုန်းမှာ တပ်စွဲဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ မြို့မပြည်သူ့စစ် ပူး‌ပေါင်းအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' လက်နက်ကြီး‌တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာ ၂ နာရီလောက်ကြာတယ်။ တိုက်ပွဲစဖြစ်တာ ည‌နေ ၅ နာရီ၊ အဲဒီကနေ ည ၇နာရီကျော်အထိ နမ့်ခမ်း - မူဆယ်လမ်းပိုင်းကို ပိတ်လိုက်ပြီးဖြစ်ကြတာ။ ဒီနေ့(ဇူလိုင် ၂၄)တော့ ရွာမှာအားလုံးအပြင်မထွက်ရဲလို့ ငြိမ်နေကြတယ်။တိတ်ဆိတ်နေတာပဲ '' လို့ စယ်လန့်ဒေသခံတစ်ဦးကပြောပါတယ်။

စယ်လန့် တိုက်ပွဲမှာ စယ်လန့်ရွာထဲက နေအိမ် ၂ လုံးပေါ် လက်နက်ကြီးကျလို့ ‌ပျက်စီးခဲ့သလို ပြည်သူ့စစ်ဘက်က ၃ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပြီး သူတို့ကို နမ့်ခမ်းဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ဖြစ်တဲ့ မန်ကန်ကျေးရွာတိုက်ပွဲမှာတော့ ဒေသခံ အမျိုးသားတစ်ဦး လက်နက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

လက်နက်ထိမှန်တဲ့အထိဖြစ်ခဲ့ကြတာကြောင့် ‌ရွာထဲဒေသခံတွေလည်း နီးစပ်ရာလုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းထဲ နေ့စဥ်လိုလို ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်နဲ့ သိန္နီကြား အပါအဝင် လားရှိုး၊ လားရှိုး-မူဆယ် လမ်းမတစ်ကြောမှာ စစ်ကောင်စီနဲ့ KIA ၊ TNLA နဲ့ MNDAA တို့အကြား တစ်ဖွဲ့ချင်းစီအလိုက်နဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပါတယ်။

အရောင်းအဝယ်သမားတွေစောင့်ကြည့်နေတဲ့ ရွှေနဲ့ဒေါ်လာစျေးကွက်

မြန်မာပြည်တွင်းမှာတော့ ဒီနေ့ဟာ ပုံမှန်ဆို ရွှေနဲ့ဒေါ်လာ ပြင်ပစျေးကွက်ဖွင့်ရက်ဖြစ်ပေမဲ့ တိတိပပ စျေးဖွင့်တာမရှိဘဲ စျေးကွက်စောင့်ကြည့်နေတဲ့အခြေအနေမှာရှိတယ်လို့ ဘီဘီစီရဲ့ ဆက်သွယ်မေးမြန်းချက်တွေအရ သိရပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ အခေါက်ရွှေတစ်ကျပ်သားကို ရည်ညွှန်းစျေး ငွေကျပ် ၂၃ သိန်းကျော်နဲ့စျေးဖွင့်ပါတယ်။

မြေပြင်မှာတော့ ရွှေဆိုင်တွေနဲ့ ရွှေအတုံးအခဲရောင်းဝယ်သူတွေဟာ ရွှေတစ်ကျပ်သား စျေးတိတိကျကျမထုတ်ဘဲ စောင့်ကြည့်နေတယ်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားတဲ့ ရွှေလုပ်ငန်းရှင်အချို့က ပြောပါတယ်။

မနေ့ကဆိုရင် ရွှေဆိုင်အချို့ဟာ ရွှေအဝယ်ကိုသာလက်ခံပြီး အခေါက်ရွှေနဲ့ ရွှေအထည်ကိုတော့ အလေးချိန် အကန့်အသတ်နဲ့သာရောင်းချတာလည်းရှိခဲ့ပါတယ်။

ပြည်တွင်း ဒေါ်လာစျေးကွက်မှာလည်း ငွေစျေးမတည်ငြိမ်တာကြောင့် ရန်ကုန်နဲ့ မန္တလေးမှာရှိနေတဲ့ လိုင်စင်ရငွေကြေးရောင်းဝယ် ကောင်တာအချို့တောင် စျေးကွက်စောင့်ကြည့်တဲ့အခြေအနေလို့ ဒေါ်လာဝယ်ရောင်းအချို့က ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့မှာ ဒေါ်လာဝယ်ရောင်းစျေးကွက်ထဲ အပြင်စျေးဟာ တစ်ဒေါ်လာကို ၃၅၀၀ ကျပ်အထိ စျေးပေါက်နေပေမဲ့ ဒေါ်လာအရောင်းမရှိဘဲ အဝယ်စျေးဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဆင်ဖြူတော်တွေ့တာ တစ်နှစ်ပြည်နဲ့ မာရဝိဇယ ဆင်းတုတော် တည်ထားမှု အထိမ်းအမှတ်အနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက်မှာ မြန်မာကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူထုတ်ဝေဖို့ ရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်အပြီးမှာ အခုလိုစျေးကွက် အခြေအနေတွေဖြစ်လာတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ငွေစက္ကူအသစ်ထုတ်လို့ ငွေကြေးဖောင်းပွမှုဖြစ်မှာကို မစိုးရိမ်ဖို့ ပြောနေပေမဲ့ ပြည်တွင်းမှာငွေကြေးဖောင်းပွမှုဖြစ်လာမှာကို လူထုက စိုးရိမ်နေကြပါတယ်။

မာရဝိဇယဆင်းတုတော်အတွက် အလှူငွေ သန်းထောင်ချီထပ်ရတယ်လို့ဆို

နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယ ဆင်းတုတော်အတွက် အလှူငွေ ကျပ်သန်းပေါင်း ၁၇,၀၀၀ ကျော် ထပ်မံရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မာရဝိဇယဆင်းတုတော်ကြည်ညိုသူတွေကို နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ အဲဒီဗုဒ္ဓရုပ်ပွားတော် တည်ထားမှုအခြေအနေရှင်းပြပွဲကနေ ဒီအလှူငွေတွေရတာလို့ ဆိုပါတယ်။

ဒါဟာ တတိယအကြိမ်ရှင်းပြတာဖြစ်ပြီး အဲဒီမတိုင်ခင်က သမ္မတဟောင်းဦးသိန်းစိန်အပါအဝင် မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ရှင်းပြချိန်တုန်းကလည်း အလှူငွေ ကျပ်ငွေ သိန်းသောင်းချီရရှိထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ ဒီဆင်းတုတော်ကြီး တည်ထားမှုနဲ့ ဆင်ဖြူတော်တွေ့ရှိမှု တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျပ် ၂ သောင်းတန်ငွေစက္ကူရိုက်နှိပ်ထုတ်ဝေဖို့ ပြင်နေပါတယ်။

ကျပ် ၂ သောင်းတန်ကို အကန့်အသတ်နဲ့ထုတ်ဝေမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုဖြစ်လာမှာကို မစိုးရိမ်ဖို့ ဗဟိုဘဏ်က ပြောနေပေမဲ့ ဒီနေ့လို တနင်္လာနေ့ စျေးကွက်ဖွင့်ရက်မှာ ပြည်တွင်းက ရွှေနဲ့ နိုင်ငံခြားငွေ စျေးကွက်မှာတော့ ပေါ်ပေါ်ထင်ထင် စျေးဖွင့်တာမတွေ့ရဘဲ စျေးကွက်ကို စောင့်ကြည်တဲ့အခြေအနေ ဖြစ်နေပါတယ်။

နှစ်သောင်းတန်အသစ်ထုတ်လို့ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ပြော

ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ကုန်စျေးနှုန်း မြင့်လာနိုင်ချေကို အကဲခတ်တွေ သုံးသပ်နေ

မြန်မာငွေကျပ် ၂၀၀၀၀ တန်အသစ်ကို အထိမ်းအမှတ်အဖြစ် အကန့်အသတ်နဲ့သာ ငွေစက္ကူအဟောင်းတွေနဲ့ အစားထိုးလဲပေးတာဖြစ်တာကြောင့် ငွေကြေးဖောင်းပွတာမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ ပြောပါတယ်။

တဖက် စီးပွားရေးပညာရှင်တွေကတော့ အခုလိုငွေကြေးအသစ်ထုတ်ဝေတာဟာ ပြည်ပကြွေးမြီပေးဖို့ ငွေလိုတာ၊ အစိုးရအသုံးစရိတ်ငွေလိုအပ်တာကြောင့်လို့ ခန့်မှန်းနေကြပါတယ်။

ဒါအပြင် မြန်မာငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်စျေးနှုန်းအဆမတန်တက်လာနိုင်တယ်လို့ စီးပွားရေးစောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။

"ပြည်သူတစ်ဦးချင်းက ဝင်ငွေလျော့သွားတော့ သူ့ဝင်ငွေနဲ့လောက်ငအောင် အသုံးစရိတ်တွေ လျော့ချလိုက်တဲ့အခါမှာ အခြားလုပ်ငန်းတွေအပေါ်သက်ရောက်မှုရှိလာပါမယ်။ ဒီလိုတစ်ယောက်ရိုက်ခတ်မှုက တစ်ယောက်ကိုသွားမယ်၊ နောက်တစ်ယောက်ကိုရိုက်ခတ်မယ်။ ဒီလိုပုံစံနဲ့နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး မြန်မာ့စီးပွားရေးက ကျုံ့သွားလိမ့်မယ်" လို့ထိုင်းနိုင်ငံရောက် မြန်မာစီးပွားရေးပညာရှင် ကိုမျိုးက ဘီဘီစီကို ပြောထားပါတယ်။

ဗဟိုဘဏ်ကတော့ အခုလိုအခြေအနေမှာ အကြောင်းအမျိုးမျိုးပြပြီး ကုန်စျေးနှုန်းတက်အောင် လှုံဆော်နေသူ၊ နိုင်ငံခြားငွေလဲနှုန်းမြင့်အောင် ကြိုးစားနေသူတွေဟာ ပြည်သူ့အကျိုးစီးပွားကို ပျက်စီးအောင်ဆောင်ရွက်နေသူတွေဖြစ်တာကြောင့် ဖော်ထုတ်အရေးယူဖို့လည်း တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ဟာ လက်ရှိမှာ အတန်အသင့်တင်းကျပ်တဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးနေပြီး ဒီလို ငွေကြေးမူဝါဒနည်းလမ်းတွေကြောင့် နိုင်ငံစီးပွားရေးစနစ်ထဲက ဘဏ်တွေမှာ အပ်နှံငွေတိုးလာသလို နိုင်ငံစီးပွားရေးစနစ်ထဲ လှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) တွေ လျော့နည်းကျဆင်းခဲ့တယ်လို့ပြောပါတယ်။

အဲဒီလို CIC နှုန်းဟာနှစ်အလိုက်ကျဆင်းလာနေတာကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ဗဟိုဘဏ်က ထောက်ပြထားတာပါ။

ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒဆိုတာဟာ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းစေဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီမူဝါဒဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုပြီးအထောက်အကူဖြစ်ဖို့နဲ့ နှစ်စဉ်လျာထားတဲ့ အမျိုးသားပြည်တွင်းထုတ်ကုန်(GDP) ရည်မှန်းချက်နဲ့အညီ ငွေကြေးစနစ်ထဲက ထားရှိသင့်တဲ့ သီးသန့်ငွေကြေးပမာဏကို တွက်ချက်ပြီး သတ်မှတ်ပမာဏအတွင်းရောက်ဖို့ အဓိကထားတယ်လို့ ပြောထားပါတယ်။

အလှအပရေးရာမြန်မာဆရာဝန်တစ်ဦး ထိုင်းမှာ အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလှအပရေးရာဆေးခန်းတစ်ခုကို ထိုင်းစားသုံးသူရေးရာရဲတပ်ဖွဲ့(CBI)က ဝင်ရောက်စစ်ဆေးချိန် လိုင်စင်မရှိဘဲ ကုသမှုပေးနေတဲ့ ဆေးခန်းမန်နေဂျာ မြန်မာဆရာဝန်တစ်ဦးနဲ့ ဆေးခန်းသုံးပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဘန်ကောက်မြို့၊ အကာမိုင်အရပ်က သောင်လိုလမ်းမှာရှိတဲ့ CCOCO အလှအပရေးရာဆေးခန်းကို ဝင်ရောက်စစ်ဆေးချိန် အယ်လ်မွန်ဆိုသူ မြန်မာဆရာဝန်အမျိုးသမီးဟာ ဆိုင်မန်ဂျာတာဝန်ယူထားပေမဲ့ ဆေးကုသခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားသားတွေကို အလှအပရေးရာ ကုသမှုပေးနေတာကြောင့် ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အယ်မွန်ကတော့ သူဟာ မြန်မာမှာ ဆေးကျောင်းပြီးထားပြီး ဒီဆေးခန်းမှာ အလုပ်လုပ်ကိုင်တာ ၁ လခန့်သာရှိသေးတဲ့အကြောင်း၊ ကုသမှုတခါပြုလုပ်ပေးရင် ထိုင်းဘတ်ငွေ ၂ ‌ထောင်အထိ ကုသခ ရရှိတဲ့အကြောင်း ရဲကို ဝန်ခံထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖွင့်ထားတာ ၉ လနီးပါးရှိပြီဖြစ်တဲ့ CCOCO အလှအပရေးရာဆေးခန်းကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်က ပိုင်ဆိုင်ပြီး တရုတ်၊ ဗြိတိန်၊ သြစတေးလျ၊ ဂျပန်နိုင်ငံတို့မှာ ဆိုင်ခွဲပေါင်း ၁၅ ဆိုင်အထိဖွင့်ထားတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီရှာဖွေစစ်ဆေးမှုအတွင်း ထိုင်းဘတ်ငွေ ၅ သန်းနီးပါးတန်တဲ့ အလှအပရေးရာ ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကိုလည်း စားသုံးသူရေးရာရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။