လူဦးရေစာရင်းကောက်နေချိန် ပစ်ခတ်ခံရလို့ ၅ ဦးခန့်သေဆုံးခဲ့ပြီး၊ဖမ်းဆီးခံရသူတွေရှိ

ရေးသားခဲ့သည်။

 စစ်ကောင်စီ လူဝင်မှူကြီးကြပ်ရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနတို့က ဦးဆောင်ပြီး မြေပြင် လူဦးရေစာရင်းကောက်ယူချိန်မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရမှု တစ်ပတ်အတွင်း ၁၀ ကြိမ်ထက် မနည်းရှိလာပြီး  ရဲ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူပေါင်း ၅ ဦးထက်မနည်းသေဆုံးတဲ့အထိ ဖြစ်လာပါတယ်။

စာရင်း စ ကောက်တဲ့ ဇန်နဝါရီလ ၉ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လို့  တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဒုရဲအုပ်တစ်ဦး၊ ဇန်နဝါရီလ ၁၃ ရက်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရဲ ဒု တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပြီး အဲဒီနေ့ တစ်နေ့တည်းမှာပဲ မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက တောင်စွန်းရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးမတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သလို မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့က လည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက မဟာနွယ်စဥ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသားလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ အပြီးသတ်မယ့် လူဦးရေ အိမ်အကြောင်းအရာနဲ့ သန်းခေါင်စာရင်းအတွက် အိမ်ထောင်စု လူဦးရေစာရင်းနဲ့ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် ကောက်ယူနေတာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။

အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေကတော့ ဒါဟာ အခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရည်ရွယ်တာဆိုပြီး လူထုကို မပူးပေါင်းဖို့၊ နောက် အခုလို စာရင်းကောက်ယူနေသူတွေ အနေနဲ့ ဆက်ပြီး စာရင်းကောက်တာမလုပ်ဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိပါတယ်။

‘’ လူထုရဲ့ ပူးပေါင်းမှုရော၊ မပူးပေါင်းမှုပါ ကြုံရတဲ့အကြောင်း၊ နောက် လုံခြုံရေးစိုးရိမ်ချက်ရှိတဲ့အကြောင်း စစ်ကောင်စီတပ်ဘက်က ကင်းလှည့်တာတွေ၊ မြို့နယ်ဦးစီးမှူးက လုံခြုံရေးသတိထားဖို့ ပြောတဲ့အကြောင်း ရန်ကုန်မြို၊ ဗိုလ်တထောင်ခရိုင်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ထွေအုပ်ဌာနက အမျိုးသမီးဝန်ထမ်း ၃ ဦး နဲ့ အမျိုးသားဝန်ထမ်း ၁ ဦး စုစုပေါင်း ၄ဦးကို လူဦးရေစာရင်းကောက်ယူနေလို့ ဖမ်းဆီးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဇန်နဝါရီ ၁၄ရက်က ရွေးကောက်ပွဲမဲစာရင်းကိစ္စလာရောက်တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတယ်လို့ စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို  ပြောပြပါတယ်။

အခုကောက်ယူတဲ့ လူဦးရေ စာရင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ခဲ့တဲ့ အိမ်ထောင်စုစာရင်းဖြစ်ပါတယ်။

အဲဒီတုန်းက အချက်အလက်တွေကို လဝက ဘက်က မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး အခုတော့ အဲဒီ အိမ်ထောင်စုစာရင်း မှတ်တမ်းတွေကို အခြေခံကာ မြေပြင်အချက်အလက်နဲ့ ပြန်လည် တိုက်ဆိုင်စစ်ဆေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီလက်အောက် လဝက ဌာနက ပရဟိတအသင်းတွေပါ ပါဝင်တဲ့ ရပ်ကျေးအဆင့် လူပုဂ္ဂိုလ်တွေကို မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေး သင်တန်းပေးခဲ့အပြီး  အခုလို လူဦးရေစာရင်း ကောက်ယူတဲ့အစီအစဥ် ပေါ်လာတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ စစ်ကောင်စီက နိုင်ငံအနှံ့ လူဦးရေစာရင်းကောက်ယူတာကို ဇန်နဝါရီလ ၉ ရက်နေ့ကစလို့ စတင်ခဲ့တာဖြစ်ပြီး ၂၃ ရက်အတွင်း နိုင်ငံအနှံ့ လူဦးရေစာရင်း အပြည့်ကောက်မယ့်အစီအစဥ်ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာရှိတဲ့ အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင် ပါတီတွေရဲ့လုံခြုံရေးအတွက် အာမခံချက် ဘယ်လို ရှိလာနိုင်မလဲဆိုတာကိုလည်း ပါတီအချို့က မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲ ကျင်းပရေးအတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှာဖြစ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲသွားမယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့က ပြောသွားခဲ့ပါတယ်။