တီကောင်လို တွင်းတူးစက်ရုပ်တွေ မြေကြီးအောက်ရောက်လာတော့မလား

ရေးသားခဲ့သည်။

သိပ္ပံပညာရှင်တွေဟာ တီကောင်တွေရဲ့ တွင်းတူးကြပုံကို အတုယူပြီး အလားတူ ပျော့ပျော့အိအိ စက်ရုပ်တွေကို ပုံဖော်ဖို့ ကြိုးစားလာကြတာ ဆယ်စုနှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။

တီကောင်ရယ်လို့ မျိုးစိတ် အမျိုးမျိုးရှိကြတယ် ဆိုပေမဲ့ တီအမျိုးအစား အများစုက တွင်းတူးရာမှာ အလွန် ကျင်လည်ကြပြီး သူတို့ တကိုယ်လုံးကို အကွေးအဆန့် အလွယ်တကူ လုပ်နိုင်ကြပါတယ်။

တီကောင်တွေက အလွယ်တကူ ယိမ်းနွဲ့နိုင်ပြီး ဝင်ရ ခက်တဲ့ အကြိုအ ကြားတွေထဲကို အလွယ်တကူ ဝင်ထွက်နိုင်စွမ်းရှိပေမဲ့ လက်ရှိ စက်ရုပ်တွေမှာ ဒါမျိုး မရှိသေးဘူးလို့ ဆွီဒင်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်က မြေဆီလွှာ ခန့်ခွဲရေး သုတေသန လုပ်နေသူ အဲလ်ဆာ အရာဇိုလာ ဗက်စကွက်စ်က ဆိုပါတယ်။

အခုလို တီကောင်တွေ လှုပ်ရှား သွားလာသလို ပုံစံ ဟန်ပန်ကို တုပနိုင်တဲ့ စက်ရုပ်ထုတ်လုပ်မှုက တဆင့်ချင်းသာ သွားနိုင်နေပါသေးတယ်။ သူတို့ရဲ့ တနေရာကို ကုတ်ယူထားပြီး ရွေ့တဲ့ ပုံစံနဲ့ သူတို့ လှုပ်ရှားမှုအတွက် အထောက်အကူပြုတဲ့ သူတို့ရဲ့ ခန္ဓာကိုယ် တဆစ်ချင်းက အရည်တွေ ထားရှိပုံတို့ကို တုပထားနိုင်တယ်လို့ ဆိုပါတယ်။

အီတလီ နည်းပညာ ကျောင်း (Italian Institute of Technology)က စက်ရုပ်အပျော့ ထုတ်လုပ်ရေး သုတေသီတွေကတော့ တီကောင်တွေ တွင်းတူးချဲ့ပြီး သွားလာသလို ခန္ဓာကိုယ်ကို ကျုံ့လိုက် ဆန့်လိုက် လုပ်ရင်းကနေ ခန္ဓာကိုယ်ကို ရှုံ့လိုက်ပွလိုက်ပါ လုပ်နိုင်တဲ့ စက်ရုပ်ပျော့ အမျိုးအစားကို ပုံစံ ထုတ်နိုင်ခဲ့ပါတယ်။

IIT က စက်ပစ္စည်း အင်ဂျင်နီယာ ရစ်ဒီ ဒက်စ်ရဲ့ အဆိုအရ ဒီလို ပုံစံထုတ်နိုင်မှုက ထူးခြားတယ်လို့ ဆိုပါတယ်။ ဖိအား အတိုးအလျှော့ကို အသုံးပြုပြီး ပြင်ပ တွန်းအားတခု ဖြစ်စေလို့ ထူးခြားတာဖြစ်ပြီး ဒါကို စက်ရုပ်တီကောင်ရဲ့ အလျားတလျှောက် လုပ်နိုင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ တီကောင်တွေ လှုပ်ရှားပုံနဲ့လည်း ပိုပြီး နီးနီးကပ်ကပ် တူညီလာတဲ့အတွက် တီကောင် ကြွက်သားတွေ အမျိုးမျိုး လှုပ်ရှားပြီး သွားလာပုံကို တုပနိုင်မယ်လို့ ဆိုပါတယ်။

မစ္စတာ ဒက်စ်ရဲ့ တီကောင် စက်ရုပ်ဟာ အပေါ့စား အလေးမတဲ့ တုံးလောက် အလေးချိန်ရှိပြီး တီကောင်ရဲ့ စက်ဝိုင်းအကွင်းလိုက် လှုပ်ရှားပုံကို တုပနိုင်တဲ့ ဂျယ်တမျိုးကို ထည့်ထားတယ်လို့ ဆိုပါတယ်။

ဒီ တီကောင် စက်ရုပ်ပုံစံက အရင် ပုံစံထုတ်ခဲ့တဲ့ တီကောင် စက်ရုပ်တွေလောက် မျက်နှာပြင် အပြန့်မှာ သွားလာနိုင်မှု မရှိဘဲ နှေးကွေးသွားပေမဲ့ မြေဆီလွှာအတုထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သွားလာနိုင်တယ်လို့ ဆိုပါတယ်။

အခုလို တီကောင် ပုံစံသွားလာ တွင်းတူးနိုင်တဲ့ စက်ရုပ်ကို ဖန်တီးရတာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ သိရှိသူ နောက်ထပ် ပညာရှင်တဦးကတော့ အမေရိကန်နိုင်ငံ နော့ထရာဒမ်း တက္ကသိုလ်က လျှပ်စစ် အင်ဂျင်နီယာ ယက်စ်မင် အိုဇကန် အိုင်ဒင် ဖြစ်ပါတယ်။

သူဟာ တီကောင်တွေကို အထူးလေ့လာပြီး တီကောင်စက်ရုပ်ပုံစံ လေးမျိုးကို ပုံဖော် စမ်းသပ်နေသူလည်း ဖြစ်ပါတယ်။

ယက်စ်မင်ရဲ့ အဆိုအရ IIT က တီကောင် စက်ရုပ်သစ် ပုံဖော်နိုင်မှုက စက်ရုပ်နည်းပညာလောကအတွက် အလွန်အရေးပါတယ်လို့ ပြောပါတယ်။

အကြောင်းကတော့ ဒီပုံစံမှာ တီကောင်စက်ရုပ်ရဲ့ အဆစ်တိုင်းက ရှေ့တိုး နောက်ဆုတ် နှစ်မျိုးလုံး လုပ်နိုင်ခြေ ရှိလို့ ဖြစ်ပြီး တကယ့် တီကောင်ရဲ့ ခန္ဓာကိုယ်ကို လှိုင်းလို အကွေးအဆန့်လုပ်ကာ သွားလာပုံနဲ့ ပိုတူလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

IIT မှာ လုပ်ကိုင်နေတဲ့ ပညာရှင်တွေထဲမှာ ဇီဝဗေဒ ပညာရှင်ဘဝကနေ စက်ရုပ်ပညာရှင် အဖြစ် ပြောင်းလဲလုပ်ကိုင်လာတဲ့ ဘာဘရာ မက်ဇိုလိုင်လည်းအပါအဝင်ဖြစ်ပြီး သူဟာ IIT အတွင်းမှာ အခုလို ဇီဝဗေဒက အတုယူတဲ့ စက်ရုပ်စီမံချက်တွေမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အခုလို ဇီဝဗေဒကိုပါ အခြေခံ တုပမယ်ဆိုရင် တီကောင်ရဲ့ ပြင်ပ ပုံပန်းသဏ္ဍန်အတိုင်း လိုက်တူအောင် တုရုံနဲ့ မလုံလောက်နိုင်တော့ပဲ တီကောင်ရဲ့ ဇီဝဗေဒ အလုပ်လုပ်ပုံကိုပါ အခြေအမြစ် ကျကျ နားလည်အောင် လုပ်ဖို့ လိုလာမှာ ဖြစ်တယ်လို့လည်း ဘာဘရာ မက်ဇိုလိုင်က ဆိုပါတယ်။

တီကောင်ရဲ့ ဇီဝဗေဒ တည်ဆောက်ပုံကို တည်မှီပြီး တီကောင် စက်ရုပ်အတွက် အသုံးဝင်မယ့် တချက်ကတော့ တီကောင် အစစ်ရဲ့ ပျော့ပေမဲ့ ခိုင်မာတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံပဲ ဖြစ်ပါတယ်။

တီကောင် အစစ်နဲ့ တီကောင် စက်ရုပ်တွေရဲ့ အဓိက ကွာခြားနေသေးတဲ့ အချက်ကတော့ အရွယ်အစားဖြစ်ပြီး IIT က တီကောင် စက်ရုပ်ဆိုရင် အဝန်း ၄ စင်တီမီတာနဲ့ အလျား ၄၅ စင်တီမီတာ ရှိတဲ့အတွက် တီကောင် အစစ်တွေထက် အများကြီး ကြီးနေတာ ဖြစ်ပါတယ်။

အခုလို ကြီးနေရတဲ့ အကြောင်းကတော့ တီကောင် စက်ရုပ်တွေမှာ တပ်ဆင်ထားတဲ့ အညှစ်အထုတ် ပန့် ကိရိယာတွေနဲ့တကွ တခြား လှုပ်ရှားမှုအတွက် တပ်ဆင်ထားတဲ့ စနစ်တွေကြောင့် ဖြစ်ပါတယ်။

အခုလို တီကောင်လောက်အထိ အရွယ်အစား မချုံ့နိုင်သေးတဲ့အတွက် လူကိုယ့်ခန္ဓာ အတွင်းပိုင်းကို တီကောင် စက်ရုပ်တွေနဲ့ ထိုးသွင်း စမ်းသပ် ကြည့်ရှုနိုင်ဖို့ ဆက်လက် လေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း တီကောင်ထက် အရွယ်အားဖြင့် အဆပေါင်းများစွာ ကြီးတဲ့ တီကောင်စက်ရုပ်ကြီးတွေကို လိုဏ်ခေါင်းကြီးတွေ တူးဖော်ရာမှာ သုံးနိုင်ဖို့အတွက် နိုင်ငံတကာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ GE က စမ်းသပ် ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်။

GE က အခုလို စမ်းသပ်နေတဲ့ စက်ရုပ်ဟာ သူ့ဟာသူ ရှေ့တိုးသွားလာနိုင်၊ လွယ်ကူစွာ အကွေးအဆန့် လုပ်နိုင်တဲ့အပြင် လိုရာလှည့်လည် သွားလာနိုင်စွမ်းလည်း ရှိတယ်လို့ GE သုတေသန အဖွဲ့က စက်မှုအင်ဂျင်နီယာ ဒီးပတ် ထရီဗက်ဒီက ဆိုပါတယ်။

ဒီ စက်ရုပ်ရဲ့ အခြေခံ ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် လေ ဒါမှမဟုတ် အငွေ့ တွန်းအားနဲ့ ရွေ့လျားတဲ့ ကြွက်သားအတုတွေ ဆိုတာ တွေ့ရမှာ ဖြစ်ပြီး တကယ်တမ်း ရာဘာသားပေါ်မှာ ဖိုင်ဘာကွန်ရက်တွေ ရစ်ပတ်ပြီး တကယ့်ကြွက်သားနဲ့ တူအောင် လုပ်ထားတာ ဖြစ်တယ်လို့ မစ္စတာ ထရီဗက်ဒီက ရှင်းပြပါတယ်။

အခုလို လေ့လာမှုကို အမေရိကန်နိုင်ငံက အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံချက်အဖွဲ့ (Darpa) ရဲ့ နည်းဗျူဟာကျကျ လှိုဏ်ခေါင်းတူးမှုဆိုင်ရာ ဆော်သြတိုက်တွန်းမှုနဲ့အတူ ပုံပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကာကွယ်ရေးမှာ အရေးပါရတဲ့ အကြောင်းကတော့ တီကောင်တွေရဲ့ တွင်းတူးပုံက တူးလို့ တူးနေမှန်း အတော် မသိသာလို့ ဖြစ်တယ်လို့လည်း မစ္စတာ ထရီဗက်ဒီက ဆိုပါတယ်။

Darpa အဖွဲ့ရဲ့ စီမံချက် လက်ရှိအချိန်မှာ ပြီးဆုံးသွားပြီ ဆိုပေမယ့် GE ကုမ္ပဏီကတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဲ့ ဆက်လက် ပူးပေါင်းပြီး လှိုဏ်ခေါင်းတူး၊ လမ်းကြောင်းရှာတဲ့ လုပ်ငန်းတွေမှာ ဆက်လက် သုတေသန လုပ်နေတယ်လို့ ဆိုပါတယ်။

GE ကုမ္ပဏီဟာ သူတို့ရဲ့ တီကောင် စက်ရုပ်ကို ဝယ်ယူချင်သူတွေကိုလည်း ရှာဖွေနေပြီး သူတို့ရဲ့ ၁၀ စင်တီမီတာ အချင်းရှိတဲ့ စက်ရုပ်ဟာ ကိုယ်ပိုင် လှိုဏ်ခေါင်းတွေ တူးနိုင်ရုံသာမက လက်တွေ့ မြေဆီလွှာအမျိုးမျိုးမှာလည်း စမ်းသပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

GE သုတေသီတွေ အနေနဲ့ သူတို့ရဲ့ တီကောင် စက်ရုပ်တွေကို မြေအောက် ရေ မီးနဲ့ ဂက်စ် အစရှိတဲ့ လမ်းကြောင်းတွေ သွယ်တန်းရာမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်နေပြီး သမားရိုးကျ မြေတူးပြီး ကြိုးတွေ လိုင်းတွေ မြှုပ်နှံတာထက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်အပြင် ကုန်ကျစရိတ်ပါ သက်သာစေဖို့လည်း မျှော်လင့်နေပါတယ်။

GE သုတေသန ဌာနက စက်ရုပ်နဲ့ အလိုအလျောက် လုပ်ဆိုင်ခြင်း စနစ် အပိုင်းကို ဦးဆောင်နေသူ ဂျွန်လစ်ဇီက ဒီနည်းလမ်းအားဖြင့် သူတို့ စီးပွားဖြစ် တီကောင် စက်ရုပ်တွေ ရောင်းချနိုင်ဖို့ ရည်မှန်းနေပြီး မြေအောက် ဖိုင်ဘာ အင်တာနက်လိုင်းတွေ ဖော်တာနဲ့ လျှပ်စစ်ကားတွေ အားသွင်းဖို့အတွက် မြေအောက် လိုင်းဖော်တာတွေမှာပါ သူတို့ရဲ့ စက်ရုပ်တွေက အသုံးဝင်လာမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ GE ကုမ္ပဏီဟာ အမေရိကန် စစ်တပ်ရဲ့ ရန်ပုံငွေ ထည့်ဝင်မှုနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် လူအများသိအောင် ဘယ်လောက်များများ ကြေညာနိုင်သလဲ ဆိုတဲ့နေရာမှာ အကန့်အသတ် ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို တီကောင် စက်ရုပ်တွေ အသုံးပြုမှု တွင်ကျယ်လာနိုင်တဲ့ တခြား နယ်ပယ်တွေကတော့ သတ္ထုတွင်းတူးတာ၊ စိုက်ပျိုးရေးအတွက် မြေစမ်းတာနဲ့ တခြား ဂြိုဟ်ကမ္ဘာတွေမှာ မြေမျက်နှာပြင် စမ်းသပ်တာတွေ လုပ်လာနိုင်မှာ ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တခုခုကြောင့် ပိမိ၊ ပိတ်မိနေသူတွေကို ကယ်တင်ရာမှာလည်း မြေမပြိုအောင် ဒီစက်ရုပ်တွေသုံးပြီး ထိန်းပြီး ရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။

ဒီလို တီကောင် စက်ရုပ်ရဲ့ တွင်ကျယ်မှု အလားအလာတွေ အများအပြား ရှိတယ်ဆိုပေမယ့် တီကောင်ရဲ့ ဇီဝဗေဒကို အပြည့်အဝ တုပနိုင်ဖို့ သုတေသန လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။

ဥပမာအားဖြင့် တီကောင်တွေဟာ မြေတွင်းတူးရင်း သူတို့ ခန္ဓာကိုယ် ခြောက်သွေ့မသွားအောင် အချွဲဓါတ် ထုတ်တာမျိုးက စက်ရုပ်တွေမှာ တုပ တပ်ဆင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒီလို ဇီဝစနစ်မျိုးဟာ သဘာဝအတိုင်း နှစ်ပေါင်းများစွာ ဆင့်ကဲဖြစ်စဉ်နဲ့ ကောင်းအောင် လုပ်ထားတာဖြစ်တဲ့အတွက် လူတွေက ပုံသေ အတုယူ ဖော်ဆောင်ဖို့ ခက်ခဲနေတယ်လို့ IIT က မစ္စတာ ဒါးစ်က ဆိုပါတယ်။