အစ္စရေး မပါတဲ့ နိုင်ငံတကာ ညီလာခံမှာ ဂါဇာမှာ အပစ်ရပ်ဖို့ ပန်ကြား - နို၀င်ဘာ ၉ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ဂါဇာအတွက် နိုင်ငံတကာ ညီလာခံ

ဂါဇာမှာ ချက်ချင်း အပစ်ရပ်ပြီး စာနာမှု အကူအညီတွေ ၀င်ပေးခွင့်ပြုဖို့ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံက ကိုယ်စားလှယ်တွေက ပန်ကြားလိုက်ပါတယ်။

နော်ဝေ ဒုက္ခသည် ကောင်စီက ယန်း အဂ်လန် ကတော့ လုံး၀ အပစ်ရပ်ဖို့ လိုတယ်လို့ ပြောပြီး အစ္စရေးက ဂါဇာကို ဝင်ရောက် စီးနင်းတာဟာ အကုန်လုံးကို ခြုံပြီး အပြစ်ပေးနေသလိုပဲလို့ ဆိုပါတယ်။

အဲဒီညီလာခံမှာ အစ္စရေး ကိုယ်စားလှယ် တက်ရောက်မှု မရှိခဲ့ပါဘူး။

"ဂါဇာ ၊ ဂျေရုဆလင်နဲ့ ဂျော်ဒန်အနောက်ဘက်ကမ်းက ပါလက်စတိုင်းပြည်သူတွေဟာ နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့ လိုနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မျက်နှာလိုက်တာမျိုး မရှိသင့်ဘူး။ ဒီစစ်ပွဲကို အပြီးသတ်အောင် လုပ်ရမယ်။ ဂါဇာမှာ ဝင်ရောက် စီးနင်းမှုတွေ ရပ်ပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာပြေးနေရတဲ့ အခြေအနေကို အဆုံးသတ်ဖို့ လိုပါတယ်"လို့ ပါလက်စတိုင်း အာဏာပိုင်တွေကို ကိုယ်စားပြုတဲ့ ဝန်ကြီးချုပ် မိုဟာမက် ရှာတေးရက်က ပြောပါတယ်။

ဒီညီလာခံကို ဦးဆောင်ကျင်းပတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကလည်း သူ့အနေနဲ့ လူသားချင်း စာနာမှုအရ အပစ်ရပ်ထား စေလိုပြီး သူတို့လှူမယ့်ပမာထက် ထပ်ဆောင်းပြီး ဒေါ်လာ ၆သန်းဖိုးအကူအညီပေးသွားမယ်လို့ ကတိပေးလိုက်ပါတယ်။

ပါလက်စတိုင်းဒုက္ခသည်တွေ အတွက် ကုလအေဂျင်စီ ကတော့ လက်ရှိ ဂါဇာရဲ့ အခြေအနေဟာ အကြီးအကျယ် ဆိုးရွားလှတယ်လို့ ပြောပါတယ်။

ဂါဇာတောင်ပိုင်းကို မြောက်ပိုင်းက ပါလက်စတိုင်းတွေ ရွှေ့ဖို့ အချိန်ပေး

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း အရပ်သားတွေကို တောင်ပိုင်းကို ရွှေ့ဖို့ ထပ်မံ လမ်းဖွင့်ပေးနေပါပြီ။

အဓိက လမ်းမကြီး ဖြစ်တဲ့ ဆာလာ အယ်လ် ဒင်း လမ်းကို ဒီမနက် ဒေသစံတော်ချိန် ၁၀ နာရီကနေ ၆ နာရီကြာ ဖွင့်ပေးမယ်လို့ အစ္စရေး ပြောခွင့်ရသူက ဆိုပြီး ဒါဟာ အရင်နေ့တွေတုန်းက ဖွင့်ပေးတဲ့အချိန်ထက် ပိုမိုကြာမြင့်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကတော့ မြောက်ပိုင်းကနေ ပါလက်စတိုင်း ငါးသောင်းနီးပါး ခြေကျင် ထွက်ခွာလာကြတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာစီးတီးမှာ စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်နေပြီး ဒေသခံတွေကတော့ သူတို့ဟာ လူပေါင်းထောင်နဲ့ချီ ခိုလှုံနေတဲ့ အနားက ဆေးရုံ ၂ ရုံကို ပြောင်းရွှေ့နေကြတယ်လို့ ပြောပါတယ်။

အနောက်ဘက်ကမ်းမှာလည်း အစ္စရေးစီးနင်းမှုကြောင့် ပါလက်စတိုင်းတွေ သေဆုံးနေ

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ ဂျန်နင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၅ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က တစုံတရာပြောတာ မရှိပေမယ့် စစ်သွေးကြွလို့ သံသယရှိတဲ့ အဖွဲ့တဖွဲ့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာတရပ် ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အနောက်ဘက်ကမ်း ဒေသမှာ အစ္စရေး စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်း အယောက် ၁၆၀ ကျော် ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှား ပူးပေါင်းမှုကို အမေရိကန်နဲ့ တောင်ကိုရီးယားစိုးရိမ်

ရုရှားနဲ့မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားလိုက်ပါတယ်။

ဆိုးလ်မြို့မှာ သတင်းထောက်တွေကို ပြောရာမှာ အလားတူ တောင်ကိုရီးယားကလည်း စိုးရိမ်လျက် ရှိတယ်လို့ မစ္စတာ ဘလင်ကင်က ဆိုပါတယ်။

ကုလဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ပြီး လုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ အာကာသအစီအစဉ်ကို ရုရှားက ကူညီထောက်ပံ့နေတယ် ၊ မြောက်ကိုရီးယားကလည်း ယူကရိန်းကို ကျူးကျော်မှုမှာ ရုရှားကို အကူအညီပေးနေတယ်လို့ သူက စွပ်စွဲ ပြောကြားထားပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် တို့ဟာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့ ဂျပန်နဲ့ ဒုံးကျည်ဆိုင်ရာ သတိပေးအချက်အလက်တွေ ဝေမျှတာ အပါအ၀င် ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲ မြန်မာပါ၀င်

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ လူမှုကယ်ဆယ်ရေး အကူအညီပေးဆုံး နိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီလို အရွေးခံရတာ ခြောက်နှစ်ဆက်တိုက် ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ အလှူအတန်း အရက်ရောဆုံး နိုင်ငံတွေစာရင်းမှာ အင်ဒိုနီးရှားက ထိပ်ဆုံးကဖြစ်ပြီး သူ့နောက်မှာ ယူကရိန်းနဲ့ ကင်ညာတို့ကို သတ်မှတ်ကြောင်း ဗြိတိန် အခြေစိုက် Charities Aid Foundation က ထုတ်ပြန်ပါတယ်။

အခြေအနေပုံမှန်ရှိနေချိန်မှာ သူစိမ်းတွေကိုလှူဒါန်းတာ ဖြစ်ဖြစ် လူမှုအကူအညီ ပေးတာဖြစ်ဖြစ်ဘယ်လောက် လှူဒါန်းဆောင်ရွက်လိုစိတ် ရှိသလဲ ဆိုတာကို နိုင်ငံပေါင်း ၁၄၀က လူတွေကို စစ်တမ်းကောက်ယူကာ အစီအရင်ခံစာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်းရောက် အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲမှာ လိုင်ဘေးရီးယား၊ မြန်မာနဲ့ နိုင်ဂျီးရီးယား တို့လို ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်တချို့ ဒါမှမဟုတ် နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့နိုင်ငံတွေလည်း ပါ၀င်ပါတယ်။

မလေးရှားက အနာဂတ်အလားအလာရှိတဲ့ အသက်အငယ်ဆုံးအမတ် ထောင်ချခံရ

မလေးရှားမှာ အလားအလာရှိတဲ့ နိုင်ငံရေးသမားဖြစ်လာလိမ့်မယ် တချိန်ကမှန်းထားဖူးတဲ့ လူငယ်အမတ်တယောက်ကို ငွေကြေးခဝါချမှုနဲ့ အပြစ်ရှိကြောင်း စီရင်ပြီးနောက် ထောင် ၇ နှစ် ချလိုက်ပါတယ်။

ဆာရိဒ် ဆာဒစ်ခ် ဟာ အသက် ၂၅ နှစ်မှာ မလေးရှားမှာ အသက်အငယ်ဆုံး ဝန်ကြီး တယောက် ဖြစ်လာခဲ့သူပါ။

သူဟာ အခုနှစ် အစောပိုင်းတုန်းက အဂတိလိုက်စားမှုတွေကို စိုးရိမ်လို့ဆိုပြီး ညွှန်ပေါင်းအစိုးရထဲကထွက်ကာ ကိုယ်ပိုင် ပါတီ ထူထောင်ထားသူပါ။

အခုတော့ မစ္စတာ ဆာဒိခ်ကို အရင်ပါတီဟောင်း လူငယ်အဖွဲ့က ဒေါ်လာနှစ်သိန်းနီးပါးကို မလျော်မကန်ကိုင်တွယ်မှုနဲ့ ပြစ်ဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

သူကတော့ ဒီအမှုကို အယူခံတက်မယ်လို့ ပြောပါတယ်။