ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပေါက်မြို့နယ်၊ ဇီးပြားရွာက ပျူစောထီး ၄၀ နီးပါး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်း
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာက ဒေသခံအခေါ် စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင် ၃၇ ယောက် ဘက်ပြောင်း ပူးပေါင်းလာတယ်ဆိုပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
မြိုင်မြို့နယ်နဲ့အစပ် ပေါက်မြို့နယ်အပိုင်၊ ဇီးပြားရွာက ပျူစောထီးသင်တန်းကို မြိုင် PDF နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ အခုလို ပူးပေါင်းလာကြတာလို့ မြိုင် ပကဖဘက်က ပြောပါတယ်။
‘‘ခင်ဗျားတို့ ဘယ်လို ထောက်ပံ့မှုရလဲဆိုပြီး သူတို့ကို မေးတယ်။ က်ပံ့မှုမရဘဲ သူတို့ကတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တစ်အိမ်ထောင်ကို ဆန် ၂ ပြည်၊ ငွေ ၁ ထောင် ပြန်ပေးနေရတယ်ဆိုပြီး ထွက်ဆိုကြတယ်။ စစ်သားတွေက သူတို့ကို ကင်းပြန်စောင့်ဆိုင်းလို့ မနက်ရော၊ ညပါ ကင်းစောင့်ရတယ်။ ဒီဘက်က တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးနဲ့သွားပြီး ခြောက်လှန့်ပစ်ခတ်တာတွေလည်းရှိတော့ မလုံခြုံမှုတွေကြောင့် ဘက်ပြောင်းလာကြတာ’’လို့ မြိုင်ပကဖဘက်ကပြောပါတယ်။
ဒီလူတွေဟာ အခုလိုဘက်ပြောင်းခိုလှုံလာပေမဲ့ ကယ်ဆယ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မှာ ဆက်နေထိုင်မှာမဟုတ်ဘဲ တခြားပြည်နယ်နဲ့တိုင်းတွေက ဆွေမျိုးနီးစပ်သူတွေဆီ ပြောင်းရွှေ့နေထိုင်ကြမှာဖြစ်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပျူစောထီးဆိုတာမရှိဘူးလို့ပြောဆိုသလို နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းတာ၊ လိုအပ်တဲ့သင်တန်းပေးတာတွေ ရှိတယ်ဆိုတာပဲ ထုတ်ပြောထားဖူးပါတယ်။
မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ
မန္တလေးမြို့မှာ လျှပ်စစ်ရုံး ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဟာအောင်မြေမြို့နယ် (၃၅)လမ်း၊ (၈၇)လမ်းနဲ့ (၈၈)လမ်းကြားမှာရှိတဲ့ လျှပ်စစ်ရုံးမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးကြား ပစ်ခတ်မှုဖြစ်ခဲ့တာစ်ပြီး သေဆုံးသူဟာ တပ်ကြပ်အဆင့်ရှိသူတစ်ဦးလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ရတဲ့အကြောင်းရင်းနဲ့ သေဆုံးသူစစ်ကောင်စီတပ်သားဟာ တပ်ကြပ်အဆင့်ရှိသူ ဟုတ်၊ မဟုတ်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အဲဒီလျှပ်စစ်ရုံးမှာ စောင့်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏခံရလေ့ရှိပြီး အခုနှစ် အစောပိုင်းတုန်းကလည်း ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။
ဝက်လက်အရှေ့ ဘုရားလေးကျေးရွာမှာ ရုပ်အလောင်း ၇ လောင်းထက်မနည်းတွေ့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ဖြောင့်သေနတ်သမားတစ်ဦးလည်း သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက နေပူကုန်း၊ ဘုရားလေးကုန်းနဲ့ ငါးပတ်ချောင်းကျေးရွာ အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦးရဲ့ အလောင်းတွေကိုတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်မှာ ဝက်လက်မြို့နယ်ထဲက အဲဒီနေရာတွေကို ဂျက်တိုက်လေယာဥ် ၂ စီး၊ စစ်သုံးရဟတ်ယာဥ် ၄ စီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဝက်လက်အခြေစိုက် ဝံပုလွေနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ သေဆုံးသူတွေထဲမှာ သူတို့အဖွဲ့ဝင် လက်ဖြောင့်သေနတ်သမား တစ်ဦးလည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလက်ဖြောင့်သေနတ်သမားဟာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ငါးပတ်ချောင်းကျေးရွာကို လေကြောင်းကနေ ပစ်ခတ် စီးနင်းချိန် ပိတ်မိနေတဲ့ရွာသူရွာသားတွေကို ကယ်ထုတ်ရင်း သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ရုပ်အလောင်ကို ပြန်တွေ့ချိန်မှာ သတ်ဖြတ်ခံရတဲ့ဒဏ်ရာတွေရှိနေပြီး သေနတ်လည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဝက်လက်မြို့နယ်ထဲက အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ လေကြောင်းတိုက်ခိုက်မှုကို မဖော်ပြပေမဲ့ ဝက်လက်မြို့နယ်ထဲက ပီဒီအက်ဖ် စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ချိန် ပီဒီအက်ဖ် တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံးတာ၊ နောက် လက်ဖြောင့်သေနတ်သမားတစ်ဦးကို သေနတ်နဲ့အတူ အသေဖမ်းမိတာတွေကို သတင်းဓာတ်ပုံတွေ၊ စာသားတွေနဲ့ ရေးသားထားတာတွေ့ရပါတယ်။
တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ RCSS ကမ်းလှမ်း
ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဘက်က စာထုတ်ပြန်လာပါတယ်။
အဖွဲ့အစည်းတွေ အားလုံးနဲ့တွေ့ဆုံဆွေးနွေးတာဟာ မဟာမိတ်ဖြစ်လာဖို့၊ နောက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တာကြောင့် အခုလိုတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာလို့လည်း RCSS ဘက်က ပြောပါတယ်။
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးခမ်းစံကတော့ ဒီတွေ့ဆုံဆွေးနွေးရေး ကမ်လှမ်းချက်ဟာ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဓိက တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
လက်ရှိပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ မတူညီသလို NCA စာချုပ်အတိုင်း လုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့လည်း မတူဘူးလို့ပြောပါတယ်။
‘’အခုက စစ်ရေးပဋိပက္ခကြောင့် ရှမ်းပြည်သူတွေဒုက္ခရောက်နေတယ်။ စစ်ရေးပဋိပက္ခတွေကလည်း သတင်းစီးဆင်းမှုအမှားတွေကြောင့်ဖြစ်ရတယ်။ ဒါကြောင့် အဖွဲ့တွေကြားမှာ တွေ့ဆုံဆွေးနွေးပြီး သတင်းအချက်အလက်တွေဖလှယ်မယ်ဆိုရင် အထင်မှားမှုတွေကိုလျှော့ချနိုင်မယ်‘’ လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။
RCSS ဟာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ RCSS နိုင်ငံရေးဒုတိယခေါင်းဆောင် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ လာရောက်တွေ့ဆုံထားပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုဟာ အပြန်အလှန်ဆက်ဆံရေး၊ အထင်မှားမှုလျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး စတာတွေအတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်ထဲက လိပ်ရနယ်ခြားစောင့်စခန်းကို အေအေသိမ်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်မြေ -၄ ထဲမှာပါဝင်တဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့ အောက်အိုဘာလ ၁၀ ရက်မနက်ပိုင်းမှာ သိမ်းလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစခန်းအနီးမှာ ဒီနေ့မနက်အစောပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး မနက် ၇ နာရီခန့်မှာ အေအေက စခန်းသိမ်းလိုက်တာလို့သိရပါတယ်။
အဲဒီစခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဆယ်ဦးကျော်လည်း အေအေဘက်ကို လက်နက်ချတယ်လို့ ဒေသခံတွေက ပြောပေမဲ့ အေအေဘက်က အတည်ပြုချက်ရဖို့ ဆက်သွယ်နေပါတယ်။
လက်ရှိမှာ မောတောမြို့နယ်ထဲက ကြိမ်ချောင်းမှာရှိတဲ့ အမှတ် -၇ နယ်ခြားစောင့် စခန်းကလည်း လိပ်ရဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး နှစ်က်တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံသား ဆယ်ချီ မြန်မာရဲတပ်ဖွဲ့ရဲ့ မေးမြန်းခံနေရတယ်လို့ဆို
ပြည်ဝင်ခွင့် ဗီဇာမရှိဘဲ မြန်မာနိုင်ငံထဲ ဝင်ရောက်မှုနဲ့ မြန်မာရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမေးမြန်းခံနေရတဲ့အိန္ဒိယနိုင်ငံသား ဆယ်ချီရှိနေတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
အဲဒီအိန္ဒိယနိုင်ငံသားတွေဟာ ထိုင်းက နည်းပညာလုပ်ငန်းခွင်တွေမှာ အလုပ်ရမယ်လို့ ဖြားယောင်းခံရပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာဖွင့်ထားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုကုမ္ပဏီတွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေရသူတဲ့ အိန္ဒိယနိုင်ငံသား ရာချီထဲက ဖြစ်ပါတယ်။
အခြေခံကွန်ပျူတာကျွမ်းကျင်ပြီး အလုပ်ရမယ်လို့ ဖျားယောင်းခံရတဲ့ အိန္ဒိယလူငယ်တွေဟာ ထိုင်းနယ် စပ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းမှာ အလုပ်စေခိုင်းခံရတဲ့လူငယ် ၅၀ နီးပါးကို အိန္ဒိယအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကယ်ဆယ်ထားခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလူငယ်တွေကို ကယ်ဆယ်ခဲ့ပြီးဖြစ်ပေမဲ့ အိန္ဒိယနိုင်ငံသား ဆယ်ချီဟာ တရားမဝင်ပြည်ဝင်မှုနဲ့ မြန်မာရဲတပ်ဖွဲ့ရဲ့ စစ်ဆေး ထိန်းသိမ်းခံထားရဆဲလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းက တမီလ် ၅၀ နီးပါးအပါအဝင် အိန္ဒိယနိုင်ငံသား ၃၀၀ နီးပါးဟာ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာပြည်ဘက်ခြမ်းမှာ ပိတ်မိနေတယ်ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ စာရေးပို့ခဲ့ဖူးပါတယ်။
တစ်ရက်အတွင်း ကိုဗစ်လူနာတွေ့ရှိမှု ၂၀၀နီးပါးရှိ
တစ်ရက်အတွင်း စစ်ဆေးမှုအရ ကိုဗစ်အတည်ပြုလူနာ ၂၀၀နီးပါး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အောက်တိုဘာ ၈ရက်ကနေ ၉ရက်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၈၅၀၀ကျော်ကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၁၉၆ ဦးကိုတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူမရှိသလို နိုင်ငံတွင်း ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းကတော့ ၂ဒသမ၃၂ ရာခိုင်နှုန်း ရှိထားကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။
အောက်တိုဘာ ပထမပတ်အတွင်း အတည်ပြုလူနာတွေ့ရှိမှုဟာ ၃၀၀ ကျော်နဲ့ ၅၀၀ နီးပါးအထိရှိခဲ့ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့တပတ်အတွင်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် တော့ လူနာတွေ့နှုန်းဟာ ၃၀၀ နီးပါး ကျော်လျော့ကျလာတာဖြစ်ပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လနောက်ဆုံးပတ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အထိ သေဆုံးသူ ၁၄၅ ဦးရှိထားပြီး အဲဒီထဲက ၇၀ရာခိုင်နှုန်းဖြစ်တဲ့ ၁၀၂ ဦး ဟာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စတဲ့ နာတာရှည်ရောဂါတွေကြောင့် လို့ ဖော်ပြပါတယ်။
သေဆုံးတဲ့ နာတာရှည်ရောဂါ ရောဂါအခံရှိသူ တွေဟာကာကွယ်ဆေး လုံးဝထိုးနှံ ထားခြင်းမရှိတာနဲ့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားတာမရှိသူတွေလို့ဆိုပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးတွေထိုးနှံကြဖို့ တိုက်တွန်းနေပေမဲ့ ကာကွယ်ဆေးလက်လှမ်းမမီတာနဲ့ ထိုးခွင့်မရကြသေးသူတွေဟာ ၅၀ရာခိုင်နှုန်းလောက်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံတွင်းကာကွယ်ဆေးထိုးနှံမှုအခြေအနေကို လေ့လာတဲ့ ဆရာဝန်အချို့ကပြောပါတယ်။