ဇူလိုင်လ ၂၉ ရက်ထိပ်တန်းသတင်းများ - အမျိုးသမီးတွေအလုပ်ရရှိနှုန်း အမျိုးသားတွေထက် နှစ်ဆလျော့နည်း

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးအလုပ်သမားတွေဟာ အပြင်းထန်ဆုံးထိုးနှက်ခံနေရပြီး အမျိုးသမီးအလုပ်အကိုင်ရရှိမှုက အမျိုးသားတွေထက် နှစ်ဆလျော့နည်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အချို့ လုပ်ငန်းကဏ္ဍတွေမှာ လတ်တလော ပြန်လည်ကောင်းမွန်လာတာရှိပေမဲ့ အလုပ်အကိုင်အရေအတွက်ကတော့ အလုပ်လိုအပ်တဲ့ လူဦးရေအတွက် လုံလောက်တဲ့အနေအထားမဟုတ်ဘူးလို့ ဆိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဟာ လူဦးရေများပြားလာတာကို အမီမလိုက်နိုင်တဲ့ အခြေအနေကြုံနေရပြီး အလုပ်အကိုင်နဲ့ လူဦးရေအချိုးအစားကလည်း သိသိသာသာကျဆင်းလာနေတာလို့ ILO က ပြောပါတယ်။

ဒါအပြင် အစိုးရရဲ့ စည်းကြပ်မှုအောက်မှာမရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားတွေပိုပြီး လုပ်ကိုင်ရတာကြောင့် အလုပ်အကိုင်အရည်အသွေးတွေလည်း ဆက်တိုက်ကျဆင်းလာခဲ့ရာ အာဏာသိမ်းထားတဲ့ အစောပိုင်းနှစ်နှစ်ကာလအတွင်း လုပ်အားဖြစ်ထွန်းမှု ၁၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။

ILO ရဲ့ လုပ်သားစျေးကွက်အခြေအနေအရ မြန်မာလုပ်သားတွေဟာ ကိုဗစ်ကပ်ရောဂါ‌ရဲ့ နောက်ဆက်တွဲအပြင် စစ်အာဏာသိမ်းမှုတို့ရဲ့ နောက်ဆက်တွဲ လူမှုစီးပွားဖရိုဖရဲဖြစ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်ခံစားနေကြရဆဲလို့ ပြောပါတယ်။

အခုနှစ် ဇွန်လမှာတင် အထွေထွေကြပ်တည်းမှုကြောင့်လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အထည်ချုပ်အလုပ်သမားအချို့နဲ့ အလုပ်သမားခေါင်းဆောင် ဆယ်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရပါတယ်။

စစ်အာဏာသိမ်းစကတည်းကလည်း အခြေခံအလုပ်သမားသမဂ္ဂဒါဇင်ချီကို စစ်ကောင်စီက တရားမဝင် အသင်းတွေအဖြစ် ဖျက်သိမ်းခဲ့တာကြောင့် ပြည်တွင်းအလုပ်သမားအခြေအနေဟာ အဆိုးဆုံးအခြေအနေမှာရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောထားကြပါတယ်။

မြန်မာနဲ့ထိုင်းကို အလည်အပတ်မသွားဖို့ နီပေါသတိပေး

မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍတွေမှာ အလုပ်ရမယ်ဆိုတဲ့ သွေးဆောင်အလုပ်ခေါ်ယူတာတွေရှိနေတာကြောင့် အဲဒီနိုင်ငံတွေကို အလည်အပတ်ဗီဇာနဲ့ ခရီးမသွားဖို့ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတိပေးပါတယ်။

နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံကတဆင့် ကုန်းတွင်းလမ်းကြောင်း မြန်မာရဲ့ ကရင်ပြည်နယ်ဘက်ကို တရားမဝင် ခေါ်ဆောင်သွားပြီး အလုပ်ခိုင်းစေနေတာကို တွေ့ရတဲ့အကြောင်း နီပေါနိုင်ငံသားတွေအတွက် ခရီးသွားထုတ်ပြန်ချက်မှာ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းသတိပေးထားတာပါ။

သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းခံရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ‌တစ်နေ့မှာ ၁၂ နာရီကနေ ၁၃ နာရီအထိ လုပ်ခလစာမရဘဲ အလုပ်လုပ်နေကြရတဲ့အကြောင်း နီပေါကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာမှာ အဓမ္မအလုပ်ခိုင်းစေခံနေရတဲ့ နီပေါနိုင်ငံသားတွေဟာ သူတို့ကို ကယ်ဆယ်ပေးဖို့ နီပေါမှာရှိတဲ့ သူတို့ဆွေမျိုးတွေကို အကူအညီတောင်းခံသလို ထိုင်းနဲ့ မြန်မာမှာရှိတဲ့ နီပေါသံရုံးတွေဆီ အကူအညီတောင်းခံလာကြပါတယ်။

ဒါကြောင့် နီပေါသံရုံးတွေဟာ သက်ဆိုင်ရာနိုင်ငံကတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံသားတွေကို ပြန်လည်ကယ်တင်ဖို့ကြိုးစားပေမဲ့ ကရင်ဒေသဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးအတွက် ကြီးမားတဲ့စိန်ခေါ်ချက်ဖြစ်နေတယ်လို့ နီပေါဘက်ကပြောထားပါတယ်။

နီပေါနိုင်ငံသားတွေအနေနဲ့ ပြည်ပကိုထွက်ခွာအလုပ်လုပ်မယ်ဆိုရင် နီပေါဥပဒေနဲ့ အညီအလုပ်လုပ်ခွင့်ပါမစ်ရပြီး အလုပ်ရှင်ကုမ္ပဏီတွေနဲ့ သတင်းအချက်အလက်ရအောင်ချိတ်ဆက်ထားဖိုလည်း အကြံပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသားတွေသာမက အာရှဒေသက နိုင်ငံသားတွေပါ တရားမဝင်အလုပ်ခိုင်းစေခံရတာပိုများလာတာကို တွေ့ရပါတယ်။

ဘုတလင် ရွာသာရွာမှာ အလောင်း ၃ လောင်း ထပ်တွေ့၊ သေဆုံးသူ ၆ ဦး အထိရှိလာ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စိုင်ပြင်၊ ညောင်ကန်၊ ရွာသာ စတဲ့ ကျေးရွာတွေကို မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက် ‌သေဆုံးသူ ၆ ဦးအထိရှိလာတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။

"မနေ့မနက်က ညောင်ကန်ရွာထဲမှာ ဗကသ ကျောင်းသား ၃ ယောက် ရဲ့ ရုပ်အလောင်းရတယ်။ ညနေပိုင်းကျ ညောင်ကန်နဲ့ ရွာသာအစပ်မှာ အလောင်း ၃ လောင်းတွေ့ရတာပါ။ ညနေတွေ့တဲ့ အလောင်းတွေထဲက တချို့ကမကောက်ရသေးဘူး" လို့ မြေပြင်မှာရှိနေသူ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။

ညောင်ကန်ရွာထဲက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရုံးခန်းထဲမှာပဲ စစ်ကောင်စီသတ်ဖြတ်တာခံခဲ့ရတဲ့ ကျောင်းသား ၃ ယောက်ရဲ့ ရုပ်အလောင်းကို မနေ့မနက်ပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ‌

သေဆုံးခဲ့တဲ့ ဗကသ ကျောင်းသား ၃ ယောက်ဟာ အသက် ၁၈ နှစ်ဝန်းကျင်သာရှိကြပြီး NUG အစိုးရရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုထားကြသူတွေလို့ ဗကသ ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ် ထပ်မံတွေ့ရတဲ့ သေဆုံးသူ ၃ ယောက်အကြောင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒီကနေ့ မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ဘုတလင်မြို့ပေါ်ကိုပြန်ကြပြီး အချို့ကတော့ ဆုံကုန်းကျေးရွာ‌ထဲကို ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် ဆုံကုန်း၊ ကွက်သစ်စတဲ့ ‌ရွာတွေဘက်က ဒေသခံတွေ စစ်တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ကြောင်းထိုးသွားလာတဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာမတွေ့ရပါဘူး။

အသစ်ထွက်တဲ့ စာအုပ်တွေမပို့လို့ ထုတ်ဝေသူတွေ ဖိအားပေးခံရ

အသစ်ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်တွေကို သူတို့ဆီကို ပို့ပေးဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသူတွေကို ဖိအားပေးနေပါတယ်။

ပြီးခဲ့တဲ့ တစ်လ အတွင်း အသစ်ထွက်တဲ့ စာအုပ်စာ‌စောင် အုပ် ၃၀ နီးပါး ပြန်ကြားရေးကို စာအုပ်မပို့လို့ ဆိုပြီးနိုင်ငံပိုင်သတင်းစာက တဆင့် ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြန်ကြားရေးက ပျက်ကွက်ကြောင်း ထုတ်ပြန်ထားတဲ့စာအုပ်အချို့ဟာ လွန်ခဲ့တဲ့ ၃ ရက်ကမှထုတ်ဝေထားတဲ့ စာအုပ်တွေပါဝင်သလို ဩဂုတ်လမှ ပထမအကြိမ်ထုတ်ဝေမယ့် စာအုပ်တွေဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။

အသစ်ထုတ်ဝေတဲ့ စာအုပ် ၅ အုပ် ကို ပြန်ကြားရေးဝန်ကြီးဌာနကို အခမဲ့ပေးရမယ်လို့ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အရ ပြဌာန်းချက်အပေါ် မူတည်ပြီး တောင်းခံနေတာပါ။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ဟာ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို ဖိနှိပ်မယ့် ဥပဒေအဖြစ် ဥပဒေထွက်ကတည်းက ဝေဖန်ခံခဲ့ရပါတယ်။

တခါ မြန်မာ့ဇာတ်လမ်းတွဲတွေကိုလည်း မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဗီဒီယိုဆင်ဆာအဖွဲ့ဆီ လာမယ့် ဩဂုတ် ၁ ရက်ကစပြီး ကြိုတင်ဖို့ ပြန်ကြားရေးက တင်းကျပ်ထားပြန်ပါတယ်။

ဒီလို ဇာတ်လမ်းတင်ပြမှုမရှိဘဲ ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆင်ဆာမကြည့်ပေးဘူးလို့ အခုသီတင်းပတ်ထဲမှာပဲ ပြောထားပါတယ်။

ဒါတွေဟာ စာပေကဏ္ဍမှာသာမက ရုပ်ရှင်လုပ်ငန်းတွေမှာပါ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပိုမိုစိစစ်ထိန်းချုပ်ဖို့ ကြိုးစားလာတာလို့ ဝေဖန်သူတွေလည်းရှိနေကြပါတယ်။