အစ္စရေး စစ်ဆင်ရေးကြောင့် ဂျနီးမြို့က လူထောင်ချီ ထွက်ပြေးနေရ

ရေးသားခဲ့သည်။

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ အစ္စရေးက ပါလက်စတိုင်း စစ်သွေးကြွတွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးတစ်ခုပြုလုပ်နေတာကြောင့် ဂျနီးမြို့ ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အစ္စရေးဟာ အဲဒီစခန်းက ပါလက်စတိုင်းစစ်သွေးကြွတွေကို နှိမ်နင်းတဲ့အင်အားသုံးစစ်ဆင်ရေးကို တနင်္လာနေ့က စလို့ ပြုလုပ်နေတာဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ အစ္စရေးအစိုးရအကြံပေးတစ်ဦးက အဲဒီစစ်ဆင်ရေးအဆုံးသတ်တော့မှာဖြစ်ပြီး မှန်းထားချက်အတိုင်း အောင်မြင်တယ်လို့ ပြောထားပါတယ်။

ဂျနီးဒုက္ခသည်စခန်းထဲက စစ်ဆင်ရေးပြုလုပ်ချိန် စခန်းထဲကနေ စစ်သွေးကြွလို့မသင်္ကာသူ ၁၂၀ ကို ဖမ်းဆီးခဲ့ပြီး ပစ်မှတ် ၁၀ ခုထက်မနည်းကို ရှာဖွေတာတွေလုပ်ထားတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒုက္ခသည်စခန်းအတွင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းထားခဲ့ဖူးတဲ့တဲတစ်ခုကို ဖြိုဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်းအရာရှိတွေကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၁၀ ဦးသေဆုံးပြီး နောက်ထပ် ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဂျနီးစခန်းမှာ ရေနဲ့လျှပ်စစ် ထိခိုက်မှုရှိ - ကုလသမဂ္ဂ

တိုက်ပွဲကြောင့် ဂျနီးဒုက္ခသည်စခန်းထဲက လျှပ်စစ်နဲ့ရေဖြန့်ဝေရေးကွန်ရက်တွေ ပျက်စီးထားတယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်ကတော့ အဲဒီဒုက္ခသည်စခန်းဆီကနေ သတင်းအချက်အလက်ပြည့်ပြည့်စုံစုံရဖို့ ခက်ခဲနေတယ်လို့ ဘီဘီစီ Radio 4 ရဲ့ Today အစီအစဥ်ကို ပြောပါတယ်။

ဒုက္ခသည်စခန်းကို စီမံနေတဲ့ ကုလသမဂ္ဂက လည်ပတ်တဲ့ ကျန်းမာရေးစင်တာတစ်ခုလည်း ထိတွေ့ပစ်ခတ်မှုတွေကြောင့် စီမံလည်ပတ်လို့ မရနိုင်ဖြစ်နေတယ်လို့လည်း သူက အခုလို ပြောပါတယ်။

လူသားချင်းစာနာမှုဥပဒေအောက်ကနေ လည်ပတ်လို့ရမရဘူးလားဆိုတဲ့ မေးခွန်းကိုတော့ သူက ''အတွင်းရေးမှူးချုပ်ဟာ မြေပြင်က အခြေအနေကို အတော်လေးစိုးရိမ်နေတယ်''လို့ ပြောပါတယ်။

''အားလုံးဟာ နိုင်ငံတကာဥပဒေအတိုင်းဖြစ်ရမှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၃၆ နာရီအတွင်းဖြစ်ပျက်တဲ့ကိစ္စတွေဟာ အဲဒီလိုဖြစ်မနေဘူး''လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂဘက်ကတော့ အစ္စရေးကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြီး ''နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်ဖို့'' ပြောသလို ''အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရေးတယူလုပ်ဖို့ လိုအပ်မလားဆိုလည်း စောင့်ကြည့်နေတယ်'' လို့လည်း သူက ဆိုပါတယ်။

အစ္စရေးဘက်က တုံ့ပြန်ဖို့ လျစ်လျူမယ်ဆိုရင်ရော ဆိုတဲ့မေးခွန်းကိုတော့ ''တိုက်ခိုက်မှုတွေအတော်များများ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ သတိထားမိသေးတယ်ဆိုတော့ ဆက်စောင့်ကြည့်ပါ'' လို့ သူကပြောပါတယ်။

ဂျနီး ဒုက္ခသည်စခန်း ဘယ်လိုပေါ်လာလဲ

အတိုချုပ်ပြောရရင် ဂျနီးစခန်းဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာရှိတဲ့ ဂျနီးမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွေအစောပိုင်းကတည်းက ရှိနေတာဖြစ်ပြီး ၁၉၄၈-၄၉ စစ်ပွဲအတွင်း ပါလက်စတိုင်းစစ်ရှောင်တွေအတွက် ထူထောင်ထားတဲ့စခန်းဖြစ်ပါတယ်။

ကုလမသဂ္ဂရဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာအေဂျင်စီ Unrwa ကတော့ အဲဒီမှာ ဒုက္ခသည် ၁၄,၀၀၀ ရှိပြီး စတုရန်းကီလိုမီတာ ၀.၁၆ မိုင်သာ ကျယ်ဝန်းတယ်လို့ ပြောပါတယ်။

အကူအညီပေးဖို့ အခက်တွေ့နေ - ပါလက်စတိုင်း လခြမ်းနီအဖွဲ့

အစ္စရေးဘက်က လမ်းတွေပိတ်ပြီး အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးထားတဲ့အကျိုးဆက်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးသူတွေဟာ ဂျနီးဒုက္ခသည်စခန်းထဲကို ဝင်ရောက်ပြီး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ခက်နေတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်စခန်းထဲက လမ်းတွေထဲမှာ သွားလာဖို့ ခက်ခဲနေပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ခွင့်မပေးတာလည်း ကြုံနေရတယ်လို့ အဲဒီအဖွဲ့က နဘဲ ဖာရ်ဆက်ခ်က ပြောပါတယ်။

''ဒုက္ခသည်စခန်းထဲမှာ ကျွန်မတို့ လူနာတင်ယာဥ်တွေ မောင်းဖို့ အတော်လေး ခက်ခဲနေတယ်။ တချို့ကားတွေဆိုရင် အပျက်အစီးတွေကြား ရှေ့ဆက်မရဖြစ်နေတယ်'' လို့ သူက ပြောပါတယ်။

ဂျနီးမြို့က အကြမ်းဖက်မှုအခြေအနေတွေကနေ ရုန်းထွက်ဖို့ ကြိုးစားကြတဲ့ ဒေသခံတွေကို အကူအညီပေးရေးဟာ လျှပ်စစ်မီးပြတ်တောက်တာနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ညလုံးပေါက် ကူညီရေး အတော်လေး ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။

တယ်လ် အဗီမြို့မှာ ကားတိုက်မှုဖြစ်

တယ်လ် အဗီမြို့မှာ ပြီးခဲ့တဲ့ နာရီပိုင်းတုန်းက လမ်းသွားလမ်းလာတွေကို ကားတစ်စီးက ဝင်တိုက်မှုဖြစ်ခဲ့လို့ လူ ၇ ဦး ဒဏ်ရာရပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမက်စ်ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လုပ်ရပ်ဖြစ်ပြီး ''ကျွန်ုပ်တို့ လူတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာကို သဘာဝအတိုင်းတုံ့ပြန်တာဖြစ်တယ်။ လူ့စံနှုန်းတွေကို ချိုးဖောက်ပြီး နေရာယူတဲ့ (အစ္စရေး) လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတယ်'' လို ကြေညာချက် ထုတ်ပြန်ပါတယ်။

''နယ်မြေသိမ်းပိုက်ထားသူတွေအနေနဲ့ ထိခိုက်သေဆုံးမှုဖြစ်လာနိုင်ချေကို ထွက်ဆထားပါ။ ကျုပ်တို့ ကလေးတွေရဲ့အသက်တွေဟာ စျေးမပေါဘူး''လို့လည်း ဟားမက်စ်အဖွဲ့က ကြေညာပါတယ်။

ကားနဲ့တိုက်ခိုက်သူဟာ အခင်းဖြစ်တဲ့နေရာမှာပဲ ရှင်းလင်းခံရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အ‌နောက်ဘက်ကမ်းဆိုတာ ဘာကိုပြောတာလဲ

တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်မှာ အစ္စရေးနယ်မြေတွေဝန်းရံနေပြီး ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်ကမ်းပေါ်မှာရှိတာကြောင့် အနောက်ဘက်ကမ်းလို့ အမည်တွင်တာဖြစ်ပါတယ်။

အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်ထားတာ ၁၉၆၇ ခုနှစ် စစ်ပွဲကတည်းက ဖြစ်ပေမဲ့ အစ္စရေးရော၊ ပါလက်စတိုင်းဘက်ကပါ သူပိုင်တယ်၊ ကိုယ်ပိုင်တယ်လို့ အကြိမ်ကြိမ်ဆွေးနွေးနေကြရတဲ့ဒေသဖြစ်နေဆဲပါ။

အစ္စရေးစစ်တပ်အုပ်ချုပ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနည်းအကျဥ်းရနေတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းအာရပ်တွေ ၂.၁ သန်းကနေ ၃ သန်းအထိနေထိုင်နေကြတယ်လို့ ခန့်မှန်းရပါတယ်။

အရှေ့ ဂျေရုစလင် မပါဝင်တဲ့ အနောက်ဘက်ကမ်းဒေသထဲက အစ္စရေးသိမ်းပိုက်ထားရာအရပ်တွေမှာ ထူထောင်ထားတဲ့နေရပ်နေရာပေါင်း ၁၃၀ ကျော်မှာ အစ္စရေး ဂျူးလူမျိုး ၄၃၀,၀၀၀ လည်းနေထိုင်နေကြပါတယ်။