ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ်လ ၆ ရက် တနင်္လာနေ့ည နိုင်ငံတကာ သတင်းများ
အီရန်ကျောင်းသူတွေကို ပစ်မှတ်ထားတဲ့ အဆိပ်ခတ်မှုတွေက "ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ရာဇဝတ်မှု" ပဲလို့ အီရန်ရဲ့ အထွတ်အမြတ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောလိုက်ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူက လူသိရှင်ကြား ပထမဆုံအကြိမ်မှတ်ချက်ပေးတာ ဖြစ်ပြီး လုပ်ဆောင်ခဲ့တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလအတွင်းက ကွမ်မြို့မှာအဆိပ်ခတ်မှု စဖြစ်ခဲ့ပြီး နောက်ပိုင်း စာသင်ကျောင်းတွေ တက္ကသိုလ်တွေမှာ မိန်းကလေးနဲ့ အမျိုးသမီးပေါင်း ၁,၀၀၀ ကျော် အဆိပ်ခတ်တာခံခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။
လူတွေ ရာနဲ့ချီပြီးလည်း ဆေးရုံတက်ခဲ့ရပါတယ်။
အဲဒီလိုလုပ်တာတွေကြောင့် တချို့ မိဘတွေက ကလေးတွေကို ကျောင်းမလွှတ်တော့ဘဲ အာဏာပိုင်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ရှားရှားပါးပါး ထွက်လာတဲ့ ကြေညာချက်တခုထဲမှာ အီရန်လွှတ်တော် ဆိုင်ရာ အမျိုးသား လုံခြုံရေး ကော်မရှင် အဖွဲ့ဝင် တယောက်က ဒီတိုက်ခိုက်မှုတွေဟာ "အစီအစဉ်ရှိရှိ လုပ်တဲ့ လှုပ်ရှားမှု" ဖြစ်တယ်လို့ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေရဲ့ အတင်းအဓမ္မခိုင်းစေမှု ခံခဲ့ရတဲ့ နိုင်ငံသားတွေကို အစိုးရ ကပဲ လျော်ကြေးပေးမယ့်အစီအစဉ်ကို တောင်ကိုရီးယား က ကြေညာလိုက်ပါတယ်။
စစ်အတွင်းမှာ ခန့်မှန်းခြေတောင်ကိုရီးယား ၅ သိန်းလောက် ဂျပန်အတွက် အလုပ်လုပ်ပေးခဲ့ရပါတယ်။
၁၉၆၀ နှစ်တွေအတွင်းက ဂျပန်အစိုးရအနေနဲ့ အဲဒီသူတွေအတွက် လျော်ကြေးငွေ ဒေါ်လာ သန်း ၅၀၀ တောင်ကိုရီးယားကို ပေးခဲ့ပေမယ့် ခံခဲ့ရသူ ကာယကံရှင်တွေကို ဂျပန်အနေနဲ့ တိုက်ရိုက်ပေးပါလို့ တရားရုံး ဆုံးဖြတ်ချက် တခုအရ တောင်ကိုရီးယားက လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။
အခု ဆိုးလ်ရဲ့ အစီအစဉ်သစ်ကို ဂျပန်အစိုးရက ကြိုဆိုကြောင်း ပြောလိုက်ပြီး ဂျပန်ကုမ္ပဏီအဝွေအနေနဲ့လည်း ဒီလို လျော်ကြေးထောက်ပံ့မှု အစီအစဉ်ကို ပါဝင် ကူညီကြဖို့ တိုက်တွန်းလိုက် ပါတယ်။
ပင်တဂွန်က သတင်းရင်းမြစ်ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေထဲမှာဖော်ပြနေကြတဲ့ အမေရိကန် ဆိပ်ကမ်းတွေမှာ သုံးနေကြတဲ့ တရုတ်လုပ် ကုန်တင်ကုန်ချ ကရိန်းစက်ကြီး တွေမှာ လျှို့ဝှက် စုံစမ်းထောက်လှမ်းတဲ့ ကိရိယာတွေ ထည့်သွင်းထားနိုင်တယ် ဆိုတာကို တရုတ်အစိုးရက ပယ်ချငြင်းဆိုလိုက်ပါတယ်။
ဒီသတင်းတွေဟာ တရုတ်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဟန့်တားဖို့ ကြောင့်ကြလွန်တဲ့ စိတ်မူမမှန်ဆောင်ရွက်ချက် မျှသာဖြစ်တယ်လို့ ဘေဂျင်းက ဆိုပါတယ်။
တရုတ်အခြေစိုက် ZPMC ကုမ္ပဏီက ထုတ်လုပ်တဲ့ ကုန်တင် သင်္ဘောကြီးတွေပေါ်ကနေ ဆိပ်ကမ်းကို ကုန်ချတဲ့နေရာမှာ သုံးတဲ့ ကရိန်းစက်ကြီး တွေကို ထရိုဂျင် မြင်းရုပ်ကြီးတွေနဲ့ တင်စားပြီး အမေရိကန် အမျိုးသား လုံခြုံရေး အရာရှိတွေက ပြောတာကိုကိုးကားပြီး ဝေါလ်စထရိ ဂျာနယ်က ရေးသားထားပါတယ်။
အခုသီတင်းပတ်တွေ အတွင်းမှာပဲ လုံခြုံရေးကိစ္စကို အကြောင်းပြကာ တရုတ်လုပ် အက်ပ်တခုဖြစ်တဲ့ တစ်တော့ပ် အက်ပ်တွေ ကို မသုံးကြဖို့ အမေရိကန်က သူ့အစိုးရဌာနတွေကို ညွှန်ကြားခဲ့သလို တရုတ်ရဲ့ စောင့်ကြည့်လေ့လာရေး မိုးပျံ ဘောလုံး တခုကို ပစ်ချခဲ့ပါတယ်။