အစ္စရေးစစ်တပ်တွေ ဂါဇာက အယ်ရှီဖာ ဆေးရုံထဲ၀င်စီး - နို၀င်ဘာ ၁၅ ရက် ညနေခင်း သတင်းများ

ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသက အကြီးဆုံး ဆေးရုံ ဖြစ်တဲ့ အယ်လ်ရှီဖာမှာ အစ္စရေး စစ်သား ရာနဲ့ချီ တင့်ကားတွေနဲ့ ဝင်စီးထားပါတယ်။

ဆေးရုံအပြင်ဘက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဟားမတ်စ် သေနတ်သမား ငါးယောက် သေဆုံးသွားတယ်လို့ အစ္စရေး စစ်တပ်က ပြောပြီး သူတို့အဆိုအရ ဆေးရုံဝန်းအတွင်း အကြမ်းဖက်သမား စစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံထဲမှာ ရှာဖွေမှုတွေ လုပ်နေသလို လူနာတွေ ဝန်ထမ်းတွေနဲ့ တခြားလူတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဒီစစ်ဆင်ရေးကို အစ္စရေးစစ်တပ်က ပစ်မှတ်ကို အဓိကထား တဲ့ စစ်ဆင်ရေးလို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကလွဲလို့ အသက် ၁၆ နှစ် ကနေ ၄၀ အတွင်း အမျိုးသားတွေကို ဆေးရုံအဆောက်အအုံကနေ ထွက်ခွာဖို့လည်း မှာကြားထားပါတယ်။

လောင်စာဆီ အကြပ်အတည်းနဲ့ ဂါဇာ

လတ်တလော ဂါဇာအရေးအခင်း ဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အနေနဲ့ လောင်စာဆီတင်ယာဉ် တစင်း အီဂျစ်ကနေ ရာဖာနယ်စပ်ကို ဖြတ်ပြီး ရောက်ရှိလာပါတယ်။

ဒီလောင်စာဆီတွေဟာ ကုလသမဂ္ဂ အဖွဲ့အစည်းပိုင် ယာဉ်တွေအတွက် ဖြစ်ပြီး ဆေးရုံတွေကို ပေးဖို့ မဟုတ်ဘူးလို့ သိရပါတယ်။

လျှပ်စစ်မီး ဖြတ်တောက် ခံထားရတဲ့ ဂါဇာ ဆေးရုံတွေမှာ မီးစက်မောင်းဖို့ လောင်စာဆီ ပြတ်နေတာကြောင့် လည်ပတ်လို့ မရဘဲ အခုအခါ ဆေးရုံ အများစု ပိတ်ထားရတဲ့ အခြေအနေပါ။

လောင်စာဆီ ဂါဇာထဲ ပို့ဆောင်မှု ဖြတ်တောက်ထားတဲ့ အစ္စရေးကတော့ ဒီဆီတွေကို ဟားမတ်စ်အဖွဲ့က သိုလှောင်ထားနိုင်တယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ လောင်စာဆီ ပြတ်နေတာကြောင့် စာနာမှု အကူအညီတွေလည်း ဖြန့်ဝေမပေးနိုင်ဘဲ ဖြစ်နေရတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂက ပြောကြားထားပါတယ်။

အခုရလာတဲ့ ထရပ်ကား တစင်းစာ လောင်စာဆီဟာလဲ တနေ့တာ လိုအပ်ချက်ရဲ့ ဆယ်ပုံတပုံပဲ ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့တွေက ပြောပါတယ်။

အတိုက်အခံ ပါတီကြီး နှစ်ခုပေါင်းလိုက်တဲ့ ထိုင်ဝမ်အနာဂတ်နိုင်ငံရေး

ထိုင်ဝမ်မှာ လာမယ့် ဇန်ဝါရီ သမ္မတ ရွေးကောက်ပွဲ အတွက် အဓိက အတိုက်အခံ ပါတီကြီး နှစ်ခုမဟာမိတ် ဖွဲ့လိုက်တာကြောင့် ဒါက တရုတ်-ထိုင်ဝမ် ဆက်ဆံရေးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။

ထိုင်ဝမ်ကို တရုတ်က သူတို့ပိုင် အဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ် ကတော့ သူတို့ကျွန်းကို သူတို့ဘာသာ အုပ်ချုပ်နေတာလို့ မှတ်ယူထားပါတယ်။

အခုလို အတိုက်အခံ ပါတီကြီး နှစ်ခုပေါင်းလိုက်တာကြောင့် ထိုင်ဝမ်လွတ်လပ်ရေးကို ကိုင်စွဲထားတဲ့ လက်ရှိ အာဏာရပါတီကို အနိုင်ရနိုင်ခြေ ပိုများသွားတာပါ။

ထိုင်ဝမ်မှာ အတိုက်အခံတွေက တရုတ်နဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ဖို့ တောင်းဆိုနေပါတယ်။

အခုပေါင်းစည်းလိုက်တဲ့ အတိုက်အခံ ပါတီ နှစ်ခုကနေ ဘယ်သူက သမ္မတ အဖြစ် ဝင်ပြိုင်မလဲ ဆိုတာကို သဘောထား စစ်တမ်းကောက်ယူ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

သမ္မတရှီနဲ့ သမ္မတ ဘိုင်ဒန် ဆွေးနွေးပွဲက ရလဒ်ဘယ်လိုထွက်နိုင်မလဲ

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ တနှစ်အတွင်း ပထမဆုံးအနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှု မတိုင် ဆန်ဖရန်စစ္စကိုမှာ တညတထောက်နားနေပါတယ်။

၂၀၁၇ တုန်းကတော့ သမ္မတ ရှီဟာ အမေရိကန်ကို သွားခဲ့ဖူးပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲအပြင် ထပ်တလဲလဲ သဘောကွဲမှုတွေ ရှိနေတဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

အာရှပစ္စဖိတ် ညီလာခံ တက်ရင်း သီးခြား တွေ့ဆုံကြမယ့် ဒီဆွေးနွေးပွဲကနေ စစ်ရေးဆိုင်ရာပြောဆိုဆက်သွယ်မှုတွေ ပြန်လုပ်နိုင်လာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။

ဆေးမတိုးတဲ့ပြဿနာကြောင့် သေဆုံးမှု တိုးလာ

ဗြိတိန်မှာ ပဋိဇီဝဆေးတွေ မတိုးတော့တဲ့အတွက် သေဆုံးသူ အရေအတွက် တဖြည်းဖြည်း တိုးလာတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မနှစ်တုန်းကဆိုရင် အဲဒီလိုသေဆုံးသူ အရေအတွက်ဟာ အဲဒီမတိုင်ခင် ၁၂ လတုန်းကထက် ၄ ရာခိုင်နှုန်း တိုးလာတာပါ။

ကိုဗစ်ကာလမှာ ဆရာဝန်တွေက ပဋိဇီဝဆေးပေးတာတွေ လျော့ကျခဲ့ပြီးနောက် အခုအခါမှာတော့ ဒီပြဿနာ ကြီးထွားလာတာ ဖြစ်ပါတယ်။

ကျန်းမာရေး အရာရှိတွေကတော့ လူတွေကို လိုအပ်မှ ဆေးသောက်ဖို့ သတိပေးနေပြီး ကိုယ်မသောက်ပဲကျန်တဲ့ဆေးတွေကို တခြား ဆွေမျိုး မိတ်ဆွေတွေကို မပေးဖို့ မှာကြားထားပါတယ်။

၂၀၁၉ တုန်းက သုတေသန စစ်တမ်း တခုမှာလည်း ဆေးမတိုးတဲ့ ပြဿနာကြောင့် ကမ္ဘာတလွှား လူသတန်းကျော် သေဆုံး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။