ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေဒင်္ဂါးတွေ ထုတ်ရောင်းမယ့်အကြောင်း စစ်ကောင်စီ ဘာပြောသလဲ
တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ပေါက်စျေးအတိုင်း စစ်ကောင်စီက မကြာခင်မှာ ရောင်းချပေးပါတော့မယ်။
ရွှေဒင်္ဂါးပြားတွေ ရောင်းချပေးမှုကို ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး အခု ၂၀၂၂ စက်တင်ဘာလမှာ ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ် ရောင်းချဖို့ ပြင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကမ္ဘာ့ပေါက်စျေးအတိုင်း သက်သာတဲ့ စျေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ဝန်ကြီးဌာနအောက် သတ္တုတွင်းတွေ ရွှေလုပ်ကွက်တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာပါ။ ဒါဟာအခုကြုံနေရတဲ့ ရွှေစျေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်။ မကြာခင်ရောင်းချပေးတော့မှာပါ” လို့ ဆိုပါတယ်။
ရွှေတူးဖော်လုပ်ကိုင်သူတွေက သူတို့ တူးဖော်တဲ့ ရွှေထဲကနေ အလေးချိန်အလိုက် ဌာနကို အခွန်ပေးသွင်းဖို့ သတ်မှတ်ထားတာ ရှိပါတယ်။
တရှိန်ထိုး ဈေးတက်နေတဲ့ ရွှေစျေးကွက်ကို ထိန်းဖို့ကြိုးစားတဲ့ အနေနဲ့ စစ်ကောင်စီက ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။
ရောင်းချမယ့်ရွှေ ဒင်္ဂါးတွေဟာ နိုင်ငံတော်ရဲ့ အရန်ငွေကြေး၊ ရွှေတွေနဲ့ မသက်ဆိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိမြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးထက် မြင့်တက်နေတာဖြစ်ပါတယ်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ အကယ်ဒမီ မီးလင်းရွှေစျေးက တစ်ကျပ်သားကို မြန်မာငွေ ကျပ် ၁၉ သိန်း ကိုးသောင်းကျော် (၁,၉၉၈,၀၀၀) သာရှိပြီး ပြင်ပ ပေါက်စျေးက သိန်း ၃၀ ကျော်နဲ့ စက်တင်ဘာ ၂ ရက်က စျေးပိတ်ခဲ့ပါတယ်။
ကိုယ်တိုင် ရွှေပြားဝယ်ခဲ့သူတစ်ယောက်က ကျပ် ၃၂ သိန်း ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ဘယ်သူတွေ ဝယ်ခွင့်ရမလဲ၊ ဘယ်လောက် ဝယ်ခွင့်ရှိလဲ
ကမ္ဘာ့ရွှေစျေး အတိုင်း ရွှေဒင်္ဂါးတွေကို ရောင်းချပေးမယ် ဆိုတဲ့ အတွက် ဝယ်ယူလိုသူတွေကြား စိတ်ဝင်တစားရှိခဲ့ကြပါတယ်။
ရွှေဒင်္ဂါးပြားတွေကို မှတ်ပုံတင်ပြပြီး ဘယ်သူမဆိုဝယ်ယူနိုင်တယ်ဆိုပေမဲ့ တစ်ယောက်ကို ဘယ်လောက် ၀ယ်ယူခွင့်ရမယ်၊ တန်ချိန် ဘယ်လောက် ရောင်းချမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းခဲ့ပေမဲ့ မသိရှိရသေးပါဘူး။
စစ်ကောင်စီက ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းမယ်လို့ကြေညာခဲ့ပြီးနောက် ၀ယ်ယူလိုသူတွေက ရွှေအသင်းကို ဆက်သွယ်မေးမြန်းတာတွေ ရှိခဲ့ပြီး အဲဒီလို ရွှေဒင်္ဂါးပြားတွေကို မူလက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းက ကျောက်မျက် ရုံးခန်းမှာ ရောင်းချလေ့ရှိတာကြောင့် အဲဒီကိုသာ လမ်းညွှန်ခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့က ရောင်းချခဲ့မှု ရှိမရှိ ဆိုတာတော့ မသိရှိကြောင်း ရွှေအသင်း တာ၀န်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရွှေဒင်္ဂါးပြားတွေ မြန်မာ့ကျောက်မျက် ရုံးခန်းမှာရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ကျောက်မျက်ရုံးခန်းရှေ့မှာ လာရောက်ဝယ်ယူသူတွေ စုရုံးခဲ့တယ်လို့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိရအောင် ဘီဘီစီက မြန်မာ့ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ သယံဇာတနဲ့ သဘာ၀ပတ်၀န်းကျင်၀န်ကြီးဌာန၊ သတ္တုတွင်းဌာန တာ၀န်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
အရင်ကတော့ ရွှေစျေးတွေက သိပ်မတက်၊ အစိုးရ ရောင်းစျေးနဲ့ အပြင်စျေးကလည်း အတူတူပဲ ဆိုတော့ လူတွေက သိပ်စိတ်မဝင်စားကြဘူးလို့ စောစောက ပြောတဲ့ ရွှေလုပ်ငန်းရှင်များ အသင်းက တာ၀န်ရှိသူက ပြောပါတယ်။
ကမ္ဘာ့ရွှေစျေးနှုန်းအတိုင်း စစ်ကောင်စီက သတ်မှတ်ရောင်းချပေးမယ်လို့ဆိုပေမဲ့ ရွှေဒင်္ဂါးဖြစ်တာကြောင့် လက်ခ ထပ်ဆောင်းယူတာမျိုး ရှိတယ်လို့ အရင်က ရွှေဒင်္ဂါးပြား ဝယ်ယူဖူးသူ တချို့က ပြောပါတယ်။
တကျော့ပြန် ရွှေဒင်္ဂါးရောင်းချမှုက ရွှေစျေးထိုးတက်တာကို ထိန်းနိုင်မလား
အခုလို ရွှေင်္ဂါးတွေ ရောင်းချတာဟာ ရောင်းချပေးရုံ သက်သက်ပဲ ဖြစ်ပြီး ဝယ်ယူဖို့ ကန့်သတ်မှုတွေ ရှိနေရင် ပြင်ပ ရွှေစျေးကွက်အပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဘယ်သူမဆို လွတ်လွတ်လပ်လပ်၀ယ်ယူ နိုင်မှသာ ပြင်ပ စျေးကွက်ကို ထိန်းနိုင်မယ်လို့ စီးပွားရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။
စီးပွားရေး အကြံပေးပညာရှင်တစ်ယောက်ကတော့ လိုချင်သလောက် ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေသေးတယ် ဆိုရင် ရွှေစျေးအပေါ်မှာ သက်ရောက်မှုက သိပ်ရှိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရွှေတွေကို နိုင်သလောက် ပြန်ရောင်းပေးနေတယ် ဆိုတာမျိုးကြောင့် စိတိပိုင်းဆိုင်ရာ အနေနဲ့ အနည်းငယ် သက်သာမှု ရပြီး အတင်း လု ဝယ်တာမျိုး မဟုတ်တော့ဘဲ အနည်းငယ်တော့ သက်ရောက်မှု ရှိနိုင်ပါတယ်လို့ ပြောပါတယ်။
စက်သုံးဆီ စျေးတွေ မြင့်တက်လာတဲ့အတွက် ကုန်စျေးနှုန်းကြီးမြင့် လာတာကို သက်သာစေဖို့ဆိုပြီး ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စျေးကွက်ထဲကို အမေရိကန် ဒေါ်လာသန်း ၂၀၀ ချထားခဲ့ပြီးနောက် စက်သုံးဆီနဲ့ ဒေါ်လာစျေး အနည်းငယ် ပြန်လည် ကျဆင်းလာခဲ့ပေမဲ့ ကုန်စျေးနှုန်းတွေကတော့ သိသိသာသာကျဆင်းသွားတာ မတွေ့ရသေးပါဘူး။
အခု တခါ ရွှေစျေး အဆမတန်မြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး ရွှေဒင်္ဂါးတွေ ထုတ်ရောင်းဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။