ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားကို စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေက ဘာတွေလဲ၊ ဘယ်လို အရေးယူနိုင်မလဲ
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ယူကရိန်းမှာ ကလေးသူငယ်တွေကို ဥပဒေမဲ့ နယ်နှင်ဒဏ်ပေးမှု အပါအဝင် စစ်ရာဇဝတ်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
အခုလို ICC က ဖမ်းဝရမ်းထုတ်တဲ့အထဲမှာ ရုရှားက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ မာရီယာ လဗိုဗာ ဘလိုဗာ လည်း အပါအဝင် ဖြစ်ပါတယ်။
ယူကရိန်းဘက်က အဆိုအရဆိုရင် ရုရှားစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို စတင်ကျူးကျော်စစ် ဆင်နွှဲပြီးတဲ့ နောက်ပိုင်း သောင်းနဲ့ချီတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ဟာ ယူကရိန်းမှာ ၂၀၁၃ နောက်ပိုင်းကတည်းက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ စစ်ဆေးနေတာ ဖြစ်ပြီး ၂၀၁၃ မှာ ရုရှားက ယူကရိန်းရဲ့ ကရိုင်းမီးယားဒေသကို သူ့လက်အောက်ထဲ မသွင်းရသေးပါဘူး။
စစ်ရာဇဝတ်မှုဆိုတာ ဘာလဲ
နိုင်ငံတကာ ဥပဒေနဲ့ သဘောတူညီချက်တွေ ရှိထားသလိုပဲ နိုင်ငံတွေ စစ်တိုက်ကြမယ်ဆိုရင်လည်း လိုက်နာရမယ်ဆိုတဲ့ စည်းကမ်းတွေ ရှိနေပြီး ဒီစည်းကမ်းတွေ ပါဝင်တဲ့ ဂျနီဗာ ကွန်ဗန်းရှင်းကို ဒုတိယကမ္ဘာစစ်အပြီးမှာ နိုင်ငံတကာ ခေါင်းဆောင်တွေက စုပေါင်း ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ စစ်တပ်အနေနဲ့ အရပ်သားတွေကို တမင်တကာ တိုက်ခိုက်ခြင်း မလုပ်ရဘူး ဆိုတဲ့အချက်နဲ့ အရပ်သားတွေ အသက်ရှင်သန်ရေးအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကိုလည်း တမင်တကာ မတိုက်ခိုက်ရဘူး ဆိုတဲ့အချက် ပါဝင်ပါတယ်။
ဒါ့အပြင် လက်နက်အသုံးပြုရာမှာလည်း တိတိကျကျ ပစ်မှတ်မထားဘဲ ထိချင်သလို ထိသွားနိုင်တဲ့ လက်နက်မျိုး ဒါမှမဟုတ် အလွန်ဆိုးရွားစွာ လူကို ထိခိုက်နိုင်တဲ့ လက်နက်မျိုးကို အသုံးပြုတာဟာလည်း စစ်ရာဇဝတ်မှု မြောက်ပါတယ်။
အခုလို လက်နက်အမျိုးအစားတွေကတော့ ဥပမာအားဖြင့် လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်း၊ ဓာတု လက်နက်နဲ့ ဇီဝ လက်နက်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အကျဉ်းသား အခွင့်အရေးအနေနဲ့ စစ်အတွင်း စစ်သားတွေ အပါအဝင် နာမကျန်းသူနဲ့ ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ပေးရမယ် ဆိုတဲ့ တာဝန်တရပ်လည်း ရှိနေပါတယ်။
လူအုပ်စုတခုကို သတ်ဖြတ်တာ၊ အဓမ္မ ကျင့်တာ ဒါမှမဟုတ် ခွဲခြား ဆက်ဆံ အပြစ်ပေးတာတွေဟာလည်း လူသားမျိုးနွယ်ကို ပစ်မှတ်ထားတဲ့ ပြင်းထန်သော ရာဇဝတ်မှု အဖြစ် အကျုံးဝင်ပြီး လူမျိုးတုံးစေနိုင်သော အမှုကျူးလွန်ခြင်း ဂျီနိုဆိုက် လည်း မြောက်သွားနိုင်ပါတယ်။
ရုရှားသမ္မတ ပူတင်ကို လတ်တလောအထိ ဘယ်လိုစွဲချက်တွေ တင်ထားကြပြီးပြီလဲ
ကုလသမဂ္ဂရဲ့ ယူကရိန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဆိုအရ ယူကရိန်း ကလေးငယ်တွေကို ရုရှားဆီ တရားမဝင် ရွှေ့ပြောင်းမှုနဲ့ ပတ်သက်တဲ့ သက်သေတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ဒီကလေးငယ်တွေကို ရုရှားနိုင်ငံသူ နိုင်ငံသားတွေအဖြစ် ဖိအားပေး ခံယူစေပြီး သူတို့ကို မွေးစားမယ့် မိသားစုတွေဆီကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်တာဟာ ကလေးတွေကို ရုရှားမှာပဲ အမြဲတမ်း နေထိုင်ဖြစ်သွားအောင် လမ်းကြောင်းရှာ ပုံဖော် လုပ်ဆောင်မှု ဖြစ်တယ်လို့လည်း ယူကရိန်းဆိုင်ရာ ကုလကော်မရှင်ရဲ့ အစီအရင်ခံစာက ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးသူ အဆိုအရ အဲဒီ ကလေးသူငယ် ပြောင်းရွှေ့မှုတွေဟာ ယာယီဖြစ်သင့်တဲ့ကြားက အများအားဖြင့် အချိန်ကြာသွားပြီး မိဘနဲ့ သားသမီးအကြား အဆက်အသွယ်ရဖို့ကလည်း အတားအဆီးအမျိုးမျိုး ကြုံရတယ်လို့ ဆိုပါတယ်။
ယူကရိန်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ယူကရိန်းကနေ ရုရှားကို အတင်းအကျပ် ခေါ်ဆောင်သွားခံရတဲ့ ကလေးသူငယ် စုစုပေါင်း ၁၆၂၂၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
အခုလို ကလေးသူငယ်တွေကို အတင်းအကျပ် ပြည်နှင်ဒဏ်ပေးတာဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဒီကုလသမဂ္ဂ အစီအရင်ခံစာက ကောက်ချက်ချထားပါတယ်။
ရုရှားက တခြားဘယ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားသလဲ
ကုလသမဂ္ဂ အဆိုအရ ရုရှားစစ်တပ်ဟာ အဓမ္မကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတင်မကသေးပဲ ရုရှားက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တောက်လျှောက် တိုက်ခိုက်နေမှုလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ကြီးမားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုအတွက်လည်း အပြစ်ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရုရှားစစ်တပ်တွေ တပ်စွဲထားခဲ့တဲ့ နေရာတွေမှာ လူတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာမျိုးတွေကိုလည်း တွေ့ရှိထားရာမှာ နှိပ်စက်ခံထားရပုံပေါ်တဲ့ အရပ်သား အလောင်းတွေလည်း အပါအဝင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလမှာ ဆိုရင်လည်း ယူကရိန်းမြို့တော် ကိဗ် အပြင်ဘက်က မြို့တမြို့ဖြစ်တဲ့ ဘူခါမြို့မှာ အရပ်သားအလောင်း ၄၀ဝ ကျော် တွေ့ရှိခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ ဟာကိဗ်ဒေသက အစ်ဒီယမ်မှာ အရပ်သား အများစုပါဝင်တဲ့ အလောင်း ၄၅၀ ကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာကို တွေ့ရှိခဲ့ရပြန်ပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကနေ နိုဝင်ဘာလအတွင်း ခါဆွန်ဒေသကို သိမ်းပိုက်ထားစဉ်မှာ စစ်ရာဇဝတ်မှုပေါင်း ၄၅၀ ကျော်ကို ကျူးလွန်ခဲ့နိုင်ကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက ပြောဆိုထားပါတယ်။
ဒါ့အပြင် ရုရှားဟာ မတ်လ ၂၀၂၂ ခုနှစ်မှာ မာရီယူပိုးမြို့က ကလေးသူငယ်တွေ စစ်ဘေးခိုလှုံတဲ့ နေရာအဖြစ် အသုံးပြုနေတဲ့ ဇာတ်ရုံတရုံကို လေကြောင်းတိုက်ခိုက်ရာမှာ လူ ၃၀ဝ လောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။
အဲဒီလ အတွင်းမှာပဲ မာရီယူပိုးမြို့ကို ဆေးရုံတရုံကို ရုရှားလက်နက် ထိမှန်မှုကြောင့် ကလေးတဦးအပါအဝင် သုံးဦးသေဆုံးတယ်လို့ ယူကရိန်းဘက် ဆိုပါတယ်။
စစ်ရာဇဝတ်မှုတွေကို ဘယ်လို ပြစ်ဒဏ်ချနိုင်မလဲ
ယူကရိန်းဟာ ရုရှားတင့်တားတပ်ဖွဲ့က အသက် ၂၁ နှစ်အရွယ် ဗာဒင် ရှစ်ရှမရင်ကို လက်နက်မဲ့အရပ်သားကို ပစ်ခတ်မှုနဲ့ ထောင်တသက် ပြစ်ဒဏ်ချခဲ့ပြီး ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ရက်အနည်းငယ် အတွင်းမှာပဲ ယူကရိန်းအရှေ့မြောက်ဒေသက ချူပါ ကိဗ်ကာ မြို့မှာ အသက် ၆၂ နှစ်အရွယ် အိုလက်ဆန်းဒ် ရှဲလိပေါ့ဗ် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ အစိုးရရှေ့နေချုပ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအထိ စစ်ရာဇဝတ်မှု တရားခံ ၁၃၅ ယောက်ကို စွဲချက်တင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဟျုဂျ် ဝီလျံဆမ်ကတော့ စစ်ရာဇတ်မှုတွေမှာ အထက်ရာထူးအဆင့်ဆင့်ရဲ့ ပါဝင်ပတ်သက်မှုကို သက်သေထူဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။
အခုလို သက်သေထူရာမှာ ခေါင်းဆောင် အထက်အရာရှိက ပြစ်မှုကို အမိန့်ပေးတာ ဒါမှမဟုတ် အောက်ခြေက ကျူးလွန်တာကို မသိကျိုးကျွန်ပြုတာမျိုး ရှိမရှိကိုလည်း ရှာဖွေရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ဘာလုပ်နိုင်မလဲ
ရုရှားနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထူထောင်တဲ့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် အမှုစစ်ဖို့ တရားခံ လွှဲပြောင်းပေးမှု ဖြစ်လာနိုင်ခြေ နည်းပါတယ်။
ICC အနေနဲ့လည်း ဘယ် သံသယ တရားခံကိုမှ ဖမ်းချုပ်ပိုင်ခွင့် အာဏာမရှိတဲ့အပြင် ယေဘုယျအားဖြင့် စစ်ရာဇဝတ် စပြီး စစ်နေတဲ့ တနိုင်ငံအတွင်း ဥပဒေစနစ် အားနည်းတဲ့ အခြေအနေတွေကျမှ ICC က ဝင်ရောက် အမှုစစ်ပေးလေ့ရှိတာ ဖြစ်ပါတယ်။
ICC ဟာ မတရားသော တိုက်ခိုက်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မဟုတ်ဘဲ စစ်တိုက်မှုဆိုတဲ့ ကြမ်းတမ်းစွာ စစ်ဆင်နွှဲမှုအတွက် နိုင်ငံရေး ခေါင်းဆောင် တဦးတယောက်ကို တရားစွဲပိုင်ခွင့် ရှိတယ်ဆိုပေမဲ့လည်း ရုရှားက ICC လက်မှတ်ထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့ အတားအဆီး ရှိနေပြန်ပါတယ်။
သဘောတရားအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်တိုင်က ICC ကို စုံစမ်းစစ်ဆေးဖို့ ခိုင်းစေနိုင်ပေမယ့် ဒီကောင်စီ အမြဲတမ်းအဖွဲ့ဝင် ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပြန်ပါတယ်။
ယူနီဗာစတီကောလိပ် လန်ဒန်က နိုင်ငံတကာ ဥပဒေရေးရာ ပါမောက္ခ ဖိလစ်ဆန်းကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ယူကရိန်းကို ကျူးကျော်မှု ရာဇ၀တ်မှုတွေကို စီရင်နိုင်ဖို့ သီးသန့် ခုံရုံးကို ဖွဲ့သင့်တယ်လို့ ပြောပါတယ်။