စစ်အာဏာသိမ်းတဲ့ခေတ်၊ စစ်ပွဲတွေနဲ့ စျေးနှုန်းတွေ

ရေးသားခဲ့သည်။

မြန်မာပြည်သူလူထု နေ့စဉ် မဖြစ်မနေ စားသုံးကြ၊ သုံးစွဲကြတဲ့ ဆန် ၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ နေ့စဉ်ရက်ဆက် တရိပ်ရိပ်နဲ့ စျေးတွေ မြင့်တက်လာခဲ့ရာမှာ ၂၀၂၃ ခုနှစ် နှစ်စကနေ လက်ရှိ ဧပြီလ ၄လတာ ကာလအတွင်းမှာပင် စျေးနှုန်း ၂ ဆ လောက် မြင့်တက်လာတာမျိုးတွေ အထိ ရှိတယ် လို့ စျေးရောင်းသူတွေ၊ နေ့စဉ်သုံးစွဲ ဝယ်ယူသူတွေနဲ့ ကုန်သည်တွေဆီကနေ သိရပါ တယ်။

အခု ဧပြီလ ဒုတိယ သီတင်းပတ်ထဲမှာပဲ ကုန်စည် စျေးနှုန်းတွေက အတက်ဘက်ကို တရှိန်ထိုး ဦးတည်လာနေရာမှာ အခြေခံ လူတန်းစားအများစု မှီခိုနေကြရတဲ့ ဟင်းသီး ဟင်းရွက်စျေးတွေ အထိ သက်ရောက်မှုတွေ ရှိလာပြီလို့ စျေးဝယ်ကြသူ ပြည်သူတွေက ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီ လလယ်ပိုင်းမှာ ဆန်စျေးက ၂၄ ပြည်ပါ တစ်တင်းခွဲ တစ်အိတ်ကို ဆန်ချော ဆိုရင် ၇၅,၀၀၀ ကျပ်၊ ဆန်ကြမ်း ဆိုရင် ၅၅, ၀၀၀ကျပ် စသဖြင့် ရှိခဲ့ရာကနေ ဧပြီလ သင်္ကြန်ပိတ်ရက် မတိုင်မီမှာ ဆန်စျေးနှုန်းတွေကိုကြည့်ရင် ပေါ်ဆန်းမွှေးဆန်ဆို အရည်အသွေးအလိုက် ၈၁, ၀၀၀ ကျပ်ကနေ ၁၁၀, ၀၀၀ ကျပ် အကြား ၊ မဂျမ်းတော ၈၁, ၀၀၀ ကျပ် ဝန်းကျင် နဲ့ ဆင်းသွယ် ၆၉, ၀၀၀ ကျပ် ဝန်းကျင် ၊ ရက်ကိုးဆယ် ၆၇, ၀၀၀ ကျပ် ဝန်းကျင်နဲ့ ဇီယာ ၅၉, ၀၀၀ ကျပ် တဝိုက် အထိ စျေးတက်လာပါပြီ။

ဒါ့အပြင် ဟင်းသီးဟင်းရွက်နဲ့ တခြားစားသောက်ကုန်တွေမှာလည်း စျေးတွေက နှစ်စကနဲ့ မတူဘဲ ၄ လ အတွင်းမှာ ဂေါ် ဖီ တစ်စိတ်ကို ၁,၀၀၀ ကျပ် ၊ ကြက်ဥ တစ်လုံးကို ၃၅၀ ကျပ် အထိဖြစ်လာပါတယ်။ ငရုတ်သီးစိမ်းဆိုရင် ၂၀၀ ကျပ် ဖိုးဝယ်လို့ ရနေရာကနေ အခုဆို အနည်းဆုံး ၅ ကျပ်သားယူရပြီး ၆၀၀ ကျပ် ပေးနေရပါပြီ။ အသားတွေ၊ ငါး တွေ မှာလည်း တစ်ဆယ်ကျပ်သားကို အနည်းဆုံး ကျပ် ၅၀၀ စီလောက် တက်လာတယ်လို့ သိရပါတယ်။

ပစ္စည်းတစ်မျိုးကို ၅၀ ကျပ်၊ ၁၀၀ ကျပ် တက်ပြီး တစ်မျိုးချင်းဝယ်တဲ့အခါ မသိသာလှပေမဲ့ ဝယ်ရတဲ့ အမျိုးအမည်တွေ များလာတဲ့အခါ အရင်ထက် ကုန်ကျ စရိတ် အများကြီးပိုလာတာက သိပ်သိသာ လာတယ်လို့ အိမ်ရှင်မတွေက ဆိုကြပါတယ်။

မီးဖိုချောင်သုံး သီးနှံတွေ ဒီလောက်စျေးတက်လာတယ် ဆိုတဲ့နေရာမှာ တချို့ ကုန်ကျ စရိတ်တွေကို စာနာ နားလည်မှုနဲ့ ထိန်းထားပေးလို့ ဒီလောက်ထိပဲ ဖြစ်နေသေးတဲ့ ပုံ ပါ။

သီးနှံစျေးကွက်မှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေတဲ့ သယ်ယူပို့ဆောင်ရေး လုပ်သား တစ်ယောက်က “အရင်တုန်းကဆို ၅ သောင်းဖိုး ဝယ်ရင် ၅ ထောင်လောက် ကျန်တယ်။ အခုက အားလုံး အဆင်မပြေကြတော့ ၇ သောင်း၊ ၈ သောင်း ရင်းတဲ့ နေရာမှာ ၇ ထောင်၊ ၈ ထောင် မရဘူး၊ မယူဘူး။ ကုန်စျေးနှုန်းတွေက ကြီးနေတော့ အကျိုး အမြတ်ကို သိပ်မတင်ကြပါဘူး။ ကြည့်ပြီးတော့ လုပ်နေရတာလေ” လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး တဲ့နောက် လောင်စာဆီ စျေးနှုန်းတွေကြီးလာတာ ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လမ်းပန်း ဆက်သွယ် သွားလာရေး မကောင်း တော့တာတွေ ဖြစ်နေတာပါ။ ဒါ့အပြင် စစ်ပွဲတွေကြောင့် မငြိမ်သက်နေတဲ့ အရပ် ဒေသတွေ မှာ မစိုက်ပျိုးနိုင်တော့တာတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုနှုန်း ကျဆင်း လာနေ ပါပြီ။ ဒီ အရေးတွေက ကုန်စျေးနှုန်းကြီးလာရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက သွင်းကုန် စားသောက်ကုန်တွေကို မှီခို နေကြရတဲ့ အတွက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ အထူးသဖြင့် မြဝတီ အာရှလမ်းမကြီးပေါ်က တိုက်ပွဲတွေကြောင့် လမ်းတွေ ရက်ရှည် ပိတ်နေ တာကလည်း ကုန်စျေးနှုန်းတက်ရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်တယ်လို့ စျေးသည်တွေနဲ့ ကုန်သည်တွေက ဘီဘီစီကိုပြောပါတယ်။

မြဝတီ အာရှလမ်းမကြီးကို အခု ဧပြီလ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပိတ်ထား မယ်လို့ စစ်အာဏာသိမ်း စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် အင်အားစု တချို့က ကြေညာထားတာကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်က သွင်းယူမယ့် ထိုင်းထွက် စိုက်ပျိုးရေး အသီးအနှံတွေ၊ စားသောက်ကုန်တွေဟာ မြဝတီက ကုန်သည်တွေရဲ့ ဂိုထောင်တွေမှာ ပုံနေပြီး ရန်ကုန်ဘက်ကို ပို့လို့ မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မြဝတီ ကုန်သည်တစ်ဦးက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး “ (လမ်း) ဖွင့်တဲ့ အချိန်ကို စောင့်ပြီးမှ တင်သွားရမှာ၊ အာရှ လမ်းမကြီး ပွင့်ရင်တော့ သွားလို့ရပါပြီ။ ဒီကြားထဲမှာ (ကော့ကရိတ်မြို့နယ်ထဲက) ထော့ကော်ကိုး ဘက်ကနေ ကားလေးတွေနဲ့ ကဲ့ပြီး အနည်းအကျဉ်း တင်ပြီးသွားကြတာတော့ တွေ့တယ်။ (ရန်ကုန်မှာ) အထဲမှာ မပြောနဲ့၊ ဘားအံမှာတောင် အရမ်းစျေးတက်သွားတယ်တဲ့။ အရင် ၁,၀၀၀ နဲ့ ရောင်းနေကြတာတွေက အခု ၁,၇၀၀၊ ၁,၈၀၀ တွေ ဖြစ်ကုန်တယ်လေ” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး မကြာမကြာ ပိတ်သွားအတွက် ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ်က ကုန်သွယ်မှု တန်ဖိုးဟာ ဒေါ်လာ သန်း ၂,၀၄၄ အထိ ကျဆင်းခဲ့ပြီး အဲဒီရှေ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းစာရင် ဒေါ်လာ ၄၇၇ သန်းခန့် ကျဆင်းသွားကြောင်း စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနရဲ့ စာရင်း တွေအရ သိရပါတယ်။

အခုလို ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေသလိုပဲ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားအစာ လျှော့စားရတဲ့အထိ ဝင်ငွေမလုံ‌လောက်မှု ရှိခဲ့တယ်လို့ ရန်ကုန်က လူပေါင်း ၃,၀၀၀ကို စစ်တမ်းကောက်ယူပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က မကြာသေးတဲ့ ကာလအတွင်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။