ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၀ ရက်ထိပ်တန်းသတင်းများ - ဒေါနိုးကူးစခန်းလက်နက်ကြီးကျတာကြောင့် စစ်ရှောင် ၆၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေး
မြန်မာ - ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းတဝိုက်ကို နိုဝင်ဘာဒုတိယအပတ်အတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးကျရောက်တာတွေခပ်စိပ်စိပ်ရှိလာတာကြောင့် ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုရာနဲ့ချီ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာတယ်လို့ သိရပါတယ်။
"၇ လပိုင်းတုန်းက ဒေါနိုးကူးစခန်းကိုလေကြောင်းအတိုက်ခံရလို့ စစ်ရှောင်တွေထိုင်းဘက်ခြမ်းပြောင်းနေခဲ့ကြတယ်။ အောက်တိုဘာလထဲမှာပဲ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ပြန်ပို့ခဲ့တာ။ အခု နိုဝင်ဘာ ၁၃ ၊၁၄ ရက်တွေမှာက လက်နက်ကြီးပြန်ကျလို့ ပြန်ပြောင်းလာကြတာ" လို့ စစ်ရှောင်ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်းဘက်ကလာတဲ့သတင်းတွေမှာတော့ စစ်ရှောင် ၅၉၁ ယောက်ဟာ နေရပ်ပြန်ခဲ့ရာကနေ ထိုင်းနိုင်ငံကိုပြန်လည်ခိုလှုံလာကြကြောင်း ဖော်ပြပါတယ်။ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ အပြောအရလည်း ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) အနီးမှာ ဒေါနိုးကူးစခန်းကနေ ခိုလှုံလာတဲ့ စစ်ရှောင်တွေရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြည်တွင်းစစ်ကြောင့်ခိုလှုံလာသူတွေကို ကရင်နီဒုက္ခသည်စခန်းတွေမှာအသိအမှတ်ပြုနေထိုင်ခွင့်ပေးခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော်စစ်ရှောင်လာသူတွေကိုတော့ တိုက်ပွဲငြိမ်သက်သွားချိန်မှာ နေရပ်ပြန်ပို့လေ့ရှိပါတယ်။
နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၂၅၄၄ ယောက် စစ်ရှောင်ခိုလှုံနေကြပြီး မြို့နယ်ခွဲတွေဖြစ်တဲ့ ခွန်ယွမ် မှာ စစ်ရှောင် ၅၈၃ ယောက်၊ မယ်ဆာရီယန်းက ကျေးရွာနှစ်ရွာမှာ ၄၈၈ ယောက် စစ်ရှောင်ခိုလှုံနေကြတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကစလို့ ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးအဖြစ်လှုပ်ရှားနေပြီး မြို့တော်လွိုင်ကော်မြို့ကို ရရှိဖို့တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်ဆင်နေကာ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းရော လက်နက်ကြီးပစ်ကူတွေပါ အလုံးအရင်းသုံးပြီးတန်ပြန်တိုက်ခိုက်နေကြပါတယ်။
ငွေတွေကိုလိုအပ်တာထက်ပိုထုတ်ပြီး လက်ဝယ်ထားရင် လုယက်ဓားပြတိုက်ခံရနိုင်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ပြော
ပြည်သူတွေစိုးရိမ်ပူပန်မှုလွန်ကဲပြီး ဘဏ်တွေကနေ ငွေတွေကို လိုတာထက်ပိုထုတ်ယူကာ လက်ဝယ်ထားရင် လုယက်ဓားပြတိုက်မှုတွေကြုံရနိုင်ပြီး ငွေဆုံးရှုံးနိုင်တယ်လို့ စစ်ကောင်စီဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြောင်း ဒီကနေ့ထုတ်သတင်းစာမှာ အကျယ်တဝင့်ဖော်ပြလာပါတယ်။
အောက်တိုဘာလကုန်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်လာတဲ့ဒေသအချို့က ဘဏ်ခွဲအချို့ပိတ်ထားရတဲ့အခြေအနေကြုံရပြီးတဲ့နောက် ဘဏ်တွေကငွေတွေကို လိုတာထက်ပိုထုတ်ယူနေကြတယ်လို့ စစ်ကောင်စီက ထုတ်ပြောပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ယုံကြည်ပေးဖို့ နေ့စဉ်သတင်းစာတွေမှာဆက်တိုက်ဖော်ပြလာတာပါ။
ဒီနေ့သတင်းစာမှာဖော်ပြထားတဲ့ သီးသန့်အင်တာဗျူးအစီအစဉ်မှာဆိုရင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ က အခုလိုပြောခဲ့တာဖြစ်ပြီး ဘဏ်စနစ်ခိုင်မာယုံကြည်မှုရှိဖို့ ဆုံးရှုံးနိုင်ခြေတွေကို အခြေခံပြီးစောင့်ကြည့်ကြီးကြပ်နေတဲ့အတွက် ဘဏ်တွေမှာပြည်သူတွေရဲ့အပ်နှံငွေမဆုံးနိုင်ကြောင်း အပြည့်အဝအာမခံတယ်လို့ ပြောပါတယ်။
ဘဏ်တွေရဲ့ပြင်ပမှာငွေသားတွေလိုတာထက်ပိုပြီးရောက်ရှိလည်ပတ်နေမယ်ဆိုရင် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ ငွေဈေးကစားသူတွေရဲ့ လှည့်ကွက်မှာပါဝင်သွားနိုင်ပြီး ကုန်စျေးနှုန်းကြီးမြင့်လာနိုင်ကာ ပြည်သူတွေအခက်အခဲဒုက္ခရောက်နိုင်တယ်လို့ ဒေါက်တာလင်းအောင်ကထောက်ပြခဲ့ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းစကလို ဘဏ်ထဲမှာရှိတဲ့ ကိုယ်ပိုင်ငွေတွေကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီးလဲလှယ်ထုတ်ယူရတဲ့ အခြေအနေဖြစ်အောင် ပြန်လည်ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ဆိုပါတယ်။
မြန်မာဟာ အာဆီယံအတွက် ခက်ခဲတဲ့ပြဿနာလို့ ဖိလစ်ပိုင်သမ္မတပြော
မြန်မာ့အရေးဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အတွက် ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာတစ်ရပ်လို့ ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ပြောလာပါတယ်။
အာရှ -ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) အစည်းအဝေးပွဲတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန် ဟာဝိုင်အီကျွန်းမှာပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖိုရမ်တစ်ခုမှာ သမ္မတက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
‘‘မြန်မာ့အရေးဟာ အာဆီယံအတွက် ဖြေရှင်းရမယ့် တွန်းအားကြီးတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကယ့်ကိုမှ ခက်ခဲတဲ့ပြဿနာဖြစ်ပါတယ်’’ လို့ သမ္မတက ပြောပါတယ်။
ဖိလစ်ပိုင်ဟာ ၂၀၂၅ ခုနှစ်မှာ အလှည့်ကျ အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာကိုယ်စား ယူထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတကတော့ အာရှ-ပစိဖိတ် ဒေသတွင်းမှာ တာဝန်သိတဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့သာယာဝပြောရေးအတွက် လုပ်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုထားပါတယ်။
မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ နီးပါးအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေး အဖြေရှာဖို့ ဆိုပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ ဂျာကာတာမြို့မှာ တွေ့ဆုံကာ ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။
ဘုံသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှုလျှော့ချရေး၊ လူသားချင်းစာနာမှုအကူအညီ၊ အလှည့်ကျ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီဟာ အဲဒီအချက်တွေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိတယ်လို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကို အာဆီယံဆွေးနွေးပွဲတွေကနေ ဖယ်ထားဖို့ အာဆီယံဘက်က ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက ဆုံးဖြတ်ထားပါတယ်။
နမ့်ဆန်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ရွာသားနှစ်ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ရွာသားတစ်ဦးရဲ့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်နဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်(TNLA)က ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ မြို့သစ်ကျေးရွာတဝိုက်ကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာလို့ TNLA က ပြောပြီး တားဆန်းနော်လို့ခေါ်တဲ့ အမျိုးသားရဲ့နေအိမ်ပေါ်ကို ကျရောက်ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် အိမ်ရှင်တားဆန်းနော်အပါအဝင် ကလေးငယ်တစ်ဦးသေဆုံးခဲ့တာလို့သိရပြီး လူနေအိမ် ၂၅ လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ဒီကနေ့မနက်ပိုင်းမှာ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
အခုလိုတိုက်ပွဲတွေထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့လေကြောင်းအသုံးပြုပြီးအရပ်သားတွေနဲ့ ဒေသခံလူနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ TNLA က ထောက်ပြထားပြီး ဒီလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သား အယောက် ၄၀ သေဆုံးခဲ့ကာ ၅၈ ဦးထိခိုက်ဒဏ်ရာရထားကြောင်း ဖော်ပြပါတယ်။
ဒါအပြင် နိုဝင်ဘာ ၄ ရက်နေ့က လားရှိုးမြို့၊ မိုင်းကျက်တပ်စခန်းတိုက်ပွဲနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကဖြစ်ခဲ့တဲ့ နမ့်ခမ်းမြို့က စခန်းသစ်လက်နက်ကြီးကုန်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးအသုံးပြုတာကြောင့် TNLA တပ်သားတွေမှာ မူးဝေတာကစလို့ အောက်ဆီဂျင်ကျတဲ့အထိ ပြင်းပြင်းထန်ထန်ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်စစ်ကောင်စီဟာ နိုင်ငံတကာကတားမြစ်ပိတ်ပင်ထားတဲ့ဓာတုလက်နက်တွေကို အသုံးပြုတိုက်ခိုက်နေပြီး နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေရော နိုင်ငံတကာအသိုင်းအဝိုင်း၊ လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ပါ စစ်ကောင်စီကိုအရေးယူဖို့ TNLA က တောင်းဆိုထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နမ့်ခမ်းတိုက်ပွဲမှာ အဆိပ်ငွေ့သုံးတယ်ဆိုတာမဟုတ်ကြောင်းနဲ့ တအာင်းတပ် TNLA ဘက်က အကျအဆုံးများလို့အခုလိုပြောလာတာလို့ မနေ့ညကတည်းက သတင်းထုတ်ပြန်ခဲ့ပြီး နမ့်ဆန်မြို့က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်လို့တော့ ဒီကနေ့မနက်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။