တောင်ကိုရီးယားမှာ ကြမ်းပိုးတွေ ပြန့်ပွားနေလို့ အစိုးရ နှိမ်နင်းနေရ

ရေးသားခဲ့သည်။

ကယ်လီ အွန်း

ဘီဘီစီသတင်းဌာန

တောင်ကိုရီးယားမှာ ကြမ်းပိုးတွေ ပြန့်ပွားနေလို့ နိုင်ငံတစ်ဝန်း စိုးရိမ်နေတဲ့အတွက် အာဏာပိုင်တွေ ကြမ်းပိုးနှိမ်နင်းရေး လုပ်နေကြပါတယ်။

မြို့တော် ဆိုးလ်အပါအဝင် ဘူဆန်နဲ့ အင်ချွန်းမြို့တွေမှာ ကြမ်းပိုး ပြန့်ပွားမှု အနည်းဆုံး ၁၇ ခု ရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဆိုးလ်မှာ ကြမ်းပိုးနှိမ်နင်းရေးအတွက် ဝမ် သန်း ၅၀၀ ( အမေရိကန် ဒေါ်လာ ၃၈၃,၀၀၀) ဖိုး အသုံးစရိတ် နဲ့အတူ ကြမ်းပိုးနှိမ်နင်းရေးအဖွဲ့လည်း ဖွဲ့စည်းထားပါတယ်။

အခုလို တောင်ကိုရီးယားမှာ ပြန့်ပွားမှု မဖြစ်ခင်က ပြင်သစ်နဲ့ ယူကေတို့မှာလည်း ကြမ်းပိုးတွေ ပြန့်ပွားခဲ့လို့ နေရာတချို့မှာ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကြမ်းပိုး ပြန့်ပွားမှုက စက်တင်ဘာလ အစောပိုင်းမှာ စပြီးဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အနောက်တောင်ပိုင်း ဒယ်ဂူးမြို့က တက္ကသိုလ်တစ်ခုမှာ တွေ့ခဲ့ပါတယ်။

အဲဒီနောက် သွေးစုပ်တဲ့ ဒီပိုးမွှားကောင်တွေကို ခရီးသွားတွေ တည်းခိုတဲ့နေရာတွေနဲ့ အများသုံး ချွေးထုတ်ပေါင်းတင် ရေချိုးခန်းတွေမှာ တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင် တောင်ရီးယားက လူတချို့ ရုပ်ရှင်ရုံတွေ မသွားကြတော့သလို အများသုံး ပို့ဆောင်ရေးယာဥ်တွေကို မစီးရဲကြတော့ပါဘူး။

ဆိုးလ်မြို့ခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မစ္စချွဲက လတ်တလောမှာ ပိတ်စတွေတပ်ဆင်ထားတဲ့ ထိုင်ခုံတွေပါတဲ့ မြေအောက်ရထားတွေကို မစီးတော့ဘူးလို့ တောင်ကိုရီးယား Edaily သတင်းမှာ ဖော်ပြပါတယ်။

ကြမ်းပိုးတွေ "ရုတ်တရက် ပေါက်ပွားလာမှာ" ကြောက်လို့ သူ့အိမ် "တစ်အိမ်လုံး" ကိုလည်း ပိုးသတ်ဆေးတွေ ဖြန်းထားတယ်လို့လည်း မစ္စချွဲက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးဖြစ်တဲ့ မစ္စတာ ဆိုးက သူနဲ့ သူ့ချစ်သူတို့ အခုချိန်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ နေမယ်လို့ EDaily သတင်းမှာ ဖော်ပြပါတယ်။

အခု ပြန့်ပွားမှု မဖြစ်ခင်က ၁၉၆၀ နှစ်တွေမှာ တောင်ကိုရီးယားမှာ နိုင်ငံလုံးအနှံ့ ကြမ်းပိုးနှိမ်နင်းရေး လုပ်ပြီးနောက် ကြမ်းပိုးတွေ ရှင်းသွားပြီလို့ ယူဆနိုင်ခဲ့ပါတယ်။

ကြမ်းပိုးက ရောဂါပိုးတွေ သယ်ဆောင်မပြန့်ပွားစေပေမဲ့ အကိုက်ခံရရင် ဆိုးဆိုးရွားရွား ယားယံစေပါတယ်။

အယားပြေဖို့ ကုတ်ဖဲ့တာကနေ အနာဖြစ်စေပြီး အဲဒီကနေ ရောဂါကူးစက်မှုတွေနဲ့ အမာရွတ်တွေ ဖြစ်စေနိုင်ပါတယ်။

အတောင်မရှိတဲ့ အဲဒီ ပိုးမွှားကောင်တွေကို အိပ်ရာတွေနားနဲ့ အကြိုအကြားတွေမှာ တွေ့ရတတ်ပြီး လူတွေကို စိတ်ဒုက္ခ ဖြစ်စေပါတယ်။

ကြမ်းပိုးတွေ ရှိနေရင် နေထိုင်ရ သက်သောင့်သက်သာ မရှိသလို စိတ်ကသိကအောက်ဖြစ်ရ အိပ်ဖို့တောင် ကြောက်လန့်ရတာတွေ ဖြစ်စေပါတယ်။

ဆိုးလ်မှာ လူတွေ အများအပြား ဆေးရုံ၊ဆေးခန်းတွေမှာ သူတို့ ကြမ်းပိုးကိုက်ခံထားရတာတွေ လာပြနေကြသလို ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ အကြံဉာဏ်တွေလည်း တောင်းနေကြတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဆိုးလ် မြို့တော် အစိုးရကတော့ ဟိုတယ်တွေ၊ ရေချိုးခန်းတွေ အပါအဝင် အများပြည်သူသုံးနေရာ ၃,၂၀၀ လောက်ရဲ့ သန့်ရှင်းရေးအခြေအနေကို စစ်ဆေးဖို့ စီစဥ်နေပါတယ်။

ကြမ်းပိုးထိန်းချုပ်နှိမ်နင်းရေးအတွက် အကောင်းဆုံးနည်းလမ်းတွေ ဆွေးနွေးဖို့ အစိုးရက ပုဂ္ဂလိက ကျွမ်းကျင်သူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဆိုးလ်မှာ မြေအောက်ရထားတွေက ပိတ်စထိုင်ခုံတွေကို ရေနွေးငွေ့နဲ့ ပုံမှန် အပူပေး သန့်ရှင်းဖို့ စီစဥ်ထားသလို ပိတ်စထိုင်ခုံတွေကို တခြား အမျိုးအစားတွေနဲ့ အစားထိုးဖို့လည်း ရှိတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

အာဏာပိုင်တွေ လောလောဆယ် အကြံပေးထားတဲ့ ပိုးသတ်ဆေးတချို့က အလုပ်မဖြစ်ဘူးဆိုတဲ့ လတ်တလော လေ့လာတွေ့ရှိချက်တွေ ရှိတာကြောင့် အငြင်းပွားစရာ ဖြစ်နေတယ်လို့ တောင်ကိုရီးယား နေ့စဥ်သတင်းစာ ဂျွန်အန်းမှာ ဖော်ပြထားပါတယ်။