အယ်လ်ဂျားဇီးယား သတင်းထောက် ဂါဇာမှာ သတ်ဖြတ်ခံရ- ဇန်နဝါရီ ၇ ရက် နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

အယ်လ်ဂျားဇီးယား သတင်းဌာနက အကြီးတန်း သတင်းထောက် တယောက်ရဲ့ သားအကြီးဆုံး၊ ဓာတ်ပုံ သတင်းထောက် ဂါဇာမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဂါဇာ တောင်ပိုင်းကို အစ္စရေး ထိုးစစ် ပြင်းထန်နေချိန်မှာ သေဆုံးတာ ဖြစ်ပါတယ်။

အစ္စရေးဘက်က ပစ်တယ်လို့ ယူဆရတဲ့ ဒရုန်းထိမှန်ပြီး ဟမ်ဇာ အယ်လ် ဒါဒူ နဲ့ တခြား သတင်းစာဆရာ တယောက် သေဆုံးခဲ့ပါတယ်။

ခန်းယူးနစ်ကနေ ရာဖာကိုသွားတဲ့ လမ်းမှာပါ။

သူ့ဖခင် ဝေးလ် အယ်လ်ဒါဒူက သူ့ရုပ်အလောင်းကို ပွေ့ထားပြီး သူ့သားက သူ့အသည်းနှလုံးလို့ ပြောနေတာကိုလည်း ရုပ်သံမှာ တိုက်ရိုက်လွှင့်ချိန်မှာ တွေ့ရပါတယ်။

အောက်တိုဘာလတုန်းကလည်း သူ့ဇနီးနဲ့ တခြား ကလေးနှစ်ယောက် အစ္စရေး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဝေးလ် အယ်လ်ဒါဒူကိုယ်တိုင် ဒဏ်ရာရခဲ့ပေမယ့် စစ်သတင်းတွေ ဆက်ပို့နေဆဲ ဖြစ်ပါတယ်။

ဂါဇာအရေး ထိန်းချုပ်ဖို့ ဂျော်ဒန်သတိပေး

ဂါဇာမှာ စစ်ဆက်ဖြစ်နေရင် အင်မတန်ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေ ကြုံရမယ် ဆိုပြီး ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကို သတိပေးလိုက်ပါတယ်။

အမြန် အပစ်ရပ်စဲရေးအတွက် အစ္စရေးအပေါ် ဖိအားပေးဖို့လည်း မစ္စတာ ဘလင်ကန်ကို ဘုရင် အဗ္ဗဒူလာက တောင်းဆိုခဲ့ပါတယ်။

ဂျော်ဒန် မြို့တော် အမ္မန်က တွေ့ဆုံပွဲမှာပါ။

မစ္စတာဘလင်ကန်ရဲ့ တပတ်ကြာ ဒေသတွင်းခရီးစဉ် ဒုတိယမြောက်ရက်ဖြစ်ပြီး ဂါဇာကနေ ဆက်ပြီး စစ်မီးကူးလာမှာကို တားဆီးဖို့ သူကြိုးစားနေတာ ဖြစ်ပါတယ်။

ကာတာကို ဆက်သွားမှာ ဖြစ်ပြီး ဟားမတ်စ်နဲ့ တွေ့ဆုံညှိနှိုင်းရာမှာ ကာတာက အရေးကြီးတဲ့နေရာက ပါနေပါတယ်။

အဲဒီမှာ ကာတာ စော်ဘွားနဲ့ ဘလင်ကန် တွေ့ဖို့ ရှိပါတယ်။

ရှိတ်ဟာဆီနာ ဆက်နိုင်မယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကြီးအတွက် မဲရုံတွေ ပိတ်သွားပါပြီ။

မဲထွက်ပေးတဲ့သူ နည်းတဲ့ အခြေအနေ တွေ့ရပြီး မဲထွက်ပေးသူ ၄ဝ ရာခိုင်နှုန်းလောက်ရှိကြောင်း ရွေးကောက်ပွဲ မင်းကြီးချုပ်က ပြောပါတယ်။

အဓိက အတိုက်အခံပါတီက သပိတ်မှောက်ထားတဲ့အတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ စတုတ္ထသက်တမ်း ဆက်နိုင်ဖို့ သေချာနေပါပြီ။

ဘင်္ဂလားဒေ့ရှ် မှာ ဒီမိုကရေစီ ဖွံ့ဖြိုးအောင် အစွမ်းရှိသမျှ ကြိုးစားနေတယ်လို့ ရှိတ်ဟာဆီနာက ပြောပြီး လူတွေကို မဲထွက်ပေးဖို့ တိုက်တွန်းသွားပါတယ်။

အတိုက်အခံ ဘီအန်ပီ ပါတီဟာ အကြမ်းဖက်အဖွဲ့လို့လည်း သူက သတင်းထောက်တွေကို ဆက်ပြောပါတယ်။

အရင်နေ့က မဲရုံအများအပြား မီးရှို့ခံရပြီးနောက် ရွေးကောက်ပွဲနေ့မှာ အသေးစား ဆူပူမှုတွေ ကြိုကြားကြိုကြား ဖြစ်ခဲ့ပါတယ်။

ကူတူးပလောင် စခန်းမှာ မီးလောင်

ကောက်ဆက်ဘဇားက ကူတူးပလောင် ဒုက္ခသည်စခန်းမှာ မီးလောင်လို့ ရိုဟင်ဂျာ ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

အနည်းဆုံး တဲအိမ် ခုနစ်ရာ လုံးဝ လောင်ကျွမ်းသွားပြီး စာသင်ကျောင်း ငါးကျောင်းပါ မီးလောင်သွားတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဇန်နူရ် ရာမန်က ပြောပါတယ်။

အသေအပျောက် ရှိတယ် မကြားရသလို မီးကို လုံးဝ ထိန်းချုပ်နိုင်ပြီလည်း ဖြစ်ပါတယ်။

မီးလောင်တဲ့ အကြောင်းရင်းကိုတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ ရာသီမှာ ရိုဟင်ဂျာ စခန်းတွေမှာ မီးလောင့်လေ့ ရှိပေမယ့် ပြိုင်ဘက်အုပ်စုတွေကြား ဆူပူမှုတွေကနေ မီးလောင်တာတွေလည်း ဖြစ်တတ်ပါတယ်။

မြောက်ကိုရီးယား ရေပြင်မှာ စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားက တောင်မြောက် နှစ်နိုင်ငံ အားပြိုင်နေတဲ့ ရေနယ်နိမိတ်မှာ လာပြီး တတိယမြောက်ရက်အဖြစ် အစမ်းလေ့ကျင့် ပစ်ခတ်နေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ယန်ပြောင်းကျွန်းက ဒေသခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

တောင်ဘက်ကို ကျည်ဆန်ကျတာ မရှိဘူးလို့လည်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

မနေ့က ပစ်တဲ့ ကျည်တွေဟာ အားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အာဏာပြင်းတဲ့ နှမ ကင်ယိုဂျောင်းက အထောက်အထားမရှိဘဲ ပြောကြားခဲ့ပါတယ်။

အမေရိကန် လက်နက်ကုမ္ပဏီ တရုတ်ပိတ်ဆို့

ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းလို့ဆိုပြီး အမေရိကန် စစ်ပစ္စည်းထုတ်လုပ်သူ ငါးယောက်ကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်ကန်ထရိုက် ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ BAE ကုမ္ပဏီအပါအဝင် ကုမ္ပဏီတွေ ပိတ်ဆို့ခံရတာ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ရှိတဲ့ သူတို့ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရမှာ ဖြစ်ပြီး တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း သူတို့နဲ့ စီးပွားမလုပ်ဖို့ တားမြစ်မှာ ဖြစ်ပါတယ်။

အမေရိကန် စစ်ဘက်ကုမ္ပဏီတွေက တရုတ်ကို လက်နက် ရောင်းလေ့မရှိတာမို့ ဒါက အပြသဘောပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတရွေးပွဲ မတိုင်ခင် တပတ်မရှိတဲ့ အချိန်မှာပဲ တရုတ်ဘက်က ဒီလိုကြေညာခဲ့တာပါ။