ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားမှာ ရေကြီးပြီး မြေပြိုလို့ အနည်းဆုံး လူ ၂၄ ဦး သေ-ဇူလိုင် ၁၅ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးပြီး မြေပြိုတာကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁ဝ ဦးလည်း ပျောက်ဆုံးနေပါတယ်။
သည်းထန်တဲ့မိုးက နိုင်ငံ အလယ်ပိုင်းမှာ ဆက်လက်ရွာသွန်းနေပါတယ်။ တချို့နေရာတွေမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိုးရေချိန် ၅ဝ စင်တီမီတာ နီးပါး ရွာသွန်းခဲ့ပါတယ်။
ချောင်ချန်း ခရိုင်ထဲမှာ မြေအောက်လမ်းတွေမှာ ကား ၁၉ စီး ရေမြုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေ မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
လမ်းတွေနဲ့ ကောက်ပဲသီးနှံတွေလည်း ရေထဲပါသွားပြီး ရထားခရီးစဉ် အတော်များများလည်း ရပ်ဆိုင်းထားပါတယ်။
ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ စစ်တပ်ကို ချထားလိုက်ပါတယ်။ အပူချိန်တွေ မြင့်တက်လာတာကြောင့် တောင်ကိုရီးယားရဲ့ နှစ်စဉ်မိုးရာသီက အခုနှစ်ပိုင်းအတွင်းမှာ ပိုမို ဆိုးဝါးလာပါတယ်။
အပူချိန်မြင့်တက်မှုကို အီကွေတာ မြောက်ပိုင်းမှာ ကြုံတွေ့နေရ
အီကွေတာ မြောက် ကမ္ဘာခြမ်းမှာရှိတဲ့ ဒေသအတော်များများမှာ မထင်မှတ်တဲ့ အပူချိန် မြင့်တက်မှု ကြောင့် ရုန်းကန်နေရပါတယ်။
မြေထဲပင်လယ် ဒေသက အဆိုးရွားဆုံး ထိခိုက်တဲ့ ဒေသဖြစ်ပြီး ဥရောပမှာ အီတလီက အပူချိန် အမြင့်ဆုံး စံချိန်တင် မြင့်တက်နေပါတယ်။ မော်ရိုကိုမှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဗြိတိန် အမျိုးသားမိုးလေဝသဌာနက ပညာရှင် ဟော်နာ ခရစ္စဝဇ်က အပူလှိုင်းတွေ ပိုဖြစ်လာတာ အထောက်အထားတွေ ပိုမြင်ရပြီး ပိုပြင်းလာမယ်လို့ ပြောပါတယ်။
‘သဘာဝ ရာသီဥတု ဖြစ်စဉ်ထဲမှာကို ပြင်းထန်တဲ့ အပူတွေ ဖြစ်လာတဲ့ ကာလကို မြင်နေရပါတယ်။ ကမ္ဘာကြီး ပိုပူနွေးလာတာနဲ့ ကမ္ဘာတဝန်းမှာ ဒီလို မကြာခဏတွေ ဖြစ်လာပြီး ပိုပူ ပိုကြာလာမယ်ဆိုတာ အထောက်အထားတွေက ပြနေပါတယ်။ လက်ရှိအချိန်ထိ အခု ပူပြင်းတဲ့ရာသီဥတုနဲ့ ရာသီဥတုပြောင်းလဲမှု ဆက်စပ်နေသလားဆိုတာကို ချိတ်ဆက် လေ့လာထားတာ မရှိပါဘူး’လို့ သူက ပြောသွားတာပါ။
ဥရောပတောင်ပိုင်း၊ အာဖရိက အနောက်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းတွေမှာ အပူလှိုင်းတွေ ဖြစ်ပေါ်နေပြီး လာမယ့် သီတင်းပတ်တွေအထိ ဆက်ဖြစ်နေမယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းတွေက လာမယ်သီတင်းပတ်တွေအထိ ဆက်ဖြစ်နေမှာ ဖြစ်ပြီး ရာသီဥတု ဖြစ်စဉ်တွေ ပြောင်းလဲမယ့် လက္ခဏာတွေ မတွေ့ရသေးဘူးလိုလည်း သူက ပြောပါတယ်။
ကမ္ဘာတဝန်းက စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ အပူချိန်တွေ စတင် မှတ်တမ်းတင်ခဲ့ပြီး ကတည်းက ဇွန်လက အပူဆုံး ဖြစ်ခဲ့ပါတယ်။
အမေရိကန် အနောက်တောင်ပိုင်းမှာလည်း အလားတူ ဖြစ်နေပြီး ဖီးနစ် မြို့မှာ အပူချိန်က ၄၃ ဒီဂရီကို ရောက်နေတာ နှစ်ပတ်ကျော်သွားပြီ ဖြစ်ပါတယ်။ တရုတ်နဲ့ ဂျပန်မှာလည်း အချိန်မကျဘဲ ပူပြင်းတဲ့ ရာသီကို ကြုံတွေနေရပါတယ်။
တောင်ကိုရီးယား သမ္မတ ရုတ်တရက် ယူကရိန်းသွား
တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ယိုးက ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ကို ရုတ်တရက်ရောက်လာပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံတွေလည်း တက်နေပါတယ်။ မစ္စတာ ယွန်းက လစ်ယူယေးနီးယားမှာ နေတိုး ထိပ်သီးအစည်းအဝေးကို တက်ခဲ့ပြီးတဲ့နောက် ပိုလန်ကိုလည်း သွားရောက်ခဲ့ပါတယ်။
တောင်ကိုရီးယားက ကမ္ဘာပေါ်မှာ လက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အကြီးဆုံးနေရာတွေထဲက တစ်ခု ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ကြီးထွားလာပါတယ်။
ဒါပေမဲ့လည်း စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို လက်နက်တွေ တင်ပို့တာကို အစိုးရမူဝါဒက ခွင့်မပြု ပါဘူး။ ယူကရိန်းနဲ့ပတ်သက်ရင် ခြွင်းချက်ထားပေးဖို့ ယူကရိန်းနဲ့ မဟာမိတ်တွေက တိုက်တွန်း နေပါတယ်။
အောင်မြင်မှုကို အမြန်ဆုံး ရနိုင်ဖို့အတွက် ဆိုးလ်က လုပ်ဆောင်နိုင်တယ်လို့လည်း ကိယက်ဗ်မှာရှိတဲ့ တောင်ကိုရီးယား သံအမတ်က ပြောပါတယ်။
ဆက်ဆံရေးကို တသမတ်တည်းလုပ်ဆောင်ဖို့ အီးယူကို တရုတ်ထိပ်တန်းသံတမန် တိုက်တွန်း
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို သေချာပြန်လည် သုံးသပ်ပြီး ချဉ်းကပ်မှုကို တသမတ်တည်း လုပ်ဆောင်ဖို့ တရုတ်ထိပ်တန်း သံတမန်က ဥရောပသမဂ္ဂ (အီးယူ)ကို တိုက်တွန်း လိုက်ပါတယ်။
တရုတ်ထိပ်တန်းသံတမန် ဝမ်ယီ က အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘောရေးလ်နဲ့ တွေ့ဆုံရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးမှာ အခြေခံအကျိုးစီးပွား ပဋိပက္ခ မရှိတာကြောင့် ဆက်ဆံရေးကို ပိုမိုခိုင်မာ အောင်လုပ်ဖို့ မစ္စတာ ဝမ်က ပြောပါတယ်။
မစ္စတာ ဘောရဲလ်က ဆွေးနွေးမှုက သသေးစိတ်ဆန်ပြီး အပြုသဘောဆောင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးမှာ သူတို့ နှစ်ဦး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေထဲမှာလည်း တရုတ်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက် အပေါ် သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
ဂျာမနီက တရုတ်နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့ လိုလားပေမဲ့ ရုရှားနမူနာရှိဖူးတာကြောင့် တရုတ်ရဲ့ ပိုမို ကြီးထွားလာတဲ့ လွှမ်းမိုးမှုနဲ့ သူ့အပေါ် မှီခိုနေတာကို လျှော့ချလိုတဲ့ အဖွဲ့ဝင် နိုင်ငံတွေလည်း ရှိနေပါတယ်။
မဲလက်မှတ်တွေ ဖျက်ဆီးဖို့ လှုံ့ဆော်တယ်ဆိုပြီး ကမ္ဘောဒီးယား အတိုက်အခံ ပါတီဝင် နှစ်ဦး ဖမ်းခံရ
ကမ္ဘောဒီးယားနိုင်ငံမှာ မဲလက်မှတ်တွေကို ဖျက်ဆီးဖို့ လူတွေကို သွေးထိုးလှုံ့ဆော်တယ်လို့ စွပ်စွဲပြီး အတိုက်အခံ ပါတီဝင် နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။
စွပ်စွဲဖမ်းဆီးလိုက်တာနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို အာဏာပိုင်တွေက မထုတ်ပြန်ပါဘူး။
လာမယ့်အပတ်မှာ ကမ္ဘောဒီယားမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ကာလရှည်ကြာ အာဏာ ရယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံတွေ မရှိသလောက်နဲ့ အရွေးခံဖို့ ရှိပါတယ်။
အတိုက်အခံ Candlelightပါတီက စည်းမျဉ်း ဥပဒေဆိုင်ရာနဲ့ ငြိစွန်းတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ တားမြစ်ခံထားရပါတယ်။
မဲပေးတာကို တားမြစ်ရင် ရာဇဝတ်မှုမြောက်တယ်လို့ မကြာခင်က ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အတိုက်အခံတွေကို ချေမှုန်းဖို့ ဟွန်ဆန်က ဥပဒေကို အသုံးပြုနေတယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေပါတယ်။