ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၁၄ ရက်နေ့ထိပ်တန်းရောက်သတင်းများ
စစ်ရှောင်ထောက်ပံ့ရေးမှာ ပါဝင်နေတဲ့ ရွာငံပြောက်ကျားတပ်ဖွဲ့ဝင် ဖမ်းဆီးခံရပြီး တစ်လနီးပါးကြာတဲ့အထိအဆက်အသွယ်ပြတ်နေ
ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ချိုးဖြူမြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးဟာပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကအောင်ပန်းမြို့မစျေးမှာ စစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူနေချိန် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဒီကနေ့ အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ကိုမောင်လေးဟာ ဂျိုးဖြူပြောက်ကျားတပ်မှာ စစ်ရှောင်တွေကို ထောက်ပံ့ကူညီရေးလုပ်ငန်းမှာပါဝင်နေသူဖြစ်တယ်လို့လည်း အဖွဲ့ကပြောပါတယ်။
‘’ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာလည်းမသိရဘူး။ မိသားစုတွေက တစ်လနီးပါးအဆက်အသွယ်ပြတ်တောက်နေတာ။ သူက စစ်ရှောင်ကူညီသူသက်သက်ပါပဲ”လို့ ဂျိူးဖြူပြောက်ကျားတပ်ဘက်က ဘီဘီစီကိုပြောပါတယ်။
ကိုမောင်လေးဟာ ပင်းတယမြို့နယ်နွားကွေ့ရွာသားတစ်ဦးဖြစ်ပြီး စစ်အာဏာမသိမ်းခင်ကတည်းက ကျေးရွာပရဟိတလုပ်ငန်းတွေမှာ ဦးဆောင်ကူညီနေသူလည်းဖြစ်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့နေ့မှာလည်း စစ်ရှောင်တွေအတွက် အောင်ပန်းမြို့မစျေးမှာ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေဝယ်ယူနေချိန် ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ပုလောမှာ မူးယစ်ဆေးဝါးနဲ့ စစ်တပ်ထုတ်ကုန်တွေကို တားမြစ်နေတဲ့ ဂိတ်ကို စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပုလောကာကွယ်ရေးအဖွဲ့ KPDF ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က မနေ့အောက်တိုဘာ ၁၃ ရက်မှာဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးတပြိုင်တည်းလာချတာ။ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲဘော်တစ်ယောက် ထိခိုက်သွားတယ်။ စိုးရိမ်ရတာတော့မရှိပါဘူး။ ဒရုန်းအမျိုးအစားကတော့ စစ်တပ်ထုတ်တာပဲ။ အနီးကပ်ကျလာရင်တော့ ထိခိုက်မှုရှိနိုင်တဲ့အမျိုးအစားလို့ သုံးသပ်လို့ရတယ်”’ လို့ ပုလော KPDF ကတာဝန်ရှိသူကပြောပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာဆိုရင် မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ဒေသတွင်းဝင်ရောက်မှုမရှိအောင် စစ်ဆေးတားမြစ်နေတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့လည်း ပုလော PDF ကပြောပါတယ်။
ပုလောနယ်ထဲမှာ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်တဲ့စစ်ဆင်ရေးတွေလည်းရှိလို့ ဒါဟာ တန်ပြန်တိုက်ခိုက်မှုလုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာလည်း ပုလောနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကိုလည်း စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
လွိုင်ကော်ထောင်ထဲမှာ ဆေးကုသခွင့်မရလို့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဥ်းသားသေဆုံး
ကယား(ကရင်နီ)ပြည်နယ်ထဲက လွိုင်ကော်အကျဥ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ငယ်ဆိုတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ ဆေးကုသခွင့်မရတာကြောင့်သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာသတင်းထုတ်ပြန်လာပါတယ်။
သေဆုံးသူကိုမောင်ငယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်နွှယ်မှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီကဖမ်းဆီးသွားတာဖြစ်ပြီး အကြမ်းဖက်မှုပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ချခံထားရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့လွိုင်ကော်အကျဥ်းထောင်ထဲမှာ ဆေးကုသခွင့် ကောင်းစွာမရတာကြောင့် သေဆုံးသွားရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး အကျဥ်းဦးစီးဌာနဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပေမယ့် ဖြေကြားဖို့ အဆင်မပြေသေးတဲ့အတွက်ပြန်ဆက်သွယ်ဖို့ပြောပါတယ်။
လွိုင်ကော်ထောင်ထဲကဆေးကုသခွင့်မရတဲ့အခြေအနေကိုတော့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေဆီ ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
အကျဥ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ ဆေးကုသခွင့်ကောင်းစွာမရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ထောင်နဲ့ နီးစပ်သူတွေဆီက အာဏာသိမ်းကာလတစ်လျှောက်ပြောဆိုထုတ်ပြန်နေပါတယ်။
ဒီအခြေအနေတွေကိုတော့ ထောင်အာဏာပိုင်တွေက ဆက်တိုက်ငြင်းဆိုနေပါတယ်။ ကယားပြည်နယ်ထဲမှာတော့ ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အရပ်သား ၃၃၃ ယောက်ရှိနေပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၃ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးကတည်းက ကယားပြည်နယ်မှာ သေဆုံးသူအရပ်သားကတော့ ၂၇၉ ယောက်အထိရှိနေတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးရတာတွေရှိသလို စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေလည်းရှိတယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်ကောင်စီက ထောင် ၃ နှစ်ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် အထိရှိလာ
မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ် ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဆရာမဒေါ်သက်ဆုလှိုင်ကို မန္တလေး အောင်မြေသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်လာပါတယ်။
ရုံးထုတ်စစ်ဆေးတဲ့အခြေအနေကို မိသားစုဝင်တွေက သိခွင့်မရတာကြောင့် ဘယ်နေ့မှာ ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတာ မသိရဘူးလို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း ဆရာမဒေါ်သက်ဆုလှိုင်ကို စွဲဆိုထားတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၅၂(က) အတွက် ရုံးထုတ်စစ်ဆေးတာမရှိဘဲ မန္တလေးအိုးဘိုထောင်ထဲမှာ မျက်ကွယ်ထောင်ဒဏ် ၅ နှစ်ချမှတ်ထားပါတယ်။
ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်အထိ ကျခံထားရတာဖြစ်ပါတယ်။ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ မန္တလေးမြို့တွင်းမှာ တိမ်းရှောင်နေစဥ် စစ်ကောင်စီက ဖမ်းဆီးလိုက်တာဖြစ်ပြီး ပုဒ်မ ၅၂(က)အပြင် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုပြီး အခုလိုထောင်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးတာတွေရှိခဲ့သလို ကြားကာလပညာရေးမှာ ပါဝင်သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်လုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားချိန်အတွင်း သေဆုံးရသူ ၇၀၀ ကျော်ရှိတယ်လို့ ISP ထုတ်ပြန်
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲအခြေအနေတွေကြောင့် အရပ်သားသေဆုံးမှု ၇၀၀၀ ကျော်ရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က အခုလထဲမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ လူပေါင်း ၇၀၁ ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားချိန်အတွင်း ပစ်ခတ်ခံရတာ၊ ရိုက်နှက်ခံရတာတွေနဲ့ စစ်ကြောရေး၊ တပ်စခန်းနဲ့ အချုပ်ခန်းတွေမှာ သေဆုံးရတာတွေအပြင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ဖမ်းဆီးမီးရှို့အသတ်ခံရသူတွေနဲ့ တိုက်ပွဲမှာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးသေဆုံးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို သေဆုံးသူတွေထဲမှာ အမျိုးသား ၆၂၈ ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ LGBTQ တစ်ဦးနဲ့ ကျား-မ အတည်မပြုနိုင်သူ ၃၃ ဦးတို့ဖြစ်ကြတယ်လို့ISP Myanmar ရဲ့ သုတေသနစစ်တမ်းကဖော်ပြနေပါတယ်။
ဖမ်းဆီးထားပြီးနောက် ၂၄ နာရီအတွင်း သေဆုံးရခဲ့ရတဲ့ NLD ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးမှာ ပါဝင်သူတွေအကြောင်းကိုလည်း ဘီဘီစီကမိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီး သတင်းဖော်ပြထားတာတွေရှိပါတယ်။
အဲဒီအထဲက တချို့ကတော့ စစ်တပ်ကဖမ်းဆီးပြီးနောက်တစ်နေ့မှာ အလောင်းလာထုတ်ဖို့မိသားစုကိုဆက်သွယ်သူတွေရှိသလို တချို့ကတော့ မိသားစုတွေဆီအလောင်းပြန်မရောက်ခဲ့တာတွေလည်းရှိပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလထဲ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းကနေ ဖခင်ဖြစ်သူနဲ့ အတူဖမ်းဆီးခံရလိုက်ရပြီးနောက်တစ်ရက်မှာ သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ရဲ့ အလောင်းကိုတော့ မိသားစုကပြန်ရခဲ့ပြီး နာရေးကို စစ်တပ်က တင်းကျပ်တဲ့လုံခြုံရေးတွေနဲ့ ဦးဆောင်လုပ်သွားပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်လို့ပုံစံမျိုးစုံနဲ့ ဖမ်းဆီးပစ်ခတ်ခံရပြီး သေဆုံးသူ ၂၃၅၀ ကျော်ရှိနေပြီလို့ စာရင်းပြုစုဖော်ပြထားပါတယ်။
NUG ကတော့ စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့လုပ်ဆောင်မယ်ဆိုတဲ့အကြောင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ စစ်ကြောရေးကာလအတွင်းသေဆုံးမှုတွေ ပစ်ခတ်မှုတွေကြားသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားသတင်းထုတ်ပြန်လာတာမရှိပါဘူး။
တန့်ဆည်နယ်ထဲက ကျေးရွာတချို့မှာ စစ်သင်တန်းမတက်ရင် မီးရှို့မယ်လို့ ပြောပြီး စစ်ကြောင်းထိုးနေ
ဒီလိုလူစုဆောင်းဖို့ ညွှန်ကြားထားတာလုံးဝမရှိကြောင်း စစ်ကောင်စီတုံ့ပြန်
စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပျူစောထီးသင်တန်းတက်ဖို့ ဖိအားပေးပြောဆိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဆင်ငယ်ရွာထဲကို ဝင်ပြီး ပျူစောထီးသင်တန်းတက်ရမယ်။ အဖွဲ့ဝင်ဖို့ လက်မှတ်ထိုးရမယ်လို့ မိုက်နဲ့အော်တယ်ပြောတယ်။ ရွာသားတွေကတော့ မဝင်ချင်တော့ ကြိုပြေးတဲ့လူလည်းရှိတယ်။ ပြေးတဲ့ အိမ်တွေမှာ လူမရှိတော့ ညဘက်မီးရှို့တယ်”လို့ ဆင်ငယ်ရွာအနီးက ဒေသခံက ဘီဘီစီကိုပြောပါတယ်။
ဒီလို စစ်သင်တန်းတက်ဖို့ဆိုပြီး စစ်ကောင်စီအနေနဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေကို ဘာမှညွှန်ကြားထားတာမရှိဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို တုံ့ပြန်ပါတယ်။
“ဘာမှညွှန်ကြားထားတာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းပဲ။ ပြည်သူလူထုက သူတို့လုံခြုံရေးအတွက် သူတို့ရွာလုံခြုံရေးအတွက်တောင်းဆိုလာလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်ဖွဲ့စည်းချင်တယ်ဆိုရင် ဒါ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတိုင်းစစ်ဌာနချုပ်တွေကို တင်ပြတယ်။ သူတို့အနေနဲ့ လုံလောက်တဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ စစ်သင်တန်းပေးတာတွေ စစ်ဥပဒေနဲ့ပတ်သက်တဲ့စည်းမျဥ်းစည်းကမ်းတွေ သင်ပေးရတယ်။ စစ်မြေပြင်စည်းကမ်းတွေ သင်ပေးရတယ်။ ဒါတွေကိုတရားဝင်လုပ်ဆောင်လျက်ရှိတယ်။ ဒါတွေလုပ်ဆာင်တာလည်း ၁၉၅၉ ခုနှစ် ပြည်သူ့စစ်ဥပဒေအတိုင်းပဲဆောင်ရွက်တာဖြစ်တယ်” လို့ ပြောပါတယ်။
မနေ့ညအောက်တိုဘာ ၁၃ ရက်ပိုင်းမှာလည်း အင်္ကုက္ကားရွာနဲ့ ကျွန်းတောကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ညတွင်းချင်းဘေးလွတ်ရာပြေးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’ စစ်ရှောင်ဆိုပြီး မိုးကာတဲနဲ့ မနေနိုင်ပါဘူး။ ထန်းပင်က ထန်းရွက်တွေနဲ့ တဲလုပ်နေရတာ လူတိုင်းနီးပါးနီးစပ်ရာနေရာတွေမှာ တဲဆောက်နေကြတော့ ထန်းပင်တောင်ထန်းရွက်မရှိတော့ဘူး။ ဆန်တို့ဆီတို့ ရိက္ခာတွေဆိုရင်လည်း စစ်ကြောင်းထိုးရင်ဖျက်ဆီးလို့ မြေကြီးထဲမြှုပ်ထားရတယ်’’ လို့ စစ်ရှောင်ရွာသားတစ်ဦးကပြောပြပါတယ်။
လက်ရှိတန့်ဆည်နယ်ထဲမှာတော့ အစောပိုင်းကာလကတည်းက ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီး လူသေဆုံးမှုတွေဖြစ်ထားတဲ့ ကာပေါင်းကျရွာနဲ့ အနီးအနားရွာတွေအပြင် အခုရက်အတွင်းထပ်တိုးပြေးရတဲ့ ရွာတွေပေါင်းရင် လူဦးရေ တစ်သိန်းခွဲလောက်က နေရပ်စွန့်ခွာပြေးနေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် လက်ရှိကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တန့်ဆည်မြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်မှုတွေရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့က တန့်ဆည်အရှေ့ခြမ်းမှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ တော့ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးတယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ တန့်ဆည်ဘက်က တိုက်ပွဲတွေ ဒေသခံတွေကို ပျူစောထီးအဖြစ် ဖိအားပေးဝင်ရောက်ခိုင်းတာတွေနဲ့ ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသလို ဘီဘီစီကလည်း အဲဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တောင်ဒဂုံမှာ ကင်းလှည့်တဲ့ စစ်ကောင်စီကားတိုက်ခိုက်ခံရ
လမ်းပိတ်ပြီးကားတွေကို လှည့်ပြန်ခိုင်းနေ
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲက ပြည်ထောင်စုလမ်းက ယောက်ကော်ပန်းခြံအနီး ဆောက်လက်စတိုက်နားမှာ ကင်းလှည့်ဖို့လာတဲ့ စစ်ကောင်စီကားတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်စဥ်ကိုအသေးစိတ်မသိရပေမဲ့ လက်ရှိမှာတော့ လမ်းပိတ်စစ်ဆေးတာတွေ နဲ့ ကားတွေကိုပြန်လှည့်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ‘’အခုတော့ သစ်ဆုံကွေ့လမ်းဆုံကနေ ယောက်ကော်ပန်းခြံအထိလမ်းပိတ်ထားတယ်။ လာသမျှကားပြန်လှည့်ခိုင်းတယ်။ အဲဒီနေရာကိုရှောင်လာတာအကောင်းဆုံးပဲ။ ထိခိုက်တာတော့မသိရဘူး။ လူနာတင်ယာဥ်လာတာလည်းမတွေ့ဘူး” လို့ တောင်ဒဂုံဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒီကနေ့ တောင်ဒဂုံဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Giant Guard Underground အဖွဲ့ကတော့အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲမှုလုပ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မရမ်းကုန်းနဲ့ လှိုင်မြို့နယ်ထဲမှာ ပေါက်ကွဲသံတွေကြားရသလို စစ်တပ်လိုင်းခန်းတချို့အနီးဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတွေကသတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီကတော့ ရန်ကုန်က ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
ဗန်းမောက်နားမော်ရွာတိုက်ပွဲမှာ ကျဆုံးတဲ့ စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ၆ ဦးထဲမှာ အမျိုးသမီးရဲဘော်တစ်ဦးပါဝင်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက နားမော်ရွာထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်တုန်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းအထူးတပ်ဖွဲ့ဝင်တွေထဲ အမျိုးသမီးရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်မသက်သက်ဝင်းလည်း ပါဝင်တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
ဗန်းမောက်နယ်ထဲမှာ အောက်တိုဘာ ၄ ရက်နေ့က စပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား ၉ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး နားမော်ရွာထဲက တိုက်ပွဲမှာတော့ KIA+PDF ပူးပေါင်း KPDF အဖြစ်ဖွဲ့ထားတဲ့ စစ်ကိုင်းအထူးတပ်စိတ် တစ်စိတ် လုံးနီးပါးကျဆုံးခဲ့တာဖြစ်ပါတယ်။
‘’သူကအမျိုးသားတစ်ဦးလိုပဲနေထိုင်တယ်။ သူ့ကို ရဲဘော်ကိုသက်လို့ခေါ်ကြတယ်။ စစ်ကိုင်းအထူးတပ်ဖွဲ့ရဲ့ တပ်စိပ်မှူးလည်းဖြစ်တယ်။ အရမ်းတော်တဲ့ ဝန်းသိုနယ်သားရဲဘော်တစ်ယောက်ဖြစ်တယ်’’ လို သူ့အကြောင်းသိတဲ့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။
စစ်ကိုင်းအထူးတပ်ဖွဲ့က ရှေ့ပြေးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်ပြီး နားမော်ရွာတိုက်ပွဲမှာ နှစ်ဖက်ညှပ်တိုက်ခိုက်ခံလိုက်ရတာဖြစ်ကာ တပ်ဖွဲ့ဝင် ၇ ဦးမှာ ၆ ဦးကျဆုံးခဲ့တာကြောင့် တပ်စိပ်တစ်ခုလုံးနီးပါးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
ကျဆုံးခဲ့သူတွေရဲ့ အလောင်းကိုလည်း ပြန်လည်သယ်ဆောင်နိုင်တဲ့အခြေအနေမရှိခဲ့ဘဲနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့သိရပါတယ်။
ဗန်းမောက်မှာ ၉ ရက်ဆက်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိခဲ့သလို နေအိမ်မီးရှို့ခံရတာတွေနဲ့ မိုင်းကြောင့် ဒေသခံတွေသေဆုံးတာတွေလည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောဆိုထားကြပါတယ်။
လှိုင်သာယာမှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား လုယက်သတ်ဖြတ်ခံရ
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ့ညနေပိုင်းက ပစ္စည်းပို့တဲ့ ဒလီဗာရီသမား ကိုရဲဇော်ဟာ လူတစ်စုရဲ့ လုယက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့ရဲ့နာရေးကို ဒီကနေ့အောက်တိုဘာ ၁၄ ရက်မှာ ပြုလုပ်ဖွယ်ရှိနေပါတယ်။
ကိုရဲဇော်ဟာ BeeXprss ကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းက စက်မှုဇုန်အနီး မီးသတ်အဝိုင်းအနီး အဝိုင်းမှတ်တိုင်အရောက်မှာ လူတစ်စုက ကိုရဲဇော်ရဲ့ရင်ဘတ်ကို စကေဘာနဲ့ထိုးပြီးနောက် ဖုန်းနဲ့ပိုက်ဆံတို့ကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
လုယက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ကိုရဲဇော်လိုပဲ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ မြောက်ဒဂုံမြို့နယ်အတွင်း လိုက်ထရပ်ယာဥ်နဲ့ ပစ္စည်းပို့တာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဟာလည်း လုယက်သတ်ဖြတ်ခံခဲ့ရပါတယ်။
ထီးလင်းအနောက်ရွာမှာ မီးလောင်ပြင်ထဲ ဒေသခံအလောင်း လေးလောင်းတွေ့
အသက်မပြည့်သေးတဲ့ လူငယ်နှစ်ယောက်အပါအဝင် ရွာသား ၆ ဦးပျောက်ဆုံးနေ
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အနောက်ဘက်ရွာထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက် စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ မီးရှို့ခံထားရတဲ့ နေအိမ်တွေထဲမှာ ဒေသခံ လေးဦးရဲ့ အလောင်းကို လက်ပြန်ကြိုးတုပ်လျက် တွေ့ရတယ်လို့ ယောကာကွယ်ရေးတပ်တွေက ဓါတ်ပုံတွေနဲ့ တကွထုတ်ပြန်ထားပါတယ်။
‘’ အနောက်ဘက်တောရွာထဲ နှစ်ညလောက်အိပ်ပြီး မနေ့ (အောက်တိုဘာ ၁၃) ရက်က ပြန်ထွက်တော့ မနက်ပိုင်းမှာ မီးရှို့သွားတာပါ။ ရွာသားတွေက အသက် ၁၄ နှစ်အရွယ်၊ ၁၇ နှစ်အရွယ် နှစ်ယောက်နဲ့ ၁၈ နှစ်အရွယ်တစ်ယောက် အပါအဝင် စုစုပေါင်း ၆ ယောက်ပျောက်နေတာကို အခုလေးလောင်းတွေ့တာ။ မီးလောင်ထားတော့ အတည်ပြုလို့တော့မရသေးဘူး။ ကျန်တဲ့လူတွေက သေဆုံးတာလား၊ ထွက်ပြေးတာလားဖမ်းဆီးခံရတာလားမသိရသေးဘူး’’ လို့ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့တဲ့ YDF (ထီးလင်း) က ဗျူဟာမှူးသခင်ဇော်က ဘီဘီစီကိုပြောပါတယ်။
အခုလို ထီးလင်းနယ်ထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာ တစ်လနီးပါးရှိပြီဖြစ်ပြီးတစ်လအတွင်း ရွာပေါင်း ၆ ရွာကနေအိမ်ပေါင်း ၄၂ အိမ် မီးရှို့ဖျက်ဆီးခံလိုက်ရသလို စစ်ရှောင်ရတဲ့ ရွာသားထောင်ချီရှိတယ်လို့လည်း သိရပါတယ်။
အခုလူသေဆုံးတဲ့ အထိဖြစ်ရတဲ့ အနောက်တောရွာကတော့ ထီးလင်းမြို့နယ်နဲ့ နီးစပ်တဲ့နေရာတစ်ခုဖြစ်သလို စစ်ကောင်စီတပ်သားတွေ ရိက္ခာသယ်ယူရေးအတွက် အကြိမ်ကြိမ်ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ ရွာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိထီးလင်းနယ်ထဲကိုဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကြောင်းဝင်ရောက်ချိန်က ထိတွေ့တိုက်ပွဲနှစ်ကြိမ်လောက်ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒေသကာကွယ်ရေးတပ်တွေရှိတဲ့နေရာကိုစစ်ကြောင်းမထိုးဘဲ ရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း ယောကာကွယ်ရေးတပ်တွေကပြောပါတယ်။
လက်ရှိဒေသခံကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေဆက်ရှိနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။