ရုရှားမဟာမိတ် ဘယ်လာရုစ် သမ္မတရဲ့ တရုတ်ခရီးစဥ်စ -ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးရ ညနေခင်းသတင်းများ

ရေးသားခဲ့သည်။

ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်သမ္မတ အလန်ဇန်ဒါးလူကာရှန်ကိုဟာ တရုတ်နိုင်ငံကို သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားကို စစ်ရေးအရ ပံ့ပိုးပေးဖို့ ဘေကျင်းက စဉ်းစားနေတယ်လို့ အနောက်နိုင်ငံတွေက စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ သူ့ခရီးစဥ် စတင်ခဲ့တာပါ။

ယူကရိန်း အပေါ် ရုရှားကျူးကျော်မှုကို တရုတ်နိုင်ငံက ရှုတ်ချဖို့ ငြင်းဆိုထားပေမဲ့လည်း ဘေဂျင်းက ရုရှားကို စစ်ရေးပံ့ပိုးဖို့ စဥ်းစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုခဲ့သလို ဒီစစ်ရေး ပဋိပက္ခအတွက် အဖြေရှာလိုတယ်လို့ ပြောကြားထားခဲ့ပါတယ်။

တရုတ်နဲ့ ဘယ်လာရုစ်တို့ဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး သမ္မတ လူကာရှန်ကိုရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ နှစ်ဖက်စလုံးက နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ကြမှာဖြစ်ပြီး အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ ရုရှားနိုင်ငံတို့ ထိတွေ့ဆက်ဆံမှု ပိုမိုနက်ရှိုင်းလာတာရဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

အီရန် မိန်းကလေးကျောင်း အချို့ အဆိပ်ဓာတ်ငွေ့ကနေ အဆိပ်သင့်

အီရန်နိုင်ငံက ခွန်းမ် QOM မြို့ က မိန်းကလေးကျောင်းတွေမှာ အဓိက ထိခိုက်ဖြစ်ပွားနေတဲ့ အမျိုးအမည်မသိ အဆိပ်ဓာတ်ငွေ့တွေကနေ အဆိပ်သင့်မှုတွေကြောင့် အီရန်နိုင်ငံ အနှံ့က လူထုဟာ စိုးရိမ်မှုတွေရှိနေပြီး ဒေါသထွက်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေအရ ကျောင်းသူ ၅၀၀ ကျော်ခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ထိခိုက်ခံစားရမှုတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။

ကျောင်းသူတွေဟာ အသက်ရှုကျပ်တာ၊ နှလုံးတုန်တာ နဲ့ ထုံကျင်တာ စတဲ့ လက္ခဏာတွေကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ အပျော့စား အဆိပ်လို့ခေါ်တဲ့ ဒီအဆိပ်ဟာ ကျောင်းသူတွေကို ထိခိုက်စေတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးက ဝန်ခံလိုက်ပါတယ်။

အစောပိုင်းကတော့ ဝန်ကြီးရဲ့ လက်ထောက်တစ်ဦးက ဒီ အဆိပ်ခတ်တာဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဟီဂျဘ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လက်စားချေတာလားဆိုတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် မြောက်အိုင်ယာလန်ရောက်

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ဟာ မြောက်အိုင်ယာလန်ကို အလည်အပတ်ရောက်ရှိနေပြီး Brexit ကုန်သွယ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး EU နဲ့ သဘောတူညီခဲ့တဲ့ သူ့ရဲ့ သဘောတူညီချက်အသစ်အတွက် ထောက်ခံမှုရဖို့ကြိုးပမ်းနေပါတယ်။

ဘီဘီစီကိုသူ့ရဲ့ Brexit သဘောတူညီချက်နဲ့ပတ်သက်ပြီး ပြောရာမှာတော့ ဒီသဘောတူညီချက်က မြောက်အိုင်ယာလန်ပြည်သူတွေဟာ သူတို့ ကံကြမ္မာကို ထိန်းချုပ်နိုင်စေဖို့အတွက် အချုပ်အခြာအာဏာကို ပြန်လည် ထိန်းသိမ်းကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရာဇ၀တ်မှုနဲ့ ပတ်သက်ပြီး သင်္ကာမကင်းကိစ္စတွေက လွဲလို့၊ ပုံမှန်စစ်ဆေးမှုတွေကို ဖယ်ရှားဖို့ရှိတဲ့အတွက် ယူကေရဲ့ ပြည်တွင်းစျေးကွက်အတွက် ကုန်ပစ္စည်းတွေ လွတ်လပ်စွာ စီးဆင်းနိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြောက်အိုင်ယာလန်ရဲ့အကြီးမားဆုံးပါတီဖြစ်တဲ့ ဗြိတိန် ညီညွတ်ရေးပါတီ DUP က အဲဒီ သဘောတူညီချက်နဲ့ ပတ်သက်လို့ သံသယရှိတယ်လို့ ပြောကြားထားပါတယ်။

စိန့်ပီတာစ်ဘတ် မြို့ရဲ့လေဆိပ်ကို အာဏာပိုင်တွေက ယာယီပိတ်

ရုရှားနိုင်ငံရဲ ဒုတိယ အကြီးဆုံးမြို့ စိန့်ပီတာစ်ဘတ် မြို့ရဲ့လေဆိပ်ကို အာဏာပိုင်တွေက ယာယီပိတ်ထားလိုက်ပါတယ်။ လေဆိပ်အနီးမှာ အမည်မသိအရာဝတ္ထုတစ်ခု ပျံသန်းလာတာကြောင့်ဖြစ်တယ်လို့ အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းတာဝန်ရှိသူတွေက နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဒီ အရာဝထ္ထုတွေဟာ ဘာတွေလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊

ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တိုက်လေယာဉ်တွေကို စေလွှတ်ထားတယ်လို့ သတင်းတချို့က ဆိုပါတယ်။

စိန့်ပီတာစ်ဘတ်မြို့ လေကြောင်းခရီးစဉ်တွေကိုတော့ ပြန်လည်ရေးဆွဲဖို့ရှိနေပါတယ်။

ဒေသန္တရအစိုးရကတော့ လေယာဉ်ပျံသန်းမှုတွေဟာ ၁၂ နာရီခန့်အကြာ အထိ နှောင့်နှေးကြန့်ကြာမှုရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်

လိင်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ခဲ့တယ်လို့ လနဲ့ချီပြီး စွဲချက်တင်ခံရပြီးနောက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ နိုဝန်လုဒ်ဂိုင်း Noel Le Graet ရာထူးက နုတ်ထွက်သွားပါတယ်။

အားကစားဝန်ကြီးဌာနက စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက် အသက် ရှစ်ဆယ့်တစ်နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ လုဒ်ဂိုင်းဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်ဖို့အတွက် လိုအပ်တဲ့ တရားဝင်မှုမရှိတော့သလို သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးခံနေရပါတယ်။

အစီရင်ခံစာမှာ သူဟာ အမျိုးသမီးတွေအပေါ် မှာ မဖွယ်မရာ ပြုမူတာတွေရှိခဲ့တယ်လို့ အထူးအလေးပေး ဖော်ပြခဲ့ပါတယ်။

သူကတော့ ဘာအမှားအယွင်းမှ လုပ်ခဲ့တာမရှိဘူးလို့ ငြင်းဆိုပြောကြားခဲ့ပါတယ်။

သူတာဝန်ယူတဲ့ ဆယ့်တစ်နှစ်တာ သက်တမ်းအတွင်းမှာ ပြင်သစ်လက်ရွေးစင် အမျိုးသားအသင်းဟာ ၂၀၁၈ခုနှစ်က ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဒုတိယဆု ဆွတ်ခူးခဲ့ပါတယ်။