ရန်ကုန်နဲ့ မန္တလေးမှာ ကျူးကျော်ဆိုပြီး အိမ်အဖျက်ခံရလို့ လူအများအပြား အိုးအိမ်မဲ့ဖြစ်

ရေးသားခဲ့သည်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့က ရပ်ကွက်တချို့မှာ ကျူးကျော်နေထိုင်သူဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ခြေ ထောင်ချီတဲ့ ရပ်ကွက်တွေက အိမ်တွေကို ဖယ်ရှားဖို့ သတိပေးတာတွေ၊ အင်အားသုံးဖယ်ရှားတာတွေ ရှိနေပါတယ်။

အခုရက်ပိုင်း ရန်ကုန်မှာ တစ်တဲကျူး တစ်တဲဖျက်စနစ်နဲ့ ဖယ်ရှားဖို့ စစ်ကောင်စီခန့်ထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ညွှန်ကြားပြီးဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နေ့စဥ်ထုတ်သတင်းစာတွေက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

နေအိမ် အဖျက်ခံရသူတွေ အများစုဟာ ဘာလျော်ကြေးမှ မရသလို၊အထောက်အပံ့လည်းမရကြောင်းနဲ့ အင်အားသုံးဖယ်ရှားတာ ခံခဲ့ရတယ်လို့ နေအိမ် အဖျက်ခံရသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဒီလို လုပ်ရပ်အပေါ် သတိပေး တားမြစ်တာနဲ့အတူ နစ်နာဆုံးရှုံးခဲ့တဲ့ ပြည်သူတစ်ဦးချင်းဆီအတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များကို မဖြစ်မနေအာမခံဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။  

 

 ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရန်ကုန်တိုင်းက မရန်းကုန်းမြို့နယ် ၊မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မန္တလေးတိုင်းက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် စတဲ့နေရာက ရပ်ကွက်တွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကိုကျူးကျော် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းတာတွေ ဖျက်သိမ်းရတာတွေ ရှိနေပါတယ်။

နေအိမ်အဖျက်ခံခဲ့ရသူတွေကို ဘီဘီစီကလိုက်လံမေးမြန်းချက်အရ နေအိမ် ပြန်လည် ၀ယ်ယူဖို့ ပိုက်ဆံလက်၀ယ်မရှိသေးတာကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာတွေရှိသလို၊ အဆင်ပြေတဲ့နေရာတွေမှာ နေထိုင် နေကြရတဲ့သူတွေလည်းရှိနေတယ်လို့ ပြောကြပါတယ်။

နေအိမ်အဖျက်ခံရတာ တစ်လနီးပါးရှိပြီဖြစ်တဲ့ မင်္ဂလာဒုံ စံသမာဓိ ရပ်ကွက်ထဲက အိမ်အဖျက်ခံခဲ့ရသူ တစ်ဦးကတော့ အဖျက်ခံရတာ တစ်လကျော်ကြာတဲ့ အထိ ဘာအကူအညီမရကြောင်း သူတို့ တောင်ဒဂုံဘက်က သူများဂိုဒေါင်နောက်မှာ အိမ်ခန်းလေး ငှားနေရကြောင်း ပြောပါတယ်။

  မန္တလေးတိုင်းအတွင်းမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ နောက်ဆုံး အဖျက်ခံခဲ့ရတာက အောင်မြေသာစံ မြို့နယ်ထဲက အိုးဘို၊ ရွှေကျင်၊ အမရဌာနီရှေ့ ရပ်ကွက်တွေ နဲ့ ပြည်ကြီးတံခွန် မြို့နယ်တို့ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

နေအိမ်တွေ စျေးဆိုင်တွေဖျက်သိမ်းခံရတာအပြင် အဲဒီ အဖျက်ခံရတဲ့အထဲမှာ လူမှု ကူညီရေးအသင်း ရုံးခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ရုံးခန်းပါဖျက်ပေးခဲ့ရတဲ့ ပြည်ကြီးတံခွန် မြို့နယ်က ရင်ဘတ်တူညီနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကတော့ ရုံးခန်းကို မငှားနိုင်သေးလို့ ယာယီနေရာတစ်ခုမှာ ရုံးခန်းယာယီဖွင့်ပြီး ကူညီနေရကြောင်း ဘီဘီစီကို ပြောပြပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ NUG က အခုလိုနေအိမ်တွေ ဖြိုဖျက်ခံနေရတာနဲ့ပတ်သက်ပြီးဒီဇင်ဘာလ ၁၀ရက် နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ နေအိမ်တွေကိုဖြိုဖျက်ခိုင်းနေတာဟာ လူထု ပိုမိုကျပ်တည်းခက်ခဲစေဖို့နဲ့ ပြည်သူ့တော်လှန်ရေးအားပျော့လာစေဖို့ စစ်ကောင်စီဘက်က ဆောင်ရွက်မှုဆိုပြီး ပြောပါတယ်။

ဒါဟာ ကိုဗစ်ကူးစက်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခအဝဝကို ခံစားနေရတဲ့ အခြေခံ ပြည်သူတွေကို စာနာဖေးမမှုမရှိတဲ့လုပ်ရပ်ဖြစ်သလို အခြေခံ လူ့အခွင့်အရေးရပိုင်ခွင့်ကိုလည်း ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက် စည်ပင်သာယာရေးကော်မတီ အပါအဝင် ဝန်ထမ်းတွေအနေနဲ့ မြို့ပြနေ လူထုနေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီးတာတွေကို ချက်ချင်းရပ်ဖို့ တားမြစ်တယ်လို့ NUG က ပြောပါတယ်။

ဆက်ပြီး ကျူးလွန်နေမယ်ဆိုရင် ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက်အရေးယူမယ့်အကြောင်းနဲ့ နစ်နာဆုံးရှုံးတဲ့ ပြည်သူတစ်ဦးချင်းစီ အတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်ကို အာမခံ ဖော်ဆောင်ပေးသွားမယ်လို့လည်း NUG ဘက်က ထုတ်ပြန်ပြောဆိုပါတယ်။

 ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ အာမခံဖော်ဆောင်မှာလဲ၊ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုလုပ်ဆောင်မှာလဲ ဆိုတာကို NUG သမ္မတရုံးပြောခွင့်ရသူကို ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်က နိုင်ငံပိုင်သတင်းစာမှာတော့ နိုင်ငံပိုင်မြေနဲ့ ဝန်ကြီးဌာနရဲ့ အဆောက်အအုံများ၊ ဌာနပိုင်မြေများ၊ လမ်းနယ်နမိတ်များမှ ာကျူးကျော်နေထိုင်မှုတွေမရှိစေရေး အသိပေးဆိုင်းဘုတ်ထောင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ ဆောင်ရွက်ဖို့နဲ့ တစ်တဲကျူး တစ်တဲဖျက်စနစ်နဲ့ မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ကြဖို့၊ဒါကိုလိုက်နာမှုမရှိရင် တည်ဆဲဥပဒေနဲ့အညီ ရှင်းလင်းဖယ်ရှားဖို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောကြားထားကြောင်းဖော်ပြထားပါတယ်။