ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၁၇ ရက် ထိပ်တန်းသတင်းများ - ရိခေါဒါရ်မြို့ ကို ချင်းကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားပြီးနယ်မြေရှင်းလင်း
ချင်းကာကွယ်ရေးတပ်တွေသိမ်းထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ်၊ဖလမ်းခရိုင် ထဲက ရိခေါဒါရ်မြို့ မှာ ချင်းအမျိုးသားတပ်မတော် - CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ အနီး စစ်ကောင်စီရဲ့ Tio စခန်း နဲ့ Rih စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီစခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အများနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ Chinland Information Center က သူတို့မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ဖော်ပြပါတယ်။
မြန်မာ - အိန္ဒိယ နယ်စပ် ရိခေါ်ဒါရ်မြို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး လက်ရှိမှာတော့ နယ်စပ်အဝင်တံတားမှာ ချင်းအမျိုးသားအလံစိုက်ထူထားတာကိုတွေ့ရပါတယ်။
ဘီဘီစီအိန္ဒိယဌာနရဲ့ သတင်းအရ လက်ရှိမှာ ရိခေါ်ဒါရ်မြို့နဲ့ကပ်နေတဲ့ အိန္ဒိယဘက်ခြမ်းကမီဇိုရမ်ပြည်နယ်ထဲမှာ ရိခေါ်ဒါရ်မြို့က ဒေသခံစစ်ရှောင် ၅,၀၀၀ နီးပါးရောက်ရှိနေပြီး သူတို့ကို မီဇိုရမ်အာဏာပိုင်တွေက ယာယီနေစရာနဲ့စားစရာတွေစီစဥ်ပေးထားတယ်လို့ပြောပါတယ်။
တခါ ချင်းကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ ထက်မနည်းကိုလည်း မီဇိုရမ်ပြည်နယ်အစိုးရကတဆင့် မဏိပူရပြည်နယ်ဘက်ကနေ အိန္ဒိယဘက်ကနေ မြန်မာအာဏာပိုင်တွေဘက်ကိုလွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
NLD က တိုင်းဒေသကြီး ၃ ခုမှာ လွှတ်တော်ခေါ် ကြားကာလ အခြေခံဥပဒေပေါ်ပေါက်ရေး ကြိုတင်ပြင်ဆင်
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း နဲ့ မကွေးတိုင်းတို့မှာ နိုဝင်ဘာ ၁၇ ရက်က တိုင်းလွှတ်တော်ခေါ်ယူကျင်းပခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို အဲဒီလွှတ်တော်တွေကနေ အတည်ပြုလိုက်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် အဓိကကျတဲ့ ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည်သူလူထုဆန္ဒနဲ့အညီ ဖော်ဆောင်နိုင်စေဖို့ ရွေးကောက်ခံကိုယ်စားလှယ်တွေက ဒေသတွင်းအင်အားစုတွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းအကောင်အထည်ဖေါ်တဲ့ ကနဦး စွမ်းဆောင်ချက်ကို ကြိုဆိုတယ်လို့ NLD က ထုတ်ပြန်ပါတယ်။
အင်အားစုအားလုံးကလည်း အမြင်သဘောထား၊ ရည်မှန်းချက်တွေကို ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အကောင်းဆုံး တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
တိုင်းလွှတ်တော် ၃ ခု ခေါ်ယူကျင်းပမှုမှာ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌတွေ ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
လွှတ်တော်တွေစတင်မယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းလိုက်လို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေဟာ ပြည်ထောင်စုလွှတ်တော်ခေါ်ယူတာကို နေပြည်တော်က စည်ပင်ဧည့်ရိပ်သာထဲမှာ ပထမဆုံး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
မတူပီ ၊ ဝေလူးရွာကို လေကြောင်းကနေဗုံးကြဲလို့ ကလေး ၈ ဦးအပါအဝင် လူဆယ်ချီသေဆုံး
ချင်းပြည်နယ်၊ မတူပီ မြို့နယ်ထဲက ဝေလူးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲခံရလို့ ကလေး ၈ ဦး အပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးတဲ့ဖြစ်စဉ် နိုဝင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးတပ် - CDF Dai (ဒိုင်း) က တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ မှာ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး စာသင်နေတဲ့ အိမ်တစ်အိမ်ပေါ်ကို ဗုံးကျခဲ့တာကြောင့် စာသင်ကြားပေးနေတဲ့ကျောင်းဆရာ အပါအဝင် စာသင်ကြားနေတဲ့ကလေးငယ် ၈ ဦးလည်း နေရာမှာပဲသေဆုံးတာလို့ ဆိုပါတယ်။
လက်ရှိမှာ သေဆုံးသူတွေအပြင် အပြင်းအထန်ဒဏ်ရာရသူ ၄ ဦးလည်းရှိပြီး အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းက နေအိမ်နဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
အိမ်ခြေ(၉၀)ကျော်ရှိပြီး ဝေလူးကျေးရွာဟာ မတူပီမြို့ကနေ မိုင်(၄၀)ခန့်အကွာမှာရှိပြီး ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတစ်ကြိမ်တစ်ခါမျှဖြစ်ပွားမှု မရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဝေလူးကျေးရွာအခြေအနေကို ဘီဘီစီကဆောင်းပါးအပြည့်အစုံဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။
လွိုင်ကော်တစ်မြို့လုံးနီးပါးစစ်ရှောင်ကြပြီ
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တို့ရဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ အဓိကထိုးစစ်ဆင်နေတဲ့ မြို့တော်လွိုင်ကော်က ဒေသခံတွေအကုန်လုံးနီးပါး စစ်ရှောင်တိမ်းကြပြီလို့ သိရပါတယ်။
"ရပ်ကွက်တော်တော်များများရှောင်ကြပါပြီ။ တရားဝင်ခွင့်ပြုတာမျိုးမဟုတ်ပေမဲ့ မနက်ခင်း ၄ နာရီကနေ ၇ နာရီ၊ ၈ နာရီအထိ စစ်ရှောင်ကြတယ်။ ရပ်ကွက် ၁ ခု၊ ၂ ခုလောက်ပဲ လူကျန်တော့တယ်" လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ စစ်ဆင်ရေးစတင်ကတည်းက လွိုင်ကော်မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေပိတ်မိခဲ့ကြပြီး မြို့ပေါ်တိုက်ပွဲထဲ လေကြောင်း၊ လက်နက်ကြီး အလုံးအရင်းအသုံးပြုမှုကြောင့် ငါးရက်အတွင်း အရပ်သားသေဆုံးမှု အယောက် ၄၀ နီးပါးရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုတော့ တိုက်ပွဲအဓိကဖြစ်နေတဲ့ ဒေါဥခူ၊ နာနတ်တော စတဲ့ရပ်ကွက်တွေက ဒေသခံတွေ စစ်တိမ်းရှောင်နိုင်ပြီဖြစ်တာကြောင့် မနေ့ညက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိခဲ့ပေမဲ့ လတ်တလောတော့လူထိခိုက်ဒဏ်ရာရတာမရှိကြောင်း ပရဟိတအသိုင်းအဝိုင်းကနေ သိရပါတယ်။
လက်ရှိမှာတော့ လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ကြောင်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်လည်း လက်နက်ချပူးပေါင်းကြောင်း ဗီဒီယိုမှတ်တမ်းတွေနဲ့ ဖော်ပြထားကြပါတယ်။
တခါ ၁၁၁၁ စစ်ဆင်ရေးအဖြစ်တိုက်ခိုက်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃ ၊ ပွဲကုန်း ၁ ၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား ၂ စတဲ့ရွာတွေမှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းတွေကိုသိမ်းယူနိုင်ခဲ့သလို မိုးဗြဲမြို့က စစ်ကောင်စီရဲ့ စစ်ရေးအချက်အချာနေရာဖြစ်တဲ့ "စက်တော်ရာ" စခန်းကိုလည်း သိမ်းယူနိုင်ပြီလို့ တော်လှန်ရေးအင်အားစုတွေက မနေ့ကထုတ်ပြန်ထားပါတယ်။
ရှမ်းရှေ့ ကျိုင်းတုံ နဲ့တာချီလိတ်မှာ ပြင်းအားသိသာတဲ့ငလျင်လှုပ်ခတ်သွား
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့တွေမှာ ပြင်းအားသိသာတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အနောက်မြောက်ဘက်ကို ဦးတည်ပြီး အင်အား ရစ်ချ်တာစကေး ၅.၉ ရှိတဲ့ ငလျပ်လှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ကျိုင်းတုံနဲ့ တာချီလိတ်မြို့အပြင် ရှမ်းရှေ့တစ်လျှောက်နဲ့ ဆက်နေတဲ့ '' ဝ'' ပြည်ကနေရာအချို့မှာလည်း ငလျင်လှုပ်ခတ်တဲ့ဒဏ်ခံစားခဲ့ရတယ်လို့ မြို့ခံတွေက သူတို့ရဲ့လူမူကွန်ရက်တွေမှာဖော်ပြနေကြပါတယ်။
“ဗဟိုချက်က တာချီလိတ်အနီးတစ်ဝိုက်ထင်တယ်၊ ကုတင်ပေါ်မှာ အိပ်နေတာကို ဆွဲခါပစ်လိုက်သလိုပဲ၊ ကြုံဖူးသမျှထဲမှာ တော်တော်ကြမ်းကြမ်းလှုပ်ခတ်သွားတာ”လို့ တာချီလိတ်မြို့ခံတစ်ဦးက သူ့အတွေ့အကြုံကိုရေးသားထားပါတယ်။
ကျိုင်းတုံနဲ့တာချီလိတ်မြို့ခံတွေအပြောအရ အင်အားပြင်းငလျင်နောက်မှာ နောက်ဆက်တွဲငလျင် သုံးကြိမ်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ပြောဆိုမှုတွေရှိပြီး အပျက်အစီးအခြေအနေကိုတော့ သိရတာမရှိသေးပါဘူး။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီဌာန ရဲ့ ထုတ်ပြန်ချက်အရဆိုရင် နိုဝင်ဘာလ ၁၅ ရက်အတွင်းအင်အား ရစ်ချ်တာစကေး ၄ နဲ့ ၆ ကြားရှိတဲ့ ငလျင် ၃ ကြိမ်ထက်မနည်းလှုပ်ခတ်ထားပါတယ်။