အောက်တိုဘာ ၁၈ ရက်ထိပ်တန်းသတင်းများ - အရာတော်မှာ PDF စခန်း စီးနင်းခံရပြီး ၃ ဦးထက်မနည်းသေဆုံး

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အနောက်တောင်ခြမ်း၊ အောင်သာကုန်းရွာ အနီးက မုံရွာခရိုင် PDF တပ်ရင်း(၂၇) တပ်ခွဲ(၄) စခန်း စီးနင်းခံရလို့ အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ၃ ဦး‌ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ အရာတော်တိုက်နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန်ခံ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ‌စစ်ကြောင်းနဲ့တိုးလို့ ပစ်ခတ်ခံရပြီး သေဆုံးတာရှိလို့ အောက်တိုဘာ ၁၅ ရက် ကနေ ၁၈ ရက်အထိ လေးရက်အတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးထားတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၆ ရက် က အောင်သာကုန်းရွာ အနီး တဝိုက် က ဆည်တောကြီးရွာ ၊ ဝါးရောင်းရွာတွေက စစ်ရှောင်အရပ်သား ၁၀ ဦးထက်မနည်း ကို ဓားစာခံသဖွယ်ဖမ်း‌ဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနေ့ ဖမ်းဆီးသွားသူတွေကို မနေ့‌ အောက်တိုဘာ ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာတော့ ဝါးတန်းကျေးရွာက စစ်ကြောင်းနဲ့တိုးတဲ့စစ်ရှောင်ပြည်သူ အယောက် ၃၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' စစ်ကြောင်းက ဒီတဝိုက်မှာ ဝဲနေတယ်။ နောက်ထပ် PDF စခန်း တွေရှိနေသေးတယ်ထင်ပြီး ဝင်လိုက် ထွက်လိုက်လုပ်နေလားမသိဘူး။ ဆည်တောကြီး ကို စဝင်ပြီး လမ်းမှာ‌တွေ့တဲ့သူဖမ်းတာ။ ပြီးရင်စစ်ကြောင်းနဲ့ ခေါ်သွားတယ်။ နောက်ထပ် အသစ်မဖမ်းမမိမချင်းပြန်မလွှတ်ပေးဘူး။ ဒီနေ့ ဝါးတန်းကလူတွေကိုဖမ်းမိမှ ဝါရောင်းက သူတွေကိုလွှတ်ပေးတာ။ စခန်းတွေရှာရင်းလမ်းမှာတိုက်ခိုက်ခံရမှာစိုးလို့ဖမ်းနေတာမျိုးဖြစ်နေတယ် '' လို့ ဆည်တောကြီးဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ် အင်အား ၇၀ ကျော်ဟာ အောက်တိုဘာ ၁၄ ရက်က စတင်ပြီး အရာတော် - မုံရွာ ကားလမ်း အနီးဝန်းကျင် ရွာတွေ အပါအဝင် အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းနေတာ ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်မှာ မုံရွာခရိုင် PDF တပ်ရင်း(၂၇) တပ်ခွဲ(၄) စခန်း စီးနင်းခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပုံစံ အသွင်ယူကာ ဝင်ရောက် စီးနင်းတာကြောင့် တပ်ခွဲမှူး အပါအဝင် သုံးဦး ဖမ်းဆီးခံလိုက်ရပြီး ညှဉ်းပန်းသတ်ဖြတ် ခံရတာလို့ ဒေသခံက ပြောပါတယ်။

“ ပစ်ပြေး ပြေးကြတာပေါ့။ တချို့က ခံပစ်ပေးပြီး မပြေးဘဲကျန်ခဲ့တာ။ မိတဲ့သူတွေကို အတော်လေး နှိပ်စက်ပြီးတော့မှ သတ်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အောက်တိုဘာ ၁၅ ရက်က အရာတော်မြို့နယ် ကျွန်းဖိုပင် ကျေးရွာအနီးမှာ PDF အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းနဲ့အတူ လက်လုပ်သေနတ် နဲ့ ကျည်အချို့ကို သိမ်းဆည်းရမိတယ်ဆိုပြီး ‌ရေးသားထားပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာလည်း အရာတော်မြို့နယ် အောင်သာကုန်း ကျေးရွာ အနီးမှာ PDF အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အလောင်းတွေနဲ့အတူ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ ‌ဆိုပါတယ်။

လက်ရှိမှာ အရာတော်မြို့နယ် အတွင်း ကျွန်းဖိုပင်၊ ဝါးရောင်း၊ အောင်သာကုန်း၊ ကျောက်ပြောက် ဝါးတန်း အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃,၀၀၀ကျော်ဟာ စစ်ကြောင်းကိုတိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အရာတော် - ကျောက္ကာ - မုံရွာ လမ်းပိုင်းကို အခုရက်အတွင်း အများပြည်သူအသုံးမပြုဖို့ သတိပေးထားပါတယ်။

ရိုဟင်ဂျာတွေအတွက် ဗြိတိန်က ပေါင် ၄ သန်းခွဲ ထပ်မံထောက်ပံ့

ဘင်္ဂလားဒေ့်ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် ပေါင် ၄ သန်းခွဲ ( ‌အမေရိကန် ဒေါ်လာ ၅ သန်းခွဲ) ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် ဗြိတိန်အစိုးရ က ထောက်ပံ့ကူညီသွားမယ်လို့ မနေ့အောက်တိုဘာ ၁၇ ရက်က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာအကူအညီ‌ပေးရေး ‌အဖွဲ့ UNHCR ရဲ့ ညီလာခံမှာ ယူကေအစိုးရရဲ့ အင်ဒို - ပစိဖိတ် ဝန်ကြီး အန်နီမာရီ ကပြောပါတယ်။

ဒီအကူအညီပေးရေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေသာမက သူတို့ကို ကူညီလက်ခံစောင့်ရှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် က လူမှုအသိုင်းအဝိုင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ဖို့ ဒီ ပေါင်ငွေ ၄ သန်းခွဲကို ‌ထပ်မံပေးအပ်တာလို့ဆိုပါတယ်။

'' ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်အဖြေရှာဖို့ ဗြိတိန်အစိုးရက ကတိပြုထားပါတယ်။ ရိုဟင်ဂျာတွေ သူတို့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ဖို့လည်းပါပါတယ် '' လို့ ယူကေဝန်ကြီး ကပြောပါတယ်။

ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ်ကို ဘေးကင်းစွာ မပြန်နိုင်မချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ဆက်လက်ပေးသွားဖို့ လည်း ယူကေက ကတိပြုပြောပါတယ်။

အခု ထပ်ပေးတဲ့ ပေါင် ၄ သန်းခွဲ ထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နဲ့ သူတို့ကိုလက်ခံထားတဲ့ လူ့မှုအဖွဲ့အစည်းတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ၊ သန့်ရှင်းတဲ့ ‌သောက်သုံးရေရဖို့ နဲ့ အမျိုးသမီး နဲ့ ကလေးတွေ အကာအကွယ်ပေးနိုင်တဲ့အစီအမံတွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကို ပေါင် ၂ ဒသမ ၁ သန်းထောက်ပံ့တာလည်းပါဝင်သလို နောက်ထပ်ငွေကြေးတွေက ကုလ အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးအပ်ထားတယ်လို့ဆိုပါတယ်။

ယူကေဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နဲ့လည်းတွေ့ဆုံမှာဖြစ်သလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ တို့နဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။

နေပြည်တော်၊တပ်ကုန်းမှာ အကျဉ်းသား ၇ ဦး ထွက်ပြေး

နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာမှာ ရှိတဲ့ ကင်းသာ(၂) ကုန်ထုတ်စခန်းက အကျဉ်းသား(၇)ဦး မနေ့ညနေပိုင်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေထံကနေ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။

ထွက်ပြေးသူ ၇ ဦးလုံးဟာ အမျိုးသားတွေပဲဖြစ်ပြီး လူသတ်မှု နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦး အပြင် မူးယစ်ဆေးဝါးအမှုနဲ့ မုဒိမ်းမှုလို ရာဇဝတ်မှုကျူးလွန်နေသူတွေလည်း ပါဝင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအမြစ်က ပြောပါတယ်။

သူတို့ရဲ့ ထောင်ဒဏ် လက်ကျန်ဟာ ၂ နှစ် ကနေ ၆ နှစ်အထိ ကျန်နေသေးတဲ့ အကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

ကင်းသာ(၂) ကုန်ထုတ်စခန်းဟာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ချမှတ်ခံရတဲ့အကျဉ်းသား လူရာချီ ထိန်းသိမ်းထားတဲ့ စခန်းတစ်ခု လည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေ မကြာခဏ ထွက်ပြေးလွတ်မြောက်မှုတွေဖြစ်နေပြီး ရမည်းသင်းထောင် နဲ့ တောင်ငူထောင် တို့က အကျဉ်းသား ထွက်ပြေးလွတ်မြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး သေနတ်ပစ်ခတ်ခံရလို့သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းဟာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၇ နာရီကျော်က သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

အသက် ၅၀ ကျော်အရွယ် ဦးဇော်နိုင်လင်းဟာ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွကက လဖက်ရည်ဆိုင် မှာထိုင်နေချိန် ဆိုင်ကယ်စီးလာသူတစ်ဦးက အသင့်ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဒေသခံအချို့ ရဲ့ အပြောအရ ဦးဇော်နိုင်လင်းဟာ ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ရေးမြို့နယ် အခြေပြုလှုပ်ရှားနေတဲ့ ရေးဘီလူးဒေသကာကွယ်ရေးတပ်အဖွဲ့ ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ဦးစီးမှူး ဦးဇော်နိုင်လင်းကို ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ရေးမြို့လယ်ခေါင် နဲ့ ရပ်ကွက်တွေကို ပိတ်ဆို့ စစ်ဆေးနေပြီး မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။