ကာလုံက စစ်ခေါင်းဆောင်ကို အာဏာဆက်ပေးမလား

ရေးသားခဲ့သည်။

ကာလုံလို့ခေါ်ကြတဲ့ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အရေးပေါ်ကာလ ၂ နှစ် ကုန်ဆုံးချိန်မှာ ပြုလုပ်တဲ့ ဒီကာလုံအစည်းအဝေးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ နိုင်ငံတော်အာဏာကို ဘယ်လို ဆက်လက် တာဝန်ယူမလဲဆိုတာ ဆုံးဖြတ်ကြရမယ့် အစည်းအဝေး ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို ယာယီ သမ္မတဦးမြင့်ဆွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ကာလုံ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူကတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီ အတွင်းရေးမှူးတွေနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ကတော့ အထူးဧည့်သည် အဖြစ် တက်ရောက်ခဲ့ပါတယ်။

ကာလုံ အစည်းအဝေးမှာ အရေးပေါ်ကာလအတွင်း စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ရဲ့ လုပ်ဆောင်မှုတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဓိကထားတင်ပြခဲ့ပြီး အခု လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့အခြေအနေလို့ ကာလုံအစည်အဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ကာလုံအစည်းအဝေးမှာ CRPH၊ NUG နဲ့ PDF တို့ကို အကြမ်းဖက်သမားတွေလို့ ရည်ညွှန်း ပြောဆိုထားပြီး သတ်ဖြတ်မှု၊ ဗုံးခွဲတိုက်ခိုက်မှု၊ လက်နက်ကိုင် ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။

နိုင်ငံတော်အာဏာ ဘယ်လို ဆက်တာဝန်ယူမလဲ ဖော်ပြမထား

အစည်းအဝေးပြုလုပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီထဲမှာ နိုင်ငံတော်အာဏာကို ဘယ်လို ဆက်လက်တာဝန်ယူမလဲ ဆိုတာတော့ မပါရှိပါဘူး။

စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်တင်းတင်းပြည့်တဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကျမှသာ ထုတ်ပြန်ကြေညာမယ်လို့ ဖော်ပြထားပါတယ်။

အခုလုပ်ခဲ့တဲ့ ကာလုံအစည်အဝေးမှာ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေကို “သာမန်မဟုတ်တဲ့အခြေအနေ” လို့ ဆွေးနွေး ခဲ့ကြတဲ့အတွက် စစ်ကောင်စီကပဲ အာဏာဆက်လက် ယူသွားနိုင်ခြေ ရှိတယ်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ တွေက သုံးသပ်နေကြပါတယ်။

လက်ရှိ အခြေအနေက သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲ လို့ ပြောတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်ကို ပေးထားတဲ့ တာဝန် မပြီးမြောက်သေးဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ “သာမန်အားဖြင့်” ၆ လ နှစ်ကြိမ် သက်တမ်း တိုးနိုင်တယ်လို့ ဆိုထားတာ ဖြစ်ပြီး အခုက သာမန် အခြေအနေ မရောက်သေးဘူးလို့ ဆိုတဲ့ အတွက် အဲဒီ ပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက်တမ်း နှစ်ကြိမ် ဆက်တိုးနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပုဒ်မ ၄၂၅ ကိုကိုင်စွဲပြီး သက်တမ်းတိုးလိမ့်မယ်လို့ ဦးရဲထွန်းက ယူဆပါတယ်။

ဒီ အခြေခံဥပဒေ ပုဒ်မမှာ အထူးပြုချက် စကားလုံးတွေ ထည့်သွင်းထားပေမဲ့ ထပ်မံပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိတဲ့ အတွက် ဝိဝါဒ ကွဲစရာတော့ ရှိနေပါတယ်။

လက်ရှိ အခြေအနေမှာ စစ်ကောင်စီက တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိတာကတော့ မြင်သာနေပါတယ်။

အရေးပေါ်ကာလကို သက်တမ်းတိုး ပေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ပုဒ်မ ၄၂၅ ကို သုံးပြီး စစ်ကောင်စီက ထပ်မံ အချိန်တိုးမြှင့်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေ ခုံရုံးက အဆုံးအဖြတ်ပေးဖို့ လိုလိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အရေးပေါ်ကာလကို ပုဒ်မ ၄၂၅ အရ သက်တမ်းတိုးပေးမယ်ဆိုရင် အခြေခံ ဥပဒေနဲ့ ညီမညီ ဆိုတာ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို လျှောက်တင် မေးမြန်း ရမှာဖြစ်ပြီး ခုံရုံးရဲ့ အဆုံးအဖြတ် ကသာ အတည်ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ အေးမောင်က လည်း အလားတူ ယူဆပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့က အစည်းအဝေးမှာ တိုင်းပြည် အခြေအနေဟာ သာမန် အခြေအနေမဟုတ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က တင်ပြတယ်၊ ၆ လအတွင်း မှာလည်း ရွေးကောက်ပွဲကို ကျင်းပနိုင်မယ့် အနေအထားမရှိဘူးလို့ သူက ပြောပါတယ်။

အခြေခံ ဥပဒ ပုဒ်မ ၄၂၅ အရ သာမန် မဟုတ်တဲ့ အခြေအနေမှာ ဘယ်လောက်ထပ်ပြီး တိုးပေးနိုင်သလဲ၊ သာမန် အခြေအနေမှာ ၆ လ နှစ်ကြိမ်ဆိုရင် သာမန် မဟုတ်တဲ့ အခြေအနေမှာ ၆ လ နှစ်ကြိမ်ကို ပေါင်းပြီးမှ ၁ နှစ်ပေးရ မှာလား ဆိုတဲ့ ကာလသတ်မှတ်ချက်ကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဓိပ္ပါယ် ဖွင့်ဆိုရမယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဖွဲ့စည်းပုံအရ ကာလုံက ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်လား

ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်အရ ဆိုရင် အရေးပေါ်ကာလ ၂ နှစ်ကုန်ဆုံးချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံကို အာဏာပြန်အပ်ရမှာ ဖြစ်ပြီး ကာလုံက ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမှာဖြစ်ပါတယ်။

သာမန်အခြေအနေ မဟုတ်ဘူး ဆိုလို့ ကာလုံ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ တင်ပြချက်အရ သာမန် အခြေအနေ မဟုတ်ရင် ဘာလုပ်ဖို့ လိုသလဲ၊ ပုံမှန် အခြေ အနေ ဖြစ်အောင် ဘယ်လောက် အထိ ကာကွယ်ရေးဦးစီးချုပ်ကို ကာလုံက တာဝန် အပ်နှင်းနိုင်သလဲ ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မပါတဲ့ အတွက် ကာလုံက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို မေးဖို့ လိုအပ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက “သာမန်မဟုတ်သော အခြေအနေ” ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့် ဆိုမလဲ၊ ကာလုံကရော ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို ရယူမလား ဆိုတာကိုတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။