ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တစ်ကျော့ပြန်စစ်ပွဲကြောင့် မောင်တောနဲ့ ရသေ့တောင်မြို့နယ်မှာ စားနပ်ရိက္ခာပြတ်
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတွေကြား တိုက်ပွဲတွကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေမှာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲ့ဒီကျေးရွာတွေဟာ မေယုတောင်တန်းရဲ့ အနောက်ဘက်ခြမ်း အငူမော်ကနေ မောင်တောမြောက်ပိုင်းအထိ အဝေးပြေး လမ်းမတစ်လျှောက်က ကျေးရွာတွေဖြစ်ပြီး အဲ့ဒီလမ်းကို အသွားအလာ ပိတ်ထားတဲ့အတွက် အခုလို အခက်အခဲတွေကို ကြုံနေကြရတာလို့ ဆိုပါတယ်။
ရသေ့တောင်- မောင်တော တစ်လျှောက် လမ်းတွေပိတ်ထားခံရ
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က အငူမော်-မောင်တောကားလမ်းမအတွင်း ရသေ့တောင်မြို့နယ်နဲ့ မောင်တော မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အဲ့ဒီလမ်းမတစ်လျှောက် အသွားအလာတွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တွေအကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တဲ့နောက်ပိုင်းမှာ ဒေသခံကျေးရွာသားတွေဟာ အခုလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသလို နေရပ်စွန့်ခွာမှုတွေလည်း တဖြေးဖြေး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
“ကျွန်မတို့က တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးလာခဲ့ကြတာပါ။ ပထမတော့ ရွာနဲ့နီးနီးလေး တစ်နာရီလောက်ပဲ သွားရတဲ့ ကိုးတန်ကောက်ရွာမှာ နေခဲ့ကြတယ်။ အဲ့ဒီမှာ အခြေအနေမကောင်းလို့ဆိုပြီး တောင်ကျော်ပြီး ပြေးလာခဲ့ကြတာပါ”လို့ ချိန်ခါလီကျေးရွာက ဒေါ်ကျန်သိန်းက ပြောပါတယ်။
ဝမ်းရေးခက်လို့ တခြားကျေးရွာတွေကို ထွက်ပြေးသူတွေ
ဒါ့အပြင် အခုလို ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ တချို့ကျေးရွာသားတွေလည်း နေရေးထိုင်ရေး စားရေးသောက်ရေးအခြေအနေတွေကြောင့် မေယုကမ်းဒေသက ကျေးရွာတွေကိုထွက်ပြေးရောက်ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီထွက်ပြေးလာခဲ့ကြသူတွေဟာ မေယုတောင်တန်းရဲ့အရှေ့ဘက်ခြမ်းက လောင်းချောင်း၊ သံချောင်း၊ သရက်ချောင်း၊ အောင်ဆိပ်၊ မြင်းဖူးစတဲ့ကျေးရွာတွေကို ထောင်နဲ့ချီတဲ့ကျေးရွာသားတွေ ရောက်ရှိနေကြပြီး သံချောင်းနဲ့ သရက်ချောင်းကျေးရွာတွေမှာတော့ ခိုလှုံနေသူတွေ အများဆုံးဖြစ်တယ်လို့ လက်ရှိသရက်ချောင်းကျေးရွာမှာ ခိုလှုံနေတဲ့ ဒေါ်ကျန်သိန်းက ပြောပါတယ်။
ဆန်ပြတ်တဲ့ရွာတွေ၊ ငတ်မွတ်ဘေးကြုံရဖို့ရှိ
လမ်းခရီးအသွားအလာတွေ ပိတ်ဆို့ထားမှု ၈ ရက်အကြာ ကျန်နေခဲ့ကြတဲ့ကျေးရွာတွေမှာလည်း ရိက္ခာပြတ်လပ်မှုတွေဖြစ်ပွားလာပြီး ဆန်တောင်ဝယ်မရတဲ့အနေအထားနဲ့ ကြုံတွေ့နေကြရပြီဖြစ်တယ်လို့ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကျေးရွာအတွင်း ရိက္ခာဆန်တွေ ဝယ်ယူလို့မရတော့သလို တခြားကျေးရွာတွေကိုလည်း သွားလာလို့မရတဲ့အထိ ဖြစ်နေတာကြောင့် ဩဂုတ်လ ၂၀ ရက် ဒီကနေ့မနက်ပိုင်းက ဥဒေါင်ကျေးရွာ ဘုန်းတော်ကြီးနဲ့ ရွာသားတချို့တို့ဟာ ဆန်နဲ့စားသောက်ကုန်တွေ ဝယ်ဖို့မောင်တောကို သွားကြတဲ့အခါမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ-၉)က သွားခွင့်မပေးလို့ ပြန်လာခဲ့ကြရကြောင်း ဥဒေါင်း ကျေးရွာဆရာတော်က မိန့်ကြားပါတယ်။
အခုလိုမျိုးသာ ဆက်ဖြစ်နေလို့ရှိရင် ကျေးရွာသားတွေ ငတ်မွတ်ကြတော့မှာဖြစ်သလို တချို့မရှိဆင်းရဲတဲ့မိသားစုတွေဆို ငတ်မွတ်နေကြတာတွေလည်းရှိနေပြီလို့ ဆရာတော်က မိန့်ပါတယ်။
“ဒီနေ့မနက် ၈ နာရီလောက်က မောင်တောကိုသွားတယ်။ သွားတဲ့အခါမှာ မောရဝတီရဲစခန်းနားကနေ မသွားရဘူး။ ပြန်လှည့်လာရတယ်။ ဦးပဉ္ဇင်းတို့ကို အဲ့ဒီမှာ ကင်းစခန်းကလည်းသွားခွင့်မပြုဘူး။ သူတို့ဖုန်းဆက်မေးတဲ့ နယ်မြေမှူးကလည်း သွားခွင့်မပြုဘူး။ အထက်အမိန့်အတိုင်းလုပ်နေရတာလို့ ပြောတယ်”လို့ ဥဒေါင်းကျေးရွာဆရာတော်က မိန့်ပါတယ်။
ဥဒေါင်းကျေးရွာမှာ ကျေးရွာသားတွေအကုန်လုံး အခက်အခဲတွေ့နေကြပြီး စားရမဲ့သောက်ရမဲ့ဖြစ်နေကြပြီဖြစ်ကာ တစ်နေ့စာတစ်နေ့လုပ်စားနေတဲ့သူတွေအတွက်ဆိုရင် ဘယ်လိုအခြေအနေရှိမလဲဆိုတာ တွေးကြည့်လို့ရနိုင်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ရွာနီးနားချင်း ကူဖို့ခက်
ဒါ့အပြင် တခြားကျေးရွာတွေမှာလည်း အခုလိုအဖြစ်မျိုးတွေနဲ့ ကြုံနေကြရပြီး ကိုယ့်ရွာအတွက်တောင်မလုံလောက် နိုင်တော့တဲ့ အခြေအနေမျိုးမှာ တစ်ရွာက တစ်ရွာကို ကူညီဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ရွာသားတစ်ဦးက ပြောပါတယ်။
မေယုတောင်တန်းအနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ ကျေးရွာအပြင်ကိုတောင် ထွက်သွားခွင့်တွေမရှိတဲ့အတွက် နွားကျောင်းခွင့်တောင် မရကြဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ကျန်နေတဲ့ကျေးရွာသားတွေဟာ စားစရာရိက္ခာမရှိကြတော့ပေမယ့် နေရပ်စွန့်ခွာဖို့ကလည်း ရွာပြင်ထွက်လို့မရတော့တာကြောင့် အငတ်ဘေးကိုပဲ ရင်ဆိုင်ကြရမယ့်အခြေအနေရောက်နေပြီလို့ ပြောဆိုကြပါတယ်။
“ကျွန်တော်တို့ အဓိကလိုအပ်နေတာက ဆန်ပေါ့နော်။ ဆန်က အိမ်တွေမှာလည်း မရှိတော့ဘူး။ ရွာက ဈေးဆိုင်တွေမှာလည်းမရှိတော့ဘူး။ တစ်နပ်စာရှိတဲ့သူတွေ နှစ်နှပ်စာရှိတဲ့သူတွေ အဲလိုပဲ ဖြစ်နေကြပြီ။ ကျန်းမာရေးကိစ္စနဲ့ဆိုလို့ရှိရင်လည်း ဘယ်မှမသွားရဘဲ အနီးအနားက ကျေးရွာတွေကိုပဲ အားကိုးနေရတာ၊ တစ်ရွာနဲ့တစ်ရွာလည်း သွားလို့မရဘူး”လို့ ဥဒေါင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကျေးရွာသားတွေ ထွက်ပြေးရောက်ရှိနေကြတဲ့ မေယုကမ်းဒေသက ကျေးရွာတွေမှာလည်း တစ်ရွာစာအတွက် ရိက္ခာတွေကို မျှတပြီး မဝရေစာအဖြစ် စားသုံးနေကြရသလို အဲ့ဒီရွာတွေကလည်း တခြားနေရာကို ဈေးသွားဝယ်လို့မရတာကြောင့် ကုန်ဈေးနှုန်းမြင့်မားမှုတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
အခုလို အခက်အခဲဖြစ်နေတဲ့ အခြေအနေတွေထဲ မိမိတို့ကျေးရွာတွေဆီ ဘယ်နေ့ပြန်နိုင်မယ်ဆိုတာ မပြောနိုင်သေးကြောင်းနဲ့ ကျေးရွာတွေအနီးဝန်းကျင်မှာ စစ်ကြောင်းတွေရှိနေရင် ပြန်ဖို့မဖြစ်နိုင်ဘူးလို့ ထွက်ပြေးနေကြသူတွေက ပြောဆိုပါတယ်။
ရွာမှာကျန်ခဲ့တဲ့ ရိက္ခာတွေနဲ့ စျေးဆိုင်တွေက ပစ္စည်းတွေကို ဖျက်ဆီးခံထားရတာတွေကို အရင် တိုက်ပွဲကာလမှာလည်း ကြုံခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။
အဲ့ဒီလို ငတ်မွတ်ခေါင်းပါးတဲ့အခြေအနေကို ရင်ဆိုင်နေကြရတဲ့အတွက် မောင်တောမြို့နယ်အတွင်းက မြိုလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာကနေ လေးနာရီအကြာလမ်းလျှောက်သွားရတဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာထိ မေယုတောင်ကို ကျော်ဖြတ်ကာ မနေ့ကဈေးဝယ်ဖို့ ရောက်ရှိလာခဲ့ကြတယ်လို့ စေတီပြင်ရွာသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီဈေးလာဝယ်တဲ့ မြို့လူမျိုးကျေးရွာသား ၅၀ လောက်ကိုတော့ စေတီပြင်ကျေးရွာသားတွေကနေ မနက်စာထမင်းတစ်နပ် ကျွေးမွေးပြီး ဧည့်ခံလိုက်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်ကျော့ပြန်စစ်ပွဲတွေပြန်လည်ဖြစ်ပွာလာခဲ့တဲ့အချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ထပ်တိုးလာခဲ့သလို အရင်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အချိန်ကနေ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်အထိ ကျန်နေပါသေးတယ်။