ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးထိုးစစ်ဆင်မှု စကတည်းက သေဆုံးသူ ပါလက်စတိုင်း ၃ သောင်းကျော်ရှိပြီ - ဖေဖော်ဝါရီလ ၂၉ ရက်ညပိုင်းသတင်းများ
ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ အောက်တိုဘာလကတည်းက စလို့ ပါလက်စတိုင်းလူမျိုး ၃ သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာဒေသက ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူအများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်အတွင်း အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံတွေဖမ်းဆီးခေါ်ဆောင်သွားခဲ့အပြီးမှာ အစ္စရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးအစိုးရက သူတို့အနေနဲ့ ဟားမတ်စ်အဖွဲ့ကို အပြတ်ချေမှုန်းပစ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ဒါမှမဟုတ် ယာယီ ဆိုင်းငံ့ထားဖို့ အစ္စရေးအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တနေ့တခြား တိုးလာနေပါတယ်။
စားနပ်ရိက္ခာ စောင့်နေတဲ့ ပါလက်စတိုင်းအများအပြား အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး
ဟားမတ်စ်အဖွဲ့ကို အစ္စရေးက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဂါဇာစီတီးမြို့ရဲ့ အနောက်တောင်ဘက်မှာ စားနပ်ရိက္ခာ အထောက်အပံ့တွေရဖို့ စောင့်ဆိုင်းနေကြသူ ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
အနည်းဆုံး လူ ၇၀ လောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးတင့်ကားတွေအနားမှာ ရပ်တန့်လိုက်တဲ့ စားနပ်ရိက္ခာ ထရပ်ကားတွေဆီ ပြေးလာကြသူတွေကို အစ္စရေးစစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဲဒီဖြစ်ရပ် ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို အသေးစိတ် သိရဖို့ စစ်ဆေးသုံးသပ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ရုရှားကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုပြီး အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင် ဝေဖန်
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းကို အလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်ဖို့ သူအမိန့်ပေးခဲ့အပြီး နှစ်နှစ်အကြာ အခုအခါ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံထဲ ယုံကြည်ချက်အပြည့်နဲ့ ရှေ့တိုးတိုက်ခိုက်နေကြတယ်လို့ ထုတ်ဖော် ပြောသွားပါတယ်။
မော်စကိုမြို့မှာ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်းပြောကြားချိန်မှာ သမ္မတပူတင်က ဒီစစ်ပွဲဟာ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လုံခြုံရေးအတွက် တိုက်ပွဲဝင်မှု ဖြစ်တယ်လို့ သူက ဖော်ညွှန်းပြောသွားပါတယ်။
ယူကရိန်းမှာ တပ်ဖွဲ့တွေ ချထားဖို့ အနောက်အုပ်စုနိုင်ငံတွေက စဉ်းစားနေတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ပူတင်က သတိပေးပြောကြားလိုက်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံအတော်များများကတော့ ဒီလိုတပ်ဖွဲ့ဝင်တွေ ချထားဖို့ကို ကန့်ကွက်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံကို ဖျက်ဆီးဖို့ အနောက်အုပ်စုနိုင်ငံတွေက ကြိုးစားနေကြတယ်လို့ သမ္မတပူတင်က စွပ်စွဲပြောကြားခဲ့ပါတယ်။
မစ္စတာ ပူတင် လုံးဝနီးပါးအနိုင်ရဖို့ သေချာနေတဲ့ သမ္မတရွေးကောက်ပွဲ မကျင်းပခင် သီတင်းနှစ်ပတ်အလိုမှာပဲ မစ္စတာ ပူတင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ အလုပ်ခွင်ပြန်ဝင်ကြဖို့ အစိုးရရဲ့အမိန့်ကို ဆန္ဒပြဆရာဝန်ငယ်တွေ ဖီဆန်
တောင်ကိုရီးယားမှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတဲ့ ဆရာဝန်ငယ်တွေကို ကြာသပတေးနေ့မကုန်ခင် အလုပ်ခွင် ပြန်လာကြဖို့၊ မဟုတ်ရင် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုတဲ့ အစိုးရရဲ့ အမိန့်ကို ဆရာဝန်ငယ်တွေက ဖီဆန်နေကြပါတယ်။
ဆေးကျောင်းဝင်ခွင့် နေရာအရေအတွက်ကို ရုတ်တရက် တိုးမြှင့်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဆရာဝန်ငယ် ၈၀ ရာခိုင်နှုန်းလောက်က ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဆရာဝန်တွေ များများ ထုတ်ခြင်းအားဖြင့် ဆေးကျောင်း ပညာရေးစနစ် အရည်အသွေး နိမ့်ကျသွားစေပြီး လစာလည်း နည်းသွားနိုင်တယ်လို့ သူတို့က ပြောနေကြပါတယ်။
အာဏာပိုင်တွေကတော့ ဆေးကျောင်းဖွင့်ခွင့်အရေအတွက် တိုးလိုက်တာဟာ တောင်ကိုရီးယားမှာ သက်ကြီးရွယ်အို ဦးရေများလာတာကြောင့်နဲ့ ကျေးလက်ဒေသမှာ ဆရာဝန် ရှားပါးလာနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။