ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေး ဖိအားပေးဖို့ အာဆီယံကိုအမေရိကန်တိုက်တွန်း-အောက်တိုဘာ ၂၇ ရက်ထိပ်တန်းသတင်းများ
မြန်မာ မပါဝင်တဲ့ အာဆီယံအစည်းအဝေးသဘောတူညီချက်တွေကို လိုက်ပါဆောင်ရွက်မှာမဟုတ်ဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
အစည်းအဝေးကို နိုင်ငံရေးအရကိုယ်စားမပြုသူကိုသာဖိတ်ကြားတဲ့ ခွဲခြားဆက်ဆံတဲ့လုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူးလို့လည်း ဆို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ဒီကနေ့အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ ကိုးနိုင်ငံနဲ့သာ ဆွေးနွေးသဘောတူညီခဲ့တာဟာ အာဆီယံပဋိညာဥ်စာတမ်းပါ မူအရ မကိုက်ညီတာကြောင့် မြန်မာက လိုက်ပါဆောင်ရွက်မှာမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ညပိုင်းက ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် ဒီအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံရေးအရကိုယ်စားမပြုသူကိုသာ ဖိတ်ကြားခဲ့တာဟာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား အဆင့်အတန်းတူ ကိုယ်စားပြုရေးမူနဲ့သွေဖည်နေပြီး ခွဲခြားဆက်ဆံတဲ့လုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာအနေနဲ့ အာဆီယံရဲ့ တူညီဆန္ဒငါးရပ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံနဲ့အနေနဲ့ တာဝန်သိစွာနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး အချက်တစ်ချက်ဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ခွဲခြားမှုမရှိဘဲ ရရှိစေရေးနဲ့ စေတနာ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးကိုလည်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဘုံသဘာထားငါးရပ်အကောင်အထည်ဖော်ခြင်းကို အချိန်အကန့်အသတ်နဲ့ ဖိအားပေးအကြပ်ကိုင်တဲ့ချဥ်းကပ်မှုမျိုးဟာ အကျိုးမရှိတဲ့အပြင် ဆိုးကျိုးတွေကို သက်ရောက်သွားနိုင်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်လာတာပါ။
မြန်မာအရေးဟာ ထိလွယ်ရှလွယ်အနေအထားမှာဆက်ရှိနေပြီး ဒါတွေကိုမဖြေရှင်းနိုင်တာက အာဆီယံကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ပင်မပြဿနာတွေကိုက ရှုပ်ထွေးခက်ခဲလွန်းလို့ ဒီလို ဖြေရှင်းရခက်တဲ့အခြေအနေမှာရှိနေတယ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေအပြီးမှာအာဆီယံဘက်က ထုတ်ပြန်လာခဲ့ပါတယ်။
ဒါကြောင့်မြန်မာ့အရေး တိကျတဲ့လက်တွေ့ကျတဲ့ အချိန်နဲ့တပြေးညီဖြစ်တဲ့ လှုပ်ရှားမှုတွေကို လုပ်သွားမယ်လို့ ဆိုပေမဲ့ ဘယ်လိုအချက်တွေဆိုတာကိုတော့ အတိအကျဖော်ပြသွားတာမတွေ့ရသလို ဘယ်အချိန်အပြီးဆောင်ရွက်မယ်ဆိုတာမျိုးလည်းထည့်သွင်းဖော်ပြသွားတာမရှိပါဘူး။
ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက် တံတားဦးဗလီအနီး လူနေရပ်ကွက်ထဲကို ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက လက်နက်ကြီးကျရောက်ခဲ့လို့ ကလေးတွေ အပါအ၀င် ပြည်သူ ၆ ဦး ဒဏ်ရာရပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေထံက သိရပါတယ်။ " မြို့ထဲမှာတော့ ပြောင်းတဲ့သူက ပြောင်းကုန်ပြီ၊ ကျန်တဲ့သူက ကျန်တာပေါ့။ တချိုကလည်း သဲအိတ်တွေနဲ့ ပုံးကျင်းတွေနဲ့ ကာဗာတွေလုပ်ကြတယ်။ အားလုံးကခြောက်ခြောက်ခြားခြားတွေဖြစ်နေကြတယ်" လို့ ကောကရိတ်ဒေသခံ၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ပြောပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့ ၊ ခနိမ်းမူရပ်ကွက်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ တံတားဦးရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကလည်း ကကော့ကရိတ်စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးတွေကို KNLA နဲ့ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတချို့ လူနေ ရပ်ကွက်အတွင်း ကျရောက်ရောက် ပေါက်ကွဲခဲ့လို့ တံတားဦးရပ်ကွက် နေသူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၅ ရက်ကလည်း အာရှလမ်းမအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတိုက်ပွဲတွေကြောင့် ကော့ကရိတ် မြိုခံ တချို့ဟာ မော်လမြိုင်၊ဘားအံ မြို့ တွေဘက် ရွှေ့ပြောင်း ရှောင်တိမ်းမှု့များ ရှိနေပြီး၊ကျေးရွာသားအချို့မှာ လည်း တိုက်ပွဲ လွတ်ရာ ဘုန်းကြီးကျောင်းနှင့် အခြားကျေးရွာတွေဘက်ကို တိမ်းရှောင် နေထိုင်နေကြရပါတယ်။
ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်း သတိထားသွားလာဖို့ KTLA သတိပေး
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ကော်သူးလေတပ်မတော် (KTLA) ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုကြဖို့ ကော်သူးလေ တပ်မတော်က အောက်တိုဘာ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ် ကော်သူးလေ နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမှာဖြစ်လို့ ကော့ကရိတ်-မြဝတီအာရှလမ်းအသုံးပြုသွားလာခြင်းကို သတိထားသွားလာကြဖို့ ဆိုပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒါ့အပြင် ကော်သူးလေတပ်မတော် (KTLA) ခွင့်ပြုချက်မရှိဘဲ အာရှလမ်းပေါ်ကို သွားလာခြင်းမပြုဖို့လည်း ပါရှိပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့အထိတော့ အာရှလမ်းပိုင်းမှာ ကုန်ကားတွေ ပုံမှန်အတိုင်းဖြတ်သန်းသွားလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ ဟိုတလောကလို လုံးဝအပိတ်တော့ မဖြစ်ဘူး။ ပစ်ခတ်မှုကတော့ နေ့ တိုင်းလိုလိုရှိပါတယ်။ ပစ်ခတ်နေတဲ့ အချိန်မှာ အဆင်းရော အတက်ရော နှစ်ဘက်ယာဉ်တန်းတွေရပ်ထားကြတာပေါ့။ ပစ်ခတ်မှုရပ်တာနဲ့ ဆက်သွားကြတာပါပဲ။ စားဝတ်နေရေးကြောင့်ပေါ့။ သေနတ်သံရပ်တာနဲ့ သွားကြတာပါပဲ ' လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ မြဝတီမှာလည်း လုံခြုံရေးတင်းကျပ်နေပြီး နယ်ခြားစောင့်တပ် BGFတပ်တွေ နဲ့ စစ်ကောင်စီ တပ်က ခြေလျင်သာမက ကားတွေကိုပါအသုံးပြုပြီး ကင်းလှည့်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
' ကားနဲ့ပတ်တဲ့ အဖွဲ့မှာ ဒရုန်းကို ကြောက်တော့ ဂျမ်ပါကားတွေကိုပါ အသုံးပြုကြတော့ မြို့ပေါ်မှာ ဖုန်းသုံး၊ လိုင်းသုံးရတာ ခက်နေပါတယ် ' လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ်။ အောက်တိုဘာလ ၂၆ ရက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက အဇင်း၊က ျိုက်ဒုံမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကပါပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေါ်လာစျေး အတက်အကျကြား ထိန်းရောင်းကြလို့ ဆေးဝါးတွေ စျေးတက်
မြန်မာနိုင်ငံကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကနေ အဓိကတင်သွင်းနေရတဲ့ လူသုံးအများဆုံးဆေးဝါးတွေဟာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေကြေးအတက် အကျကိုလိုက်ပြီး ဈေးနှုန်းအပြောင်းအလဲတွေဖြစ်ပေါ်နေရာက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က မြန်မာနိုင်ငံကို အမည်မည်းစာရင်းထဲထည့်သွင်းလိုက်တဲ့နောက်ပိုင်း ဆေးဝါးတွေဈေးအနည်းငယ် ထပ်တက်လာတယ်လို့ ဆေးဝါးဖြန့်ဖြူး ရောင်းချနေသူတွေက ပြောကြပါတယ်။
ဒေါ်လာဈေးရိုက်ခတ်မှုကြောင့်တော့ ဈေးကွက်အတွင်းမှာ ကုန်ပစ္စည်းပြတ်လတ်မှုမရှိနိုင်ပေမဲ့ လက်ကားဈေးကွက်မှာတော့ ထိန်းပြီးရောင်းချနေတာမျိုးရှိနေတယ်လို့ သိရပါတယ်။
ဆေးဝါးဖြန့်ဖြူး ရောင်းချသူတစ်ဦးက ' ဆေးတစ်မျိုးကို နဂိုတက်ပြီးသားဆိုတော့ ဈေးကပါးပါးလေးပဲ ထပ်တက်ပါတယ်။ တစ်မျိုး ၂၀၊ ၃၀ လောက်ပါပဲ။ stock အများကြီးကိုင်ထားတဲ့သူတွေကတော့ ပုံမှန်ဈေးနဲ့ပဲ ရောင်းပါတယ်။ ပုံမှန်ဈေးဆိုတာက အတက်ဈေးပေါ့နော်” လို့ဆိုပါတယ်။
ဒါပေမဲ့ လူသုံးများတဲ့ အိမ်သုံးဆေးဝါးတွေက အာဏာမသိမ်းခင် ငါးရာကျပ်တန်ဆေးဝါးတကဒ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၁၅၀၀ ကျပ်အထိကိုရောက်ရှိနေသလို၊ ဝယ်ယူသူများပြားတဲ့အခါမှာ လည်း ခွဲတမ်းနဲ့ရောင်းချတာ၊ လက်လီရောင်းချသူတွေလည်း ဆိုင်ကြီးတွေကနေ ခွဲတမ်းနဲ့သာ ပြန်လည်ဝယ်ယူရတာတွေ ဖြစ်နေပါတယ်။
အိုးဘိုအကျဥ်းထောင်တွင်း အကျဥ်းသားတွေထံ ဆေးဝါးနဲ့ ငွေကြေး ပြန်ပို့ခွင့်ရ
ပါဆယ်ပို့ခွင့်တော့ မရသေး
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေသူတွေအတွက် ဆေး၊ စာ၊ ပိုက်ဆံပို့ခွင့်ကို ပြန်လည်ခွင့်ပြုပေးတာ သုံးရက်ရှိပြီ ဖြစ်တယ်လို့ ထောင်တွင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အင်းစိန်အကျဥ်းထောင်မှာ ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှခဲ့တဲ့နောက် မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အများစုကို ထောင်ဝင်စာတွေ့ခွင့် ပို့ခွင့်နဲ့ပါဆယ်ပို့ခွင့်တွေ ရပ်ဆိုင်းခဲ့ပါတယ်။
သီတင်းတစ်ပတ်အကြာ အခု အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ အိုးဘိုအကျဉ်းထောင်မှာ စာ၊ ပိုက်ဆံ၊ ဆေးဝါး သုံးမျိုးလုံးကို ပြန်ပို့ခွင့်ရပြီလို့ ထောင်တွင်းနီးစပ်သူတွေကပြောပါတယ်။ဒါပေမဲ့ ထောင်ဝင်စာ ပါဆယ်၊ ခြင်း၊ မုန့်နဲ့ အသီးအနှံတွေတော့ ပို့ခွင့်မရသေးဘူးလို့ ထောင်တွင်းနီးစပ်သူက ပြောပါတယ်။
"ဆေးပို့လို့ ရပြီဆိုလို့ ဝမ်းသာနေတာ။ ဟိုမှာက ဖျားရင် ပါရာကတ်ပဲ ရတယ်တဲ့။ အတွင်းမှာ အခုတလော ရာသီတုပ်ကွေးတွေ အဖြစ်များလို့ ဆေးတွေ လိုအပ်နေတယ်လို့လဲ သိရတယ်"လို့ ထောင်တွင်းသုံးစွဲခွင့် ပိုက်ဆံနဲ့ သောက်ဆေး ပေးခဲ့သူ နိူင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။
လာမယ့် နိုဝင်ဘာလဆန်းမှာ ပါဆယ်ပို့ခွင့်တွေ ပြန်ပေးမယ်လို့ ထွက်ပေါ်ပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိူင်တာ မရှိသေးပါဘူး။
ထောင်တွင်း ဆေးကုသမှုနဲ့ ထောင်ဝင်စာပို့ဆောင်မှု တွေ့ခွင့်အကြောင်းကို အကျဉ်းဦးစီးဌာနကို ဆက်သွယ်ထားပေမဲ့လည်း အဆက်သွယ် မရသေးပါဘူး။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ကူဘိုတာကိုလွှတ်ပေးဖို့ တိုကျိုမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆို
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့သူ့ကိုထောက်ပံ့ကူညီနေသူတွေက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မနေ့ အောက်တိုဘာ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုခဲ့ပါတယ်။
ကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ရန်ကုန်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို သတင်းရယူနေစဥ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သူ့ကို မမှန်သတင်းဖြန့်ဝေမှု ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ လူဝင်မှူကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ စုစုပေါင်း ထောင် ၁၀ နှစ်ချမှတ်ထားပြီး အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်။
မနေ့က တိုကျိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဂျပန်သတင်းထောက် မစ္စတာ ယူကီကီတဇုမိက သတင်းထောက်တွေကိုဖမ်းဆီးတာဟာ တရားမျှတမှုမရှိကြောင်းနဲ့ ကူဘိုတာအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။
မစ္စတာ ကီတဇုမိဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ရန်ကုန်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရပြီး တစ်လအကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ကာ ဂျပန်နိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့ HRW အဖွဲ့ဝင် မစ္စတာ Kasai Teppei ကတော့ မြန်မာနိုင်ငံမှာ တရားရုံးတွေမှာ တရားရင်ဆိုင်ရတဲ့အခြေအနေဟာ အများပြည်သူနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သိမြင်နိုင်တဲ့အခြေအနေလည်းမဟုတ်သလို စွပ်စွဲခံရသူတွေဟာလည်း သေချာပေါက်နီးပါး ပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ထောက်ပြပြောဆိုပါတယ်။
ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ ထိန်းသိမ်းခံထားရသူတွေ အားလုံး လွတ်မြောက်ပြီးလုံခြုံမှုရှိစေဖို့အတွက်တက်နိုင်သမျှ လုပ်ဆောင်ဖို့လည်း သူက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကတော့ ကူဘိုတာလွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းမယ်လို့ ကတိပေးထားပေမဲ့ သူထိန်းသိမ်းခံရတဲ့အခြေအနေ ပိုမိုကြာရှည်လာမှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နိုင်ငံခြားသားအကျဥ်းသား လတ်တလော သုံးဦးရှိပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်းနဲ့ ဂျပန်သတင်းသမား ကူဘိုတာတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက ဖမ်းဆီးခဲ့တဲ့ အမေရိကန်သတင်းသမား ဒန်နီဖန်စတာ၊ ပိုလန်သတင်းသမား ရောဘတ်ဘိုစီရာဂါနဲ့ ဂျပန်သတင်းထောက် ယူကီကီတဇုမိတို့ကိုတော့ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ဂျာကာတာမှာ စတင်ကျင်းပ
မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ အာဆီယံဥက္ကဋ္ဌနဲ့ အမေရိကန်ကလည်း တိုက်တွန်းထား
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အထူးအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာရှိတဲ့အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ စတင်ကျင်းပနေပါတယ်။
ဒီအစည်းအဝေးကို မြန်မာ့အရေးအာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက သဘာပတိအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံဂျာကာတာြမို့ကို ထွက်ခွာသွားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အောက်တိုဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံ ခေါင်းဆောင်တွေကြား သဘောတူခဲ့တဲ့ ဘုံဘဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မှုမှာ ဖြစ်ပေါ်တိုးတက်မှုရှိမရှိနဲ့စိန်ခေါ်မှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီအစည်းအဝေး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးကိုရောက်ရှိနေပြီဖြစ်တဲ့အကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန်ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့အပေါ်အလွန်အမင်းစိုးရိမ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက မြန်မာ့အကျပ်အတည်းကို ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး မတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေကိုထိန်းချုပ်ဟန့်တားဖို့၊ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ အင်အားစုအားလုံး တွေ့ဆုံဆွေးနွေးပါလို့လည်း တောင်းဆိုထားပါတယ်။
မကြာသေးခင်က တိုးပွားလာတဲ့အကြမ်းဖက်မှုဖြစ်စဥ်တွေအဖြစ် အာဆီယံဥက္ကဋ္ဌက မြန်မာနိုင်ငံက အကြီးဆုံးထောင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ၊ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ လူ ၆၀ ကျော်သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေးအာဆီယံဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးကိုတော့ မြန်မာဘက်က တက်ရောက်မှာမဟုတ်ဘူးလို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ရိုက်တာကို ပြောကြားထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ဆက်စပ်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားသဘောတူထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားခဲ့ပေမဲ့ စစ်ကောင်စီကတော့ အဲဒီကိုယ်စားလှယ်ကို တက်ရောက်စေလွှတ်ဖို့ ငြင်းဆန်ထားပါတယ်။
ပုလဲ မြို့နယ် အုပ်ချုပ်ရေးရုံး ရဟတ်ယာဉ်နဲ့ ၀င်ရောက်စီးနင်းခံရ အချုပ်သားတချို့လွတ်မြောက်ခဲ့တယ်လို့ ဆို
အရာရှိဇနီးအပါအဝင် ၂၆ ဦးကိုကယ်ထုတ်နိုင်တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ထဲက NUG လက်အောက်မှာရှိတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ၀င်ရောက်စီးနင်းခဲ့တာကြောင့် ဒေသတွင်း ပြစ်မှုကျူးလွန်လို့ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေ လွတ်မြောက်သွားပြီး အုပ်ချုပ်ရေးရုံးမှာ ၀င်ရောက် အလုပ် လုပ်ကိုင်နေတဲ့ ဒေသခံနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကဘီဘီစီကို ပြောပါတယ်။
ဒီလို ဝင်ရောက်စီးနင်းခဲ့တာဟာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ကတော်တစ်ဦးကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေက ဖမ်းမိထားတာရှိပြီး ထိန်းသိမ်းထားတဲ့နောက်မှာ ဗိုလ်ကြီးက စစ်ကောင်စီဘက်ကို အကူအညီတောင်းလို့ ကယ်ဆယ်ရေး မစ်ရှင် လုပ်တယ် လို့ သတင်းကြားရတယ်လို့ ဆိုပါတယ်။
အဲဒီက ဖြစ်စဥ်နဲ့ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက
“သူတို့တွေ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်က ရဟတ်ယာဉ် ၅ စီးနဲ့ ၀င်ပစ်တာ။ ပုလဲမြို့နယ် အုပ်ချုပ်ရေးရုံး၊ ပြည်သူ့ကာကွယ်ရေးရုံးနဲ့ ပြည်သူ့ လုံခြုံရေးရုံး၊ တရားစီရင်ရေးရုံးရောပေါ့နော်။ စုပေါင်းရုံးခေါ်တာပေါ့။ အဲဒါကို စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ပြီး ၀င်စီးကြတာ။ ဒီကာလမှာ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေကို ကျွန်တော်တို့ တာ၀န်ရှိသူက သုံးဘီးနဲ့ ကယ်ထုတ်သွားသေးတယ်။ ဒါပေမဲ့ လမ်းမှာတစ်ခါ စစ်ကောင်စီတပ်တွေနဲ့ ထပ်ထိပ်တိုက်တွေ့လို့ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေ ပြန်ပါသွားတယ်“ လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့အောက်တိုဘာ ၂၅ ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ရင်ပေါင်တိုင်နဲ့ရွှေလှန်ရွာတစ်ဝိုက် မှာ KIA/PDF တပ်တွေနဲ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အဲဒီမှာဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင်နိုင်ငံ့ ဝန်ထမ်းတွေနဲ့ ရွာသူရွားသား ၂၆ ဦးကို ကယ်တင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက “ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတယ်။ ပြည်သူတွေ ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးထားတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ ဒါက ရာဇ၀တ်မှုကျူးလွန်ထားသူတွေနဲ့ ပျူစောထီးတွေကို ထိန်းသိမ်းထားတာပါ။ ကျွန်တ်ောတို့က NUG လက်အောက်မှာရှိတဲ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အချုပ်သားတွေကို လူ့အခွင့်အရေးအပြည့်အ၀နဲ့ ထိန်းသိမ်းထားတာပါ။ ကိုယ်၀န်ဆောင်သည်တွေပါတာတောင် ဆရာ၀န်နဲ့ သေချာ မွေးဖွားပေးခဲ့တာပါ။ “ လို့ ပြောပါတယ်။
မန္တလေးစိန်ပန်းရပ်မှာ အရပ်ဝတ်လက်နက်ကိုင်တွေကဒေသခံတွေကိုညမထွက်ဖို့ သတိပေးပြောဆိုတာတွေရှိနေတယ်လို့ ဒေသခံတွေပြော
မန္တလေးမြို့မှာ အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်း မိုးရွာတဲ့အချိန်မှာ လူ ၉ ဦးက ဖုန်းအရောင်းဆိုင် တခုကို ဓားပြတိုက်လုယက်ခဲ့ပါတယ်။
လက်နက်တွေပါလို့ အနီးဝန်းကျင်က ပြည်သူတွေမှာ ဝင်ရောက်ကူညီလို့မရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးတက္ကသိုလ်ဝန်းကျင်အနီးမှာ ည ၁၀ ဝန်းကျင်က ကားမောင်းလာသူ တစ်ဦးကို စစ်ကောင်စီအဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးသွားသလို ကားပေါ်ပါလာတဲ့ အဖိုးတန် ကျောက်စိမ်းပစ္စည်းတွေ ပျောက်ဆုံးတယ်လို့ လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်ပေ မယ့် ဘီဘီစီအနေနဲ့သီးသန့်အတည်ပြုနိုင်တာ မရှိပါဘူး။
ဒါ့အပြင် မြို့အနောက်ဘက် စိန်ပန်းရပ်မှာလည်း အရပ်အခေါ် ပျူစောထီးတွေ လက်နက်ကိုင်ပြီး ည ၈ နာရီကျော်ရင် ညမထွက်ရ အမိန့်တွေပါ ထုတ်ပြန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လွန်ခဲ့တဲ့ သုံးရက်လောက်က စိန်ပန်း ရပ်ကွက်ရုံးနားမှာ အရပ်ဝတ်လက်နက်ကိုင် တွေ ပျူစောထီးတွေ သူတို့က ည ၈ နာရီကျော်ရင်အပြင်မထွက်ဖို့ပြောတာ။ ရပ်ကွက်ဒေသခံတွေကပြောတာပါ။ စက်မှူဘက်ခြမ်းတွေမှာလည်း လုယက်မှုတွေ လူသတ်မှုတွေ ဖြစ်နေတာလည်းကြားနေရတယ်။ လုံခြုံရေးအခြေအနေ တင်းကျပ်တဲ့အပိုင်းတွေကတော့အရင်ကအတိုင်းပါပဲ”လို့ စိန်ပန်းရပ်အပါအဝင် မန္တလေးမြို့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ခုလို အရပ်ဝတ်လက်နက်ကိုင်တွေ မန္တလေးမြို့ရဲ့နေရာတချို့မှာ ညပိုင်း လှည့်လည်ပြီးညမထွက်ဖို့ ပြောဆိုနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်းမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းပေမဲ့အဆက်အသွယ်မရသေးပါဘူး။
ဝမ်းတွင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ယာယီစခန်းမှူးတို့ သတ်ဖြတ်ခံရပြီးနောက် ဒေသခံဆယ်ချီဖမ်းဆီးခံထားရ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ အောက်တိုဘာ လလယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နဲ့ ယာယီစခန်းမှူးတို့ သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် ဒေသခံ အယောက် ၉၀ လောက်ကို ဖမ်းဆီးတာတွေ စစ်ကောင်စီအဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတချို့ကို ငွေတောင်းပြီး ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဘီဘီစီကတော့ ဒါကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒါ့အပြင် အခုလက်ရှိ ဝမ်းတွင်းမြို့ အဝင်အထွက် ဂိတ်တွေနဲ့ ကျေးရွာဒေသတွေမှာ စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေဆဲလို့ သိရပါတယ်။
“အဖမ်းခံရသူတွေ ၄သိန်း၊ ၅သိန်း ပေးပြီးလွတ်လာကြပြီ။ NLD အမာခံတွေကိုပဲရွေးပြီးဖမ်းကြတယ်။ ပိုက်ဆံရှိရင်ရှိသလို ငွေအများကြီးပေးရတယ်။ တချို့ဆို ၁၉ သိန်းပေးရတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့အကုန်ဖမ်းတာ။ သဲလွန်စမရရင် ငွေရမယ်ဆိုပြီး လုပ်နေတာ တစ်ရက်ကို ပျမ်းမျှ ၇ ယောက်နှုန်းဖမ်းပါတယ်။ ၈ ယောက်လောက် စစ်ကြောရေးကိုရောက်တယ်လို့ သိရတယ်။ ဒီရက်ပိုင်း အဖမ်းခံရသူတွေ တအားများနေတာ” လို့ဒေသအခြေအနေကိုသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဝမ်းတွင်းမြို့တွင်းက ခုလို ငွေကြေးပေးပြီးပြန်လည်လွတ်မြောက်လာတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘီဘီစီဘက်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
နေ့စဉ် မန္တလေးမြို့မှာရော ဝမ်းတွင်းမြို့မှာပါ ရပ်ကွက်၊ ကျေးရွာ၊ လမ်းတွေမှာ ဖုန်းတွေထဲက ဓာတ်ပုံတွေ စစ်ဆေးတာအပြင် ဧည့်စာရင်းကို ညတိုင်း နီးပါး နေရာအလိုက် စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့အရေး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူ ဖိအားပေးဖို့ အာဆီယံကို အမေရိကန် တိုက်တွန်း
မြန်မာမှာအကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကို အမေရိကန်က လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ဆို
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးမှာ စစ်ကောင်စီကို ဖိအားပေးဖို့ အာဆီယံကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် နိုဝင်ဘာလအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အခုလိုအရေးပေါ်တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဖိအားပေးဖို့ကိုလည်း အမေရိကန်က တိုက်တွန်းပါတယ်။
အရှေ့အာရှဒေသဆိုင်ရာအမေရိကန် ထိပ်တန်းသံတမန်ဒန်နီရယ် ခရစ်တန်ဘရင့်ခ်က မြန်မာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သွားနေတဲ့ တိုးတက်မှုအားလုံးဟာ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာစစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်အလုံးစုံပျက်စီးခြင်းကို ဦးတည်သွားခဲ့ပြီလို့ ပြောပါတယ်။
"အရပ်သားတွေကို သတ်ဖြတ်တာ၊ စာသင်ကျောင်းတွေကို ဗုံးခွဲတာ၊ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာ၊ ကျောင်းဆရာတွေကို သတ်ဖြတ်တာ စတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို စစ်တပ်က ကျူးလွန်နေတယ်။ ဒါကြောင့် အခုကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြီးဖိအားပေးဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် တောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလက်တွေ့ကျတဲ့ အကြံဥာဏ်တွေလည်း ရှိပြီးသားပါ” လို့ သူက မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်ပွားနေတာကိုအမေရိကန်က လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
“မြန်မာမှာအကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်နေတာကိုကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ နောက်နှစ်ထဲမှာ စစ်ကောင်စီက ကျင်းပဖို့ ပြင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။ဒါပေမဲ့ ဘယ်လိုအရေးယူမှုတွေဆက်လုပ်မယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်းပြောကြားသွားတာမရှိပါဘူး။
ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး စစ်ခေါင်းဆောင်ကို လာမယ့်ထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို ဆက်လက်မဖိတ်ကြားဖို့အရေး ဆွေးနွေးဖွယ်လည်းရှိနေပါတယ်။