ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၁၈ ရက်ထိပ်တန်းသတင်းများ- စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်လာသေး
ပြန်ကြားရေးဝန်ကြီးဟောင်း စာရေးဆရာဖေမြင့် ပြန်လွတ်
NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း စာရေးဆရာဖေမြင့် ဒီနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းမှာ နေပြည်တော်မှာ ထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။
"ဟုတ်ပါတယ်။ အိမ်ပြန်ရောက်ပါပြီ" လို့ သူကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ဦးဖေမြင့်ကျန်းမာရေးကောင်းမွန်ကြောင်းလည်း မိသားစုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
စာရေးဆရာဖေမြင့်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ထိန်းသိမ်းခံထားရသူပါ။ ဒါပေမဲ့ ပုဒ်မတစ်ခုခုတပ်ပြီး တရားစွဲဆိုဖမ်းဆီးထားတာမျိုးမဟုတ်ဘဲ နေပြည်တော်မှာသာ အကျယ်ချုပ်ပုံစံနဲ့ထိန်းသိမ်းထားတာ ဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။
ဦးဖေမြင့်ဟာ မနေ့က စစ်ကောင်စီက ဘွဲ့တံဆိပ်တွေချီးမြှင့်တဲ့စာရင်းမှာ သီရိပျံချီဘွဲ့ ပေးအပ်ထားတာကိုတွေ့ရပြီး အဲဒီစာရင်းမှာ ဦးဖေမြင့်နဲ့အတူ ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးအောင်လှထွန်း၊ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဟန်ဇော်အပါအဝင် NLD အစိုးရလက်ထက် ဝန်ကြီး ဒုဝန်ကြီးတချို့ ပါဝင်နေတာ တွေ့ရပါတယ်။
မောင်တောဂြိတ်ချောင်းရွာ လက်နက်ကြီးကျရောက်မှုမှာ တစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း တစ်ဒါဇင် ရှိလာ ဖြစ်စဥ်နဲ့ပတ်သက်လို့ မြို လူငယ်အစည်းအရုံးပြင်းထန်စွာ ကန့်ကွက် နောက်ထပ်ဖြစ်ရပ်မျိုးထပ်မလုပ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေလိုက်နာဖို့ တိုက်တွန်း
မောင်တောမြို့နယ် ဂြိတ်ချောင်းရွာမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဥ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ လူ ၁၂ ဦး သေဆုံးပြီး ဦး အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတဲ့ဖြစ်စဥ်မှာ အပြစ်မဲ့ပြည်သူလူထုတွေကို နိုင်ငံရေး၊ စစ်ရေးလိုအပ်ချက်အရ ပစ်ခတ်တဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း မြိုလူငယ်အစည်းအရုံး(MYU) က ထုတ်ပြန်လာပါတယ်။
နိုဝင်ဘာ ၁၆ ရက်က လက်နက်ကြီးကျရောက်မှုဖြစ်စဥ်အတွင်း ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ကာ ဆေးရုံကိုပို့ဆောင်ခဲ့ရတဲ့နောက် ဒီနေ့နိုဝင်ဘာ ၁၇ ရက်မှာ တစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် ၁၂ ဦးထိရှိလာတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်တဲ့ မြိုတိုင်းရင်းသားတွေဟာ ဆင်းရဲကြပြီး အေးချမ်းစွာ နေထိုင်ကြသူတွေဖြစ်တာနဲ့အညီ ဘယ်စစ်ဘက်နဲ့မှ ဆက်စပ်မှုမရှိကြောင်း၊ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်တယ်လို့ယူဆကြောင်းလည်း အဲဒီအဖွဲ့က ဆိုပါတယ်။
စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေအတိုင်းလိုက်နာပြီး ဒီလိုဖြစ်စဥ်မျိုး နောက်ထပ် လုံးဝမလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံတွေကတော့ အဲဒီနေ့က ကျေးရွာထဲ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တယ်လို့ ပြောဆိုထားပြီး စစ်ကောင်စီကတော့ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကြိမ်ချောင်းကျေးရွာရှိနယ်မြေခံရဲကင်းစခန်းကို အေအေတပ်ဖွဲ့ဝင် ၂၀ ဦးခန့် လက်နက်ကြီးလက်နက်ငယ်တွေနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ (မြို) ကျေးရွာအတွင်း လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ကျေးရွာအတွင်းက ကလေးငယ် ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၂၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ခင်ဦးမှာ မိုင်းနင်းမိတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ
နိုဝင်ဘာလ ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကံကြီးကုန်း ကျေးရွာ အရှေ့ဘက်ကနေ တပင်ကောင်းကျေးရွာဘက်ဦးတည်ထွက်ခွာလာပြီး စစ်ကြောင်း ထိုးခဲ့တာကြောင့် ခင်ဦးဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေ အခြေအနေ လေ့လာနေချိန်မှာပဲ တခြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက အတည်ပြုပါတယ်။
" မိုင်းနင်းမိပြီး သေတာ ၂ယောက် ၊ ဒဏ်ရာရတာ ၂ ယောက်အတည်ပြုပါတယ်။ အခုလို မိုင်းကွဲသွားတော့ စစ်ကောင်စီတွေလည်း သူတို့ စစ်ကြောင်းထိုးတဲ့လမ်းမှာ ဖြစ်သွားတော့ စစ်ကြောင်းထိုးတာ တန့်နေတယ်။ ရှေ့ဆက်တိုးမလာသေးဘူး"လို့ ခင်ဦးဒေသကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းကလည်း ရေဦးမြို့တိုင်းရင်းဆေးရုံက စစ်ကောင်စီအင်အား ၇၀ ခန့်ဟာ မူးမြစ်ကူးတံတားအရှေ့ဘက် ခြေလျင်ဝင်ရာက်လာကာ ခင်ဦးနယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ-ဆည်ကြီး-ကုန်းသာ ကျေးရွာတွေကို တောလမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကုန်းသာကျေးရွာနဲ့ မရမ်းအင်းကျေးရွာက အမျိုးသား ၃ ဦးကို စစ်ကြောင်းတစ်လျှောက် လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၂ ဦးကို ရွှေယမင်းကျေးရွာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပြီး တစ်ဉီးကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် လမ်းမှာရှိတဲ့ ဆိုင်ကယ် ၅ စီးခန့်ကို မီးရှို့ဖျက်စီးသွားခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့မှာ အချိန်အခါမဟုတ်မိုးရွာ ဆောင်းတွင်းမိုးဖြစ်လို့ ကျန်းမာရေးသတိပြုဖို့လို
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင်လယ်ကတိုက်ခတ်လာတဲ့ လေနွေးတွေနဲ့ ဆောင်းကာလမှာ မြောက်ဘက်ကတိုက်ခတ်လာတဲ့ လေအေးတွေဆုံတဲ့အတွက် နိုဝင်ဘာလအတွင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
မိုးအများဆုံးရွာနိုင်တဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ဖြစ်ပါတယ်။
" မိုးမကြီးနိုင်ပါဘူး။ မိုးရေချိန် တစ်လက်မ၊ နှစ်လက်မပဲရှိမယ်။ မိုးရေချိန် ၃ လက်မနဲ့ အထက်ရွာရင် မိုးကြီးတယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မှာ ရွာတဲ့မိုးက နိုဝင်ဘာလမှာ ရွာတဲ့ မိုးရေချိန် စံချိန်သစ်တင်သွားသေးတယ်။ နေရာကွက်ကွက်ပြီး ရွာတာပေါ့နော်။ လေအေးနဲ့ လေနွေးနဲ့ ထိတွေ့မှုများတဲ့နေရာတွေမှာ ရွာသွန်းမှုများတယ်။ ဒီမိုးက ခဏပဲ ရွာတယ်။ အချိန်ဆွဲမရွာဘူး။ အောက်ပိုင်းဒေသတွေမှာ မိုးရွာလိုက်၊ တိမ်ဖြစ်ထွန်းလိုက်နဲ့ လကုန်ပိုင်းလောက်အထိ ရွာနိုင်တယ် " လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က တာ၀န်ရှိသူ ဦးလှထွန်းက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်က ဒီလေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး နိုဝင်ဘာ ၂၀၊ ၂၁ ရက်နောက်ပိုင်း အိန္ဒိယ ဘက်ကို ရွေ့လျားသွားမယ်လို့ဆိုပါတယ်။
ဒေသရဲ့ စိုက်ရေးပျိုးရေးအတွက် သတိပြုပြင်ဆင်နိုင်ဖို့ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပေးတယ်လို့ သိရပါတယ်။
"ဆောင်းရာသီ ပွင့်လင်းရာသီမှာ မိုးရွာတော့ ဆောင်းအအေး မိုးအအေးကြောင့် ကျန်းမာရေးသတိပြုဖို့လိုမယ်။ စိုက်ရေးပျိုးရေးမှာလည်း ဒေသအလိုက် မိုးလို မလိုမှာ မူတည်ပါတယ်။ စပါးရိတ်သိမ်းချိန်ဆို ရိတ်သိမ်းပြီး စပါး အမိုးအကာအောက်ရောက်ဖို့ လိုပါတယ် " လို့ ဦးလှထွန်းက ဆိုပါတယ်။
ဆောင်းရာသီအတွက် မိုးလေဝသခန့်မှန်းချက်ကတော့ လာနီညာ ဖြစ်နေတဲ့အတွက် အေးနိုင်ပေမဲ့ မြန်မာနိုင်ငံက အပူပိုင်းဒေသဖြစ်တဲ့အတွက် အအေးပိုနိုင်ခြေမရှိဘူးလို့လည်း သိရပါတယ်။
မြန်မာမှာ အကျဥ်းသားတွေလွတ်မြောက်မှု အာဆီယံအထူးသံတမန် အကောင်းမြင်
လာမယ့်သီတင်းပတ်တွေအတွင်း အာဆီယံအထူးသံရဲ့ မြန်မာပြည်တတိယအကြိမ်ခရီးစဥ် ဖော်ဆောင်ဖို့ရှိ
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဥ်းသားအမြောက်အမြားလွှတ်ပေးမှုအပေါ် မြန်မာ့အရေးအာဆီယံအထူးသံတမန် ပရက်ဆော့ခွန်းက ကြိုဆိုကြောင်း ထုတ်ပြန်လာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦး၊ NLD ပါတီ ဥပဒေအကြံပေးတရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်၊ နိုင်ငံခြားသားလေးဦးဖြစ်တဲ့ ဗစ်ကီဘိုးမန်း၊ ရှောင်တာနယ်၊ တိုရူကူဘိုတာနဲ့ ဦးကျော်ဌေးဦး အပါအဝင် အကျဥ်းသားအမြောက်အမြားလွတ်မြောက်လာမှုကို ကြိုဆိုကြောင်း နိုဝင်ဘာ ၁၇ ရက်စွဲနဲ့ ပရက်ဆော့ခွန်းရုံးက ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
အခုလို အကျဥ်းသားအများအပြား လွှတ်ပေးမှုဟာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်စတင်ဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ လမ်းကြောင်းမှန်မှာရှိနေတဲ့ အရေးကြီးတဲ့ပြသမှုတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါဟာ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလက မှာ အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ ရရှိခဲ့တဲ့ အာဆီယံဘုံသဘာထားငါးရပ်နဲ့ ကိုက်ညီတဲ့ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလက္ခဏာတစ်ရပ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအထူးတမန်ရဲ့အစောပိုင်းစီစဥ်ထားတဲ့ တတိယအကြိမ်မြောက်ခရီးစဥ်ကိုလည်း လာမယ့်သတင်းပတ်တွေအတွင်းမှာ ဖော်ဆောင်မယ်လို့ ဆိုပါတယ်။ အာဆီယံဘုံသဘောထားငါးရပ်ထဲက ဦးစားပေးသုံးချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုတွေ လက်လှမ်းမီရရှိရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ အချက်တွေမှာ ပိုမိုတိုးတက်ဖြစ်ထွန်းတဲ့အောင်မြင်မှုတွေရရှိမယ်လို့လည်းမျှော်လင့်တယ်လို့ ဆိုထားပါတယ်။
မနေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ အကျဥ်းသားအကျဥ်းသူ ၆၀၀၀ နီးပါးအနက် နိုင်ငံရေးမှုနဲ့ပတ်သက်သူ ၇၁၂ ဦးပါဝင်တယ်လို့ စာရင်းဇယားတွေက ဖော်ပြပေမဲ့ ဒီနေ့နိုဝင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းအထိ နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်းကတော့ နိုင်ငံရေးအကျဥ်းသား ၅၃ ဦးသာ ပြန်လည်လွတ်မြောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက တစ်စိုက်မတ်မတ်တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် စစ်အာဏာသိမ်းကတည်းကဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမဲ့ ဒီကနေ့အထိ NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။
မတ္တရာဘက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ သုံးရက်ဆက်တိုက်တိုက်ပွဲဖြစ်နေပြီး စစ်ရေးတင်းမာ ဒေသခံတွေ တိမ်းရှောင်နေကြရ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်ညနေကစပြီး နို၀င်ဘာ ၁၈ ရက်နေ့ လက်ရှိအချိန်အထိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတွေ ဧရာဝတီမြစ် အနောက်ဘက်ရော အရှေ့ဘက်မှာပါ ထိတွေ့မှုဖြစ်နေလို့ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက် မနက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ဧရာဝတီမြစ်အနီး စဉ့်ကိုင်ရွာ၊ တလိုင်းရွာနဲ့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်က မြစ်ဘေးကျေးရွာတွေကို မီးရှို့နေပြီး မတ္တရာ မြို့နယ် သဖန်းကိုင်း ရွာမှာ အခြေချပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းကစပြီး နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းအထိ မြစ်အရှေ့ဘက်၊ အနောက်ဘက်ရွာတွေ မီးရှို့ခံနေရကြတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်အတွင်း ထိတွေ့မှုဖြစ်နေတဲ့ အခြေနေအကြောင်းကို ဒေသခံတစ်ဦးပြောတာက "မနေ့ကတော့ သူတို့က ရေလယ်ကျွန်းမှာ အထိုင်ချပြီး မြစ်ကြောင်းတလျှောက် သင်္ဘောတွေနဲ့လျှောက်ပစ်ခတ်နေတာ မြစ် အနောက်ဖက်ရော အရှေ့ဘက်ရောပေါ့။ သင်္ဘောကလည်း စုန်လာတယ်။ ရေလယ်ကျွန်းကလည်း ပစ်နေတယ်။ အင်အား တအားချထားတော့လေ။ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်နေတယ်။ သင်္ဘော ၃ စင်းနဲ့ ဆင်းလာပြီးတော့ မြစ်ကြောင်းတလျှောက် လျှောက်ပစ်နေတာ။ ဒီနေ့တော့ ရွာတွေကိုပါ မီးရှို့တာတွေ ရှိလာပြီ " လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အစုန်အဆန် သင်္ဘောတွေသုံးပြီး လက်နက်ကြီးတွေနဲ့ပစ်သလို ဧရာဝတီမြစ်အတွင်း ရေလမ်းကျွန်းမှာလည်း အထိုင်ချပြီး မြစ်အနောက်ဘက် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မြစ်အရှေ့ဘက် မတ္တရာမြို့နယ်ဘက်က ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ မတ္တရာမြို့ကို နယ်မြေစိုးမိုးယူနိုင်ရင် မန္တလေးမြို့တွင်းကို ရောက်ရှိနေရာယူလာနိုင်မယ်ဆိုတဲ့ စစ်ရေးယူဆချက်ကြောင့် ဒီရက်ပိုင်းမှာ နေ့စဉ်ရက်ဆက် နှစ်ဖက်ထိတွေ့မူတွေ ရှိနေတာဖြစ်တယ်လို့ သုံးသပ်နေကြတာလည်း ရှိနေပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ် တောင်ပြုံးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူ သုံးဦးကို ဒေသကာကွယ်ရေးတပ်တွေက မနေ့က ဖမ်းခေါ်သွားပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အရပ်အခေါ် ပျူစောထီးခေါင်းဆောင် တစ်ယောက်လည်း တောင်ပြုံးသံလမ်းထိပ်မှာ ပစ်သတ်ခံထားရသလို စစ်ကောင်စီသတင်းပေးလို့ ယူဆခံရတဲ့ အသက် ၆၀ ကျော် ဦးဝင်းမြင့်ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ မီဒီယာတစ်ခုကတော့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၇ ရက်မှာ ဝက်လက်-စစ်ကိုင်း အနီးဝန်းကျင် စဉ့်ကိုင် တောင်ရွာ၊မြောက်ရွာကို မီးရှို့ခဲ့တဲ့နောက် စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာကိုဝင်ရောက်ခဲ့ပြီး တလိုင်းရွာ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ အိမ်ကြီးအိမ်ကောင်းတွမှာ စစ်ကောင်စီတပ်တွေက ညပိုင်း တပ်စွဲထားတယ်လို့ သိရပါတယ်။
အဲဒီဘက်က စစ်ရေးအခြေအနေနဲ့တိုက်ပွဲတွေ၊ တစ်ခါ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခံနေရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီလွတ်ငြိမ်းထဲ သတင်းထောက်အနည်းငယ်သာ ပါဝင်ပြီးပြန်မလွတ်သေးတဲ့ သတင်းထောက်တွေ ကျန်ရှိနေသး
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံလိုက်ရတဲ့သတင်းသမားတွေထဲက တစ်ဦးဖြစ်တဲ့ မဇ္ဈိမ သတင်းဌာနကအယ်ဒီတာ ကိုသန်းထိုက်အောင်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
ကိုသန်းထိုက်အောင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်မတ်လ ၂၂ ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ သတင်းယူနေတုန်း ဘီဘီစီသတင်းထောက်ဟောင်းကိုအောင်သူရနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အယ်ဒီတာ မမြဝန်းရံ၊ ပြည်အကျဥ်းထောင်က အလွတ်တန်းသတင်းထောက် ကိုလပြည့်၊ မြန်မာသံတော်ဆင့် သတင်းထောက်ကိုရဲရင့်ထွန်းတို့ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေ၊ အမှုလိုက်ပါဆောင်ရွက်ပေးသူတွေနဲ့ ဖမ်းဆီးခံသတင်းသမားတွေနဲ့ပတ်သက်လို့ စာရင်းပြုစုထားတဲ့ detained journalists information Myanmar တို့က တစ်ဆင့် သိရှိရပါတယ်။
မနေ့က ပြန်လည်လွတ်မြောက်တဲ့အထဲ ရန်ကုန်အင်းစိန်အကျဥ်းထောင်တွင်းဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုရင်ဆိုင်နေရဆဲ မသူဇာ၊ ကိုကောင်းဆက်လင်းတို့ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးသလို သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တဲ့ အလွတ်တန်းသတင်းထောက် မညိမ်းညိမ်းအေး(ခ) မမေဘယ်လ်တို့ မပါဝင်သေးဘူးလို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် မသူဇာကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။
အလွတ်သတင်းထောက် မမေဘယ်လ် ခေါ် မညိမ်းညိမ်းအေးကိုတော့ ဒီလ စက်တင်ဘာအတွင်းမှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အင်းစိန်အကျဉ်း ထောင်ကနေ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်း ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သတင်းထောက်ကိုကောင်းဆက်လင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတုန်းက ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက်ပြီး ဖြိုခွင်းစဥ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဘီဘီစီမီဒီယာအက်ရှင်က အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးဟံသာငြိမ်း၊ အိုးဘိုအကျဥ်းထောင်ကနေ မြင်းခြံအကျဥ်းထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ ဧရာဝတီသတင်းထောက်ဟောင်း ကိုဇော်ဇော်တို့လည်း လွတ်မြောက်စာရင်းမှာပါဝင်လာတာမတွေ့ရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတဝန်းဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၁၃၀ ကျော်အနက် ၇၀ ခန့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်သူတွေအနက် ၃၀ ခန့်ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
မန္တလေးမှာ ဒီမနက် ပေါက်ကွဲမှုဖြစ်၊ ကျောက်ကုန်သည်တစ်ဦးသေဆုံး
မန္တလေးမြို့မှာ ဒီနေ့ နိုဝင်ဘာ ၁၈ရက် မနက် ၁၁ နာရီဝန်းကျင်က ၈၅ လမ်းနဲ့ ၃၅ လမ်းထောင့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အရပ်သား ကျောက်ကုန်သည်တစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။"ဝန်ကြီးချုပ်က ဆွမ်းကပ်ရှိတယ်။
မြတောင်လမ်းဘက် အပြန် လုံခြုံရေးချတဲ့နေရာကွဲတာ။ ဒီဘက်ကနေ ဟိုဘက်လမ်း ထောင်ထားတဲ့ ဗုံးစစင်မှန်တာ နေမယ်။ ရင်ခွဲရုံပို့လိုက်တာ တွေ့တယ်"လို့ ပေါက်ကွဲမှုအနီးဝန်းကျင် ဒေသခံတဦးကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ၈၅ လမ်းနဲ့ ၃၅ လမ်းထောင့် အနီးနား ဆိုင်တစ်ဆိုင်၊ ကျောက်ပွဲရုံနဲ့ သွားဆေးခန်းတွေ ပျက်စီးသလို ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
လုံခြုံရေးယူထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ယာဉ်တန်းပေါ်လိုက်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။အဲဒီဖြစ်စဉ်အပြီးမှာ လမ်းတကြော အသွားအလာ ရှင်းနေပြီး ဖြစ်စဉ် အနီးနားလမ်းကိုသာ အစစ်ဆေးရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ အမှုတွေကို တိုင်ကြားနိုင်ကြောင်း NUG တရားရေးဝန်ကြီးဌာန ထုတ်ပြန်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေက လူထုကိုကျူးလွန်တဲ့အမှုတွေကို တိုင်ကြားနိုင်ကြောင်းနဲ့ အဲဒီလို ယန္တရားလည်ပတ်ဆောင်ရွက်နိုင်ဖို့ NUG တရားရေးဝန်ကြီးဌာနက လုပ်ငန်းလိုအပ်ချက်အရ အဖွဲ့ဝင်တွေကိုထပ်တိုးခန့်အပ်လိုက်ပါတယ်။
NUG တရားရေး ၀န်ကြီးဌာနက အဖွဲ့၀င်တစ်ဦးက "တော်လှန်ရေး ရဲဘော်များကလည်း ပြည်သူကို ဗဟိုပြုကာ ဥပဒေဘက်တော်သားများ အဖြစ်ရပ်တည်ရင်း ပြည်သူကို ကာကွယ်ပေးကြပါ။ ပြည်သူကလည်း မိမိတို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မည်သည့် ကိစ္စများမဆို ကျွန်တော်တို့ဆီ အချိန်မရွေး တိုင်ကြားနိုင်ပါတယ် "လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက်အရ ခန့်အပ်လိုက်တဲ့နေရာတွေက ပြည်ထောင်စုဝန်ကြီးရုံး အတွက် ၃ ဦး၊ တရားစွဲနဲ့ အမှုလိုက်ဦးစီးဌာန အတွက် ၁ ဦး၊ ဥပဒေစိုးမိုးရေးနဲ့ အသွင်ပြောင်းကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန အတွက် ၂ ဦး ထပ်မံခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ ဂျပန်ရောက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်
အင်းစိန်အကျဥ်းထောင်ကနေ မနေ့ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး လေဆိပ်ကိုတိုက်ရိုက်ပို့ဆောင်ခံရကာ ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာဟာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မနက်အစောပိုင်းမှာ ဂျပန်နိုင်ငံတိုကျိုမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
ပြန်ရောက်ရောက်ချင်းမှာပဲ သူဟာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ သူ့ကို ကူညီထောက်ခံအားပေးသူများနဲ့ ဂျပန်အစိုးရကို ကျေးဇူးတင်ကြောင်းအပါအဝင် သူ့ရဲ့ အတွေးအမြင်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ဂျပန်သတင်းထောက်တစ်ဦးဖြစ်တဲ့ မစ္စတာယူကီကိတဇူမိထံက သိရှိရပါတယ်။
တိုရူကူဘိုတာဟာ ရန်ကုန်မြို့ မြောက်ဒဂုံမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင့်ဆန္ဒပြပွဲကို လိုက်ပါသတင်းယူရိုက်ကူးရေးလုပ်စဥ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေနဲ့ စုစုပေါင်း ထောင် ခုနစ်နှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်နဲ့ ထောင် ၃ နှစ် စုစုပေါင်း ထောင် ၁၀ နှစ် စက်တင်ဘာလအတွင်းချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက်မနေ့က စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီး ဂျပန်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်လာသေး
နိုဝင်ဘာ ၁၇ရက်နေ့မှာ အကျဥ်းသား စုစုပေါင်း ၆၀၀၀ နီးပါးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ခံဝန်ကတိလတ်မှတ်ထိုးပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီလိုလွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေးအကျဥ်းသား (၅၃) ဦး အထိပါဝင်တာကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ယူ ရရှိထားတဲ့ စာရင်းတွေအရသိရပါတယ်။
ဒီအထဲမှာ လူသိများတဲ့ အာဏာသိမ်းတဲ့နေ့ မတိုင်ခင် ညကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်နဲ့၊ NLD ပါတီက တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ စာရေးဆရာ မောင်သာချိုတို့ပါဝင်နေပြီး ဒါဟာ နိုင်ငံရေး အကျဥ်းသား အများဆုံးပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တယ်လို့ အချက်အလက်ပြုစုသူတွေက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးပြန်လွှတ်ပေးဖို့ဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့ ပါဝင်လာတာမရှိသလို NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတွေ၊ ပြည်ထောင်စုဝန်ကြီးဟောင်းတွေ၊ တစ်ခါ တက်ကြွလှုပ်ရှားသူတွေနဲ့ အနုပညာရှင်တွေ အကျဥ်းထောင်တွင်းမှာ ဆက်လက်ကျန်ရှိနေပါသေးတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားဟောင်းလည်း ဖြစ်တဲ့ ကိုမင်းဇေယျာက ခုလိုပြောပါတယ်။
""အရင်ကထက်တော့ ပိုများလာတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် စစ်တပ်အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံရသူမှန်သမျှဟာ နိုင်ငံရေးဓားစာခံတွေပဲဗျ။ နိုင်ငံရေးကစားတဲ့အခါမှာ ဓားစားခံခေါ်ထားတဲ့သဘောလို့ပဲမြင်တယ်။ အဲဒီလိုမြင်တော့ ဒီလိုပဲနိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်း၊ အခြားသောအကျပ်အတည်းတွေကြုံလာရင် ဖမ်းထားတဲ့လူတွေကို လွှတ်မယ်။ လွှတ်ပြီးရင် ပြန်ဖမ်းမယ်ဆိုတဲ့ စစ်တပ်အာဏာသိမ်းတဲ့ လူတွေရဲ့ပေါ်ပြူလာပေါ့နော်။ လက်ရှိအခြေအနေအရ ပြောရရင် စကစအနေနဲ့ ဘက်ပေါင်းစုံက ဖိအားတွေပိုများလာတယ်။ သူတို့ရဲ့ time frame(အချိန်ဇယားမူဘောင်) နီးကပ်လာတဲ့အချိန်မှာ ထုတ်သုံးလာတဲ့သဘောလို့မြင်တယ်။ နိုင်ငံရေးသဘောထားကွဲလွဲလို့စကတည်းက မဖမ်းသင့်တဲ့လူတွေဗျာ။ ခုဟာက သူတို့အကြောင်းပြချက်နဲ့ ဖမ်းတယ်။ သူတို့လွှတ်ချင်တဲ့အချိန်မှာ အကြောင်းပြချက်တစ်ခုခုပေးပြီးတော့လွှတ်တယ်။ အဲဒီတော့ ခု သူတို့လွှတ်တယ်ဆိုတာလည်း နိုင်ငံရေးအကြောင်းပြချက်တစ်ခုခုအရ ဖဲ့ဖဲ့ပြီးတော့ ဘယ်လိုလူကိုတော့လွှတ်လိုက်မယ်၊ ဘယ်လိုလူတော့ပြန်ဖမ်းလိုက်၊ ဘယ်လိုလူတော့ချန်ထားလိုက်နဲ့ ကစားနေတာပေါ့" လို့ သူက ဆိုပါတယ်။