ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် ကွယ်လွန်
ပါကစ္စတန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကနေ သမ္မတရာထူးရယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ အသက် ၇၉ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်ကြား ပါကစ္စတန်နိုင်ငံခေါင်းဆောင်နေရာယူခဲ့တဲ့ သမ္မတဟောင်း မူရှာရက်ဖ်ဟာ နာတာရှည်ရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ပါကစ္စတန်စစ်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
သူဟာ လုပ်ကြံမှုအကြိမ်ကြိမ်ကြုံခဲ့ရပေမဲ့ အသက်ဘေး လွတ်မြောက်ခဲ့သူဖြစ်သလို အနောက်ကမ္ဘာနဲ့ အစ္စလာမစ်စစ်သွေးကြွတွေကြားမှာ ထိပ်ဆုံးကနေ ရုန်းကန်ခဲ့ရသူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
ပြည်တွင်းမှာ ကန့်ကွက်မှုတွေ ကြုံခဲ့ရပေမဲ့ အမေရိကန်ကုန်သွယ်ရေးအဆောက်အဦး တိုက်ခိုက်ခံရတဲ့ ၉/၁၁ ဖြစ်ရပ်အပြီးမှာ အမေရိကန်က စတင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲကို ထောက်ခံခဲ့သူဖြစ်ပါတယ်။
သူဟာ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ မဲရှုံးခဲ့ပြီးတဲ့နောက် ၆ လကြာမှာ နိုင်ငံထဲကနေ ထွက်ခွာခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံထဲ ပြန်ဝင်လာပြီး ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ဖို့ ကြိုးစားချိန် ဖမ်းဆီးခံခဲ့ရပြီး ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံခဲ့ရပါတယ်။
သူဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲခံရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံခဲ့ရပေမဲ့ အဲဒီသေဒဏ်ဟာ တစ်လ တောင်မပြည့်သေးခင်မှာပဲ ပျက်ပြယ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဆေးကုသဖို့ ပါကစ္စတန်နိုင်ငံကနေ ဒူဘိုင်းကို ထွက်သွားခဲ့ပြီးနောက် အဲဒီကတည်းက ပြည်ပ မှာနေထိုင်နေတာဖြစ်ပါတယ်။
သူသေဆုံးမှုကို အတည်ပြုတဲ့စာမှာတော့ ပါကစ္စတန်စစ်တပ်က အထူးဝမ်းနည်းကြောင်း ထည့်ပြောထားသလို သေဆုံးသူနဲ့ ကျန်ရစ်သူမိသားစုအတွက်ပါ ဆုတောင်းစာကိုလည်း ထည့်သွင်း ရေးသားထားတာတွေ့ရပါတယ်။