ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြန်လွတ်လာသူတွေ ပြောပြတဲ့ စစ်ရေယာဥ်ပေါ်က ငရဲခန်း အတွေ့အကြုံ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-က နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံနေခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွားသား ငါးဦးတို့ဟာ လွတ်ရက်စေ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မနက်ပိုင်းမှာ စစ်တွေထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။
အဲ့ဒီပြန်လွတ်လာသူတွေဟာ ဦးမင်းစိုး ၃၈နှစ်၊ ကိုညီညီအောင် ၂၄ နှစ်၊ ကိုမျိုးလင်းဦး ၂၄ နှစ်၊ ကိုမောင်ချေ ၂၄ နှစ်နဲ့ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြပြီး သူတို့ကို စစ်တပ်ကနေ မတရား ဖမ်းဆီးခဲ့ပြီး ထောင်ချလိုက်တာလို့ ကာယကံရှင်တွေနဲ့ မိသားစုတွေက ပြောဆိုကြပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ကနေ နှစ်နှစ်နဲ့သုံးလအကြာ အမှုရင်ဆိုင်နေခဲ့ရရာကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စစ်ကောင်စီအစိုးရက သူတို့ငါးဦးကို ပြစ်မှုထင်ရှားခြင်းမရှိပေမယ့် ထောင်ဒဏ်သုံးနှစ်ချခံလိုက်ရတာလို့ ပြောပါတယ်။
သူတို့ဟာ ၂၀၂၀ ခုနှစ်အတွင်းက ဖမ်းဆီးခံရပြီး နောက် စစ်ရေယာဥ်ပေါ်မှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ဗီဒီယိုဖိုင် တစ်ခုထွက်လာခဲ့ပြီနောက်ပိုင်း တပ်မတော်ဘက်က ဒီကိစ္စကို ကာချုပ်အမိန့်နဲ့ စုံစမ်းနေတယ်လို့ တပ်မတော်ဘက်ကပြောခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဧပြီအတွင်း ရခိုင်မှာစစ်ပွဲတွေပြင်းထန်နေချိန် စစ်ရေယာဉ်ပေါ်မှာ စစ်သားတွေက အရပ်သားတွေကို ကြိုးတုပ်၊ မျက်နှာဖုံးထားပြီး ညှဥ်းပန်းနှိက်စက် ဆဲရေး ရိုက်နှက်နေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်ပေါ် နှံ့ပျံ့လာခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်တွေကို မြင်တွေ့ရတဲ့ ပြည်သူတွေကတော့ အလွန်အမင်းစိုးရိမ်ထိန့်လန့်မှုတွေဖြစ်ခဲ့ကြရသလို စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ်မှာလည်း ရှုတ်ချမှုတွေထွက်ပေါ် ခဲ့ပါတယ်။
ကနဦးမှာတော့ အဲ့ဒီစစ်ရေယာဉ်ပေါ်က အရပ်သားတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဆိပ်ရွာသားငါးဦးဖြစ်တယ်ဆိုတာ သိလာခဲ့ရပါတယ်။
အဲဒီရေယာဉ်ပေါ်က ဗီဒီယိုဖိုင်ထဲမှာ စစ်သားတွေရဲ့ နှိပ်စက်တာ ခံနေကြရသူတွေဟာ သူတို့ငါးဦးဖြစ်တယ်ဆိုတာကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကျောက်ဆိပ် ကျေးရွာသားတွေက အတည်ပြုပြောဆိုကြပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်း အထန်ဖြစ်ပွားခဲ့ကြတဲ့အချိန် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားတွေ ဖမ်းဆီးခံလိုက်ကြရတာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဧပြီ ၁၉ ရက်နေ့မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းတစ်ခုဖြစ်တဲ့ ခလရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျောက်ဆိပ်ကျေးရွာကိုဝိုင်းထားပြီး ရွာသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ စုပြီးတော့ လူလတ်ပိုင်းနဲ့လူငယ်ပိုင်းအမျိုးသားတွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနေ့က စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျေးရွာသား ၃၈ ဦးခန့်ရှိပြီး သူတို့တွေကို လက်နောက်ပြန် ကြိုးတုပ်ပြီးတော့ မျက်နှာဖုံးကာ ရွာကနေ ၅၅၀ တပ်ရင်းကို လမ်းလျှောက်ပြီးခေါ်ဆောင်သွားခဲ့တာလို့ ပြန်လည်လွတ်မြောက် လာခဲ့တဲ့ ကိုမျိုးလင်းဦးက ပြောပါတယ်။
အဲ့ဒီကျေးရွာသားတွေဟာ မိမိနေအိမ်မှာနေထိုင်နေရင်းကနေ အကြောင်းမဲ့ ဖမ်းဆီးခံ လိုက်ကြရတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲ့ဒီနေ့ ၅၅၀ တပ်ရင်းကိုရောက်သွားတဲ့အချိန်မှာ တစ်ညလုံးစစ်ဆေးခံရပြီး ဧပြီ ၂၀ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ရွာသားတွေထဲက ၃၃ ဦးကို ခွဲထုတ်သွားပြီး လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။
စစ်ကြောရေးမှာကြုံရပုံ
တပ်ရင်းထဲ ငါးရက်အကြာစစ်ဆေးခံရသလို ရိုက်နှက်တာတွေ၊ ညှဥ်းပန်းနှိပ်စက်တာတွေကိုလည်း ရက်ရက်စက်စက်ကြုံခဲ့ရတယ်လို့ ပြောကြပါတယ်။
“အဲ့ဒီမှာ ငါးညခံခဲ့ရတယ်။ ရိုက်ကြတယ်။ ရေနွေးပူတွေလောင်းတယ်။ ဆူးတွေနဲ့ထိုးတယ်။ ဒဏ်ရာတွေရပြီး ဆေးကုရတာတွေရှိခဲ့တယ်။”လို့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကိုမျိုးလင်းဦးက သူတို့ကြုံတွေ့ခဲ့ရတဲ့ထဲက အမှတ်ရတာတွေကို ပြန်လည်ပြောပြပါတယ်။
သူတို့ငါးဦးကို စစ်တပ်ကစစ်ဆေးရာမှာတော့ အေအေတပ်ဖွဲ့ဝင်တွေဖြစ်တယ်၊ အေအေကို ထောက်ပံ့နေသူတွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုကြသလို သူတို့ကတော့ မိမိတို့ဟာ အရပ်သားတွေသာဖြစ်တယ် အေအေနဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုကြတာကြောင့် ပိုမိုပြီးတော့ ရိုက်နှက်ခံကြရတယ်လို့သိရပါတယ်။
ရိုက်နှက်ခံရမှုတွေကြောင့် ဦးခေါင်းကွဲရှ ဒဏ်ရာတွေရကြသလို တခြားဒဏ်ရာတွေနဲ့ ဖြစ်နေတဲ့အချိန် ၅၅၀ တပ်ရင်းကနေ ပုဏ္ဏားကျွန်းရဲစခန်းကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ရဲစခန်းအချုပ်ကိုရောက်လို့ နှစ်ရက်အကြာမှာတော့ စစ်တပ်ကနေ ပြန်လာခေါ်ပြီး စစ်ရေယာဉ်ပေါ်ကို ရောက်ရှိလာခဲ့ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနေ့ဟာ ဘယ်နေ့လဲဆိုတာကိုတော့ မမှတ်မိတော့ဘူးလို့ ကိုမျိုးလင်းဦးက ပြောပါတယ်။
စစ်ရေယာဉ်ပေါ်က ညှဥ်းပန်းမှု
စစ်ရေယာဉ်ပေါ်ကိုရောက်တဲ့အခါမှာတော့ သူတို့မျက်နှာတွေကို အဝတ်စတွေနဲ့စည်းထားပြီး လက်တွေကိုလည်း နောက်ပြန်ကြိုးတုပ်ထားတာကြောင့် ရေယာဉ်ပေါ်မှာ စစ်သားအင်အားဘယ်လောက်ပါတယ်။ ဘယ်တပ်ကဆိုတာ မသိခဲ့ရဘူးလို့ပြောပါတယ်။
စစ်ရေယာဉ်ပေါ်ကိုရောက်လာတဲ့အခါမှာတော့ သူတို့ကို ဘယ်ကိုခေါ်သွားမလဲ၊ ဘာတွေဆက်လုပ်မလဲ၊ သတ်ပစ်မှာလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ကြောက်လန့်နေကြတဲ့အချိန်မှာ မူးနေတဲ့စစ်သားတွေက မပြောမဆို စပြီးရိုက်နှက်ကန်ကျောက်တာတွေကို ကြုံလိုက်ရတယ်လို့ ဆိုပါတယ်။
“ရဲစခန်းကနေ ကျွန်တော်တို့ကိုစစ်တပ်ကလာခေါ်ပြီး နေဗီပေါ်ကိုယူသွားတယ်။ အဲ့ဒီမှာ စစ်သားတွေဘယ်လောက်ရှိလဲ ကျွန်တော်တို့မသိဘူး။ အရက်တွေမူးပြီး နှိပ်စက်ကြတယ်။ မပြောမဆို စစ်ဖိနပ်တွေနဲ့ ကန်ကျောက်တယ်။ တက်နင်းတယ်။ ခေါင်းကို ခဲလုံးတွေနဲ့ထုတယ်။”လို့ ကိုယ်တိုင်ကြုံခဲ့ရတာတွေကို ပြောပြပါတယ်။
စစ်ကြောရေးထဲပြန်ရောက်
စစ်ရေယာဉ်နဲ့ ပုဏ္ဏားကျွန်းကနေ ခေါ်ယူလာပြီး စစ်တွေမြို့မှာရှိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရဖ)ကိုပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီမှာလည်း သူတို့ဟာ ရှေ့ကလိုပဲ ညှဥ်းပန်းစစ်ဆေးခံရပြီး စစ်သားတွေရဲ့ နှိပ်စက်တာတွေကို ထပ်မံကြုံခဲ့ကြရတယ်လို့ ပြောပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေလား၊ အေအေကိုထောက်ပံ့နေသူတွေလားဆိုပြီး စွပ်စွဲပြောဆိုတာတွေရှိသလို သူတို့အဲ့လိုလူတွေမဟုတ်ကြောင်း ငြင်းဆိုလို့ရှိရင် ရိုက်နှက်ကြတယ်လို့ဆိုပါတယ်။
သူတို့ငါးဦးဟာ စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေကို အဆင့်ဆင့်ဖြတ်သန်းခဲ့ကြရပါတယ်။ စစ်ကြောရေးတွေမှာ အကြိမ်ကြိမ်ရိုက်နှက်ညှဥ်းပန်းခံခဲ့ရတဲ့အတွက် ကျောပေါ်မှာ မည်းနက်နေတဲ့ဒဏ်ရာတွေ၊ ကွဲရှဒဏ်ရာတွေနဲ့ အတွင်းဒဏ်ရာတွေကိုရရှိခဲ့ကြတယ်လို့ပြောကြပါတယ်။
အဲ့ဒီကနေ စစ်တွေမြို့မရဲစခန်းကိုထပ်မံပို့ဆောင်ပေးလိုက်ချိန်မှ သူတို့ရဲ့ဒဏ်ရာတွေကို မိမိတို့စရိတ်တွေနဲ့ ဆေးဝါးကုသခဲ့ကြရတာလို့လည်းသိရပါတယ်။
၂၀၂၀ ခုနှစ်မတိုင်ခင်ကလည်း မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေဟာ အခုလို စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရပြီး စစ်ကြောရေးထဲမှာ တချို့သေဆုံးခဲ့ကြရပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုတွေ သင်္ဂြိုဟ်ခွင့်တောင်မရလိုက်ကြပါဘူး။
ပြစ်မှုနဲ့ပြစ်ဒဏ်
ကျောက်ဆိပ်ကျေးရွာသားတွေဟာ စစ်တွေမြို့မရဲစခန်းကိုရောက်ပြီးမှ မိသားစုတွေနဲ့အဆက်အသွယ် ပြန်လည်ရရှိခဲ့ကြတာပါ။
အဲ့ဒီအချိန်မှာတော့ သူတို့ငါးဦးကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂-က တို့နဲ့ ဗိုလ်ကြီးတင်နိုင်ထွန်းဆိုသူက တရားလိုပြုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အမှုမှာတော့ သက်သေတွေအဖြစ် ပုဏ္ဏားကျွန်းစံပြရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၉ ဦးပါရှိတယ်လို့ သိရပါတယ်။
ကနဦးစွဲဆိုထားတဲ့ ပုဒ်မနှစ်ခုအတွက် ၂ နှစ်နဲ့ ၃ လအကြာ တရားရင်ဆိုင်ခဲ့ချိန်မှာတော့ တရားရုံးရဲ့စစ်ဆေးချက် တွေမှာ သူတိုငါးဦးဟာ စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်ခြင်းမရှိကြသလို တစ်စုံတစ်ရာပေါ်ပေါက်ခြင်းလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။
သို့သော် တရားရုံးကတော့ အဲ့ဒီငါးဦးကို ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်သလို သူတို့မှာ ဘာပေါ်ပေါက်ချက်မှ လည်းမရှိဘဲ ဘာကြောင့် ပြစ်ဒဏ်ကျခံရတယ်ဆိုတာကို နားမလည်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အနိုင်ကျင့်တာကို ခံခဲ့ကြရတာပဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
“ကျွန်တော့်သားအပါအဝင် ငါးဦးတို့ကတော့ ပြန်လွတ်လာခဲ့ကြတဲ့အတွက် ဝမ်းသာပါတယ်။ သူတို့ဖမ်းဆီးခံနေရချိန်မှာတော့ သူတို့စားဖို့သောက်ဖို့ကအစ ဆေးဝါးကုဖို့အတွက်ရော အကုန်လုံးကို ပံ့ပိုးပေးခဲ့ရတယ်။ ရှိတဲ့ဟာတွေ ရောင်းချပေးခဲ့ရတယ်။ ရုံးချိန်းတွေအကြိမ်များစွာသွားခဲ့ရတယ်။ ဘာဆိုဘာမှလည်းမရှိတော့ဘူး။ တော်တော်လေးကို နစ်နာခဲ့ရပါတယ်။”လို့ ကိုမျိုးလင်းဦးရဲ့ဖခင်က ပြောပါတယ်။
အခုလို မတရားဖမ်းဆီးခံရ၊ နှိပ်စက်ခံခဲ့ရတဲ့အပြင် ထောင်ချခံခဲ့ရတဲ့အတွက် ဒီအပေါ် ကျေနပ်မှုမရှိပေမယ့် နောက်ထပ်ပြောစရာတွေတော့မရှိတော့ဘူးလို့ ကိုမျိုးလင်းဦးက ပြောပါတယ်။
သူတို့အခုလို ခံခဲ့ရတာဟာ ဖြစ်ဖို့ကံတရားပါလာတဲ့အတွက်ကြောင့်ပဲလို့မှတ်ယူပြီး ဆုံးရှုံးမှုတွေအများကြီး ကြုံခဲ့ကြရတာပဲ အဖတ်တင်တယ်လို့ပြောဆိုထားပါတယ်။