ထိုင်းရေတပ်သင်္ဘောနစ်မြုပ်မှု သင်္ဘောသား ၃၁ ဦးပျောက်နေ

ရေးသားခဲ့သည်။

ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းထန်ချိန် တော်ဝင်ထိုင်းရေတပ်ရဲ့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ချိန် အဲဒီသင်္ဘောပေါ်မှာ လိုက်လာတဲ့ သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေတယ်လို့ ထိုင်းရေတပ်ဘက်က ပြောပါတယ်။

HTMAS ဆူကိုထိုင်း လို့နာမည်ရတဲ့ အဲဒီသင်္ဘောဟာ သင်္ဘောရဲ့ဓာတ်အားထိန်းချုပ်ခန်းထဲကို ရေဝင်ရာကနေ တနင်္ဂနွေနေ့ ညပိုင်းတုန်းက နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သင်္ဘောသား ၇၅ ဦးကို ကယ်ဆယ်ထားပြီးဖြစ်ပေမဲ့ ၃၁ ဦးကတော့ လှိုင်းထန်နေတဲ့ပင်လယ်ပြင်ထဲ ပျောက်ဆုံးနေဆဲလို့ပြောပါတယ်။

''ပျောက်ဆုံးတာ ၁၂ နာရီကျော်ကြာလာပြီဖြစ်ပေမဲ့ ကျွန်တော်တို့ ဆက်ရှာနေတုန်းဖြစ်ပါတယ်''လို့ ရေတပ်ပြောခွင့်ရသူက ဘီဘီစီကိုပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူကို တွေ့ဖို့ ညလုံးပေါက်ရှာဖွေတာတွေပြုလုပ်ထားသလို ကယ်ဆယ်ရေးလုပ်ငန်းဟာ ဒီနေ့ တနင်္လာနေ့အထိ ဆက်လုပ်နေတုန်းလို့လည်း ထိုင်းရေတပ်ဘက်က ပြောပါတယ်။

ဒီသင်္ဘောနစ်မြုပ်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းမှု စတင်နေပြီလို့ ကြေညာပါတယ်။

''ကျွန်တော်တို့ ရေတပ်သမိုင်းမှာ၊ အထူးသဖြင့် တာဝန်ထမ်းဆောင်ဆဲရေတပ်သင်္ဘောတစ်စင်း နစ်မြုပ်တဲ့ဒီလိုဖြစ်ရပ်မျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးပါဘူး'' လို့ ထိုင်းရေတပ်ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ပေါ့ခွန်း မွန်သာပါလင်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သင်္ဘော ဝမ်းဗိုက်ထဲရေဝင်ပြီးတဲ့နောက်  စက်ခန်းထဲ ချို့ယွင်းမှုဖြစ်ကာ နစ်မြုပ်သွားခဲ့တာလို့ ပြောပါတယ်။

အဲဒီသင်္ဘောဟာ ကမ်းလွန်ရေမိုင် ၂၀ ခန့်က ထိုင်းပင်လယ်ပြင်မှာ ကင်းလှည့်နေတုန်း မုန်တိုင်းမိခဲ့ တာဖြစ်ပါတယ်။

ထိုင်းရေတပ်က လူမှုကွန်ရက် တွစ်တာမှာ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံမှာတော့ သင်္ဘောဦးကနေကြည့်ရင် ညာဘက်ပိုင်းတိမ်းစောင်းနေတဲ့ စစ်သင်္ဘောအနီးမှာ ကယ်ဆယ်ရေးသင်္ဘောတွေက လှိုင်းခတ်ရေပြင်မှာ အသက်ရှင်သူတွေကို ရှာဖွေနေတာကို တွေ့ရပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် ရေတပ်သင်္ဘော ၃ စီးနဲ့ ရဟတ်ယာဥ်တွေကို စေလွှတ်ခဲ့ပေမဲ့ စစ်သင်္ဘော HTMAS ခရာဘူရီဟာ သင်္ဘောမနစ်ခင်လေးမှာပဲ အခင်းဖြစ်တဲ့နေရာကို ရောက်သွားခဲ့တာကြောင့် သင်္ဘောသား ၁၀၆ ဦးထဲက ၇၈ ဦးကို ကယ်ဆယ်နိုင်ခဲ့တာလို့ ထိုင်းရေတပ်က ပြောပါတယ်။

ရေတပ်သား ၂၈ ဦးကို ပြန်လည် ဆယ်ယူကယ်ဆယ်ရေး လုပ်နေပြီဖြစ်သလို သူတို့ထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ထိုင်းရေတပ်က ပြောပါတယ်။

ဒါပေမဲ့ သူတို့အားလုံးရှိနေတဲ့နေရာကို တွေ့ထားပြီးပြီလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိုင်းပြည်တွင်းသတင်းတွေမှာတော့ ကယ်ဆယ်ရေးသင်္ဘောကုန်းပတ်ပေါ်မှာ ဆေးဘက်ဆိုင်ရာတပ်သားတွေက သင်္ဘောသားတွေကို လူနာတင်ထမ်းစင်နဲ့ သယ်နေတဲ့ပုံတွေကို ဖော်ပြနေတာတွေ့ရပါတယ်။