အက်ဖ် ၁၆ တိုက်လေယာဥ်တွေ ယူကရိန်းကို အကူအညီပေးဖို့ကိစ္စ အမေရိကန်သမ္မတ ဘိုင်ဒန် ပယ်ချ

ရေးသားခဲ့သည်။

ယူကရိန်းအစိုးရက အရေးပေါ်လေကြောင်း အကူအညီတွေပေးဖို့တောင်း ဆိုနေပေမဲ့ ယူကရိန်းကို အက်ဖ်၁၆ တိုက်လေယာဥ်တွေ ပို့ပေးမှာမဟုတ်ဘူးလို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

အမေရိကန်က တိုက်လေယာဉ်တွေ ယူကရိန်းကို အကူအညီပေးဖို့ရှိလားလို့ တနင်္လာနေ့က သတင်း ထောက် တစ်ယောက်က မေးတာကို မစ္စတာဘိုင်ဒန်က မပေးဘူးလို့ ပြတ်ပြတ်သားသား အဖြေပေးခဲ့ပါတယ်။

သူအခုလိုပြောလိုက်တဲ့ သူ့ရဲ့သဘောထားက ဂျာမနီဝန်ကြီးချုပ်က တိုက်လေယာဥ်တွေအကူအညီပေးဖို့မရှိဘူးလို့ ပြောပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာပါ။

ယူကရိန်းဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ သူတို့နိုင်ငံရဲ့လေပိုင်နက်ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ အဆင့်မြင့် စစ်လေယာဉ်အကူအညီတွေ  သူ့ မဟာမိတ်နိုင်ငံတွေကို တွန်းအားပေးတောင်းဆိုနေတာ ကြာပါပြီ။

ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးနဲ့ သူ့လက်အောက် ထိပ်တန်းစစ်ဘက်အရာရှိတွေက သူတို့ကိုပေးမယ့်  စစ်ရေးအကူအညီကို တားမြစ်ပိတ်ပင်ကန့်သတ်တာတွေ မလုပ်သင့်ဘူးလို့ ပြောနေပါတယ်။ ဒါပေမဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ တိုးပေးလိုက်ရင် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ရုရှားနိုင်ငံနဲ့ နောက်ထပ်စစ်ရေး အရှိန်ပိုပြင်းထန်လာမှာကို အမေရိကန်နိုင်ငံအပါအဝင် သူ့ရဲ့မဟာမိတ်နိုင်ငံတွေက  စိုးရိမ်နေကြတာပါ။

အမေရိကန်လုပ် အက်ဖ်၁၆ တိုက်လေယာဥ်တွေကို ကမ္ဘာ့ယုံကြည်စိတ်အချရဆုံး တိုက်လေယာဉ်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး ဘယ်လ်ဂျီယမ်နဲ့ ပါကစ္စတန်တို့လို အခြားနိုင်ငံတွေကလည်း အသုံးပြုနေကြပါတယ်။

ယူကရိန်းမှာ လက်ရှိအသုံးပြုနေတဲ့ တိုက်လေယာဥ်တွေက ၁၉၉၁ ဆိုဗီယက် ပြည်ထောင်စုက ခွဲမထွက်ခင် အချိန်ကထုတ်လုပ်ထားတဲ့ MiGs အမျိုးအစား တိုက်လေယာဥ်တွေဖြစ်ပြီး လက်ရှိအခြေအနေမှာ အဲ့ဒီတိုက်လေယာဥ်တွေကိုပဲ အဆင့်မြှင့်တင်မှုတွေလုပ် အသုံးပြုနေရပါတယ်။   

ဂျက်လေယာဥ်တွေ အကူအညီပေးဖို့ ယူကရိန်းရဲ့တောင်းဆိုမှုကို အမေရိကန်သမ္မတဘိုင်ဒန်က အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ အခြားစစ်ရေး ထောက်ပံ့မှုတွေကိုတော့  အာရုံစိုက်အကူအညီပေးနေပါတယ်။

အမေရိကန်က ယူကရိန်းကို Abrams တင့်ကား ၃၁ စီးကို အကူအညီပေးမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့သလို ယူကေနဲ့ဂျာမနီတို့ ကလည်း တင့်ကားတွေ အကူအညီပေးမယ်လို့ ကတိပြုထားပါတယ်။

ယူကရိန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andriy Melnyk က အဲဒီ ကြေညာချက်တွေကိုကြိုဆိုခဲ့ပေမဲ့ ယူရိုဖိုက်တာတိုက်လေယာဥ်တွေ၊ တိုနေးဒိုး တိုက်လေယာဥ်တွေ၊ ပြင်သစ်ထုတ် Rafales တိုက်လေယာဥ်တွေ၊ ဆွီဒင်ထုတ် Gripen တိုက်လေယာဥ်တွေ ထောက်ပံ့ပေးမယ့် "တိုက်လေယာဉ်ညွန့်ပေါင်း" အဖွဲ့တစ်ခုဖွဲ့ပြီး အကူအညီပေးဖို့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေကို  တောင်းဆိုခဲ့ပါတယ်။

သူတို့အစိုးရက Leopard 2 တင့်ကားတွေပို့ပေးမယ်လို့  ကတိကဝတ်ပြုထားပြီးချိန်မှာ စစ်ရေးအကူအညီပေးဖို့ တောင်းဆိုတာက ပေါ့ရွှတ်ရွှတ်လုပ်သလို ဖြစ်နေတယ်လို့ ဂျာမနီ ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ကလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောပါတယ်။

နေတိုးစစ်မဟာမိတ်အဖွဲ့က ရုရှားနဲ့ စစ်ဖြစ်နေတာမဟုတ်တဲ့အတွက် စစ်ပွဲအရှိန် တက်လာမှာကို လက်မခံနိုင်ကြောင်း ဂျာမန်သတင်းစာ Tagesspiegel ကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှို့က က ပြောခဲ့ပါသေးတယ်။  

အလားတူ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကလည်း  ယူကရိန်းကိုပေးတဲ့ စစ်ရေးအကူအညီကို ပတ်သက်ပြီး "ကန့်သတ်ထားတာ ဘာမှ မရှိဘူး"လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲ့လိုကန့်သတ်မထားတာက အခြေအနေကို ပိုမိုဆိုးရွားစေတဲ့အပြင် ပြင်သစ်နိုင်ငံရဲ့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းကိုလည်း ကန့်သတ်မထားသင့်ဘူးလို့  အလေးပေးပြောကြားခဲ့ပါတယ်။

ပြင်သစ်အစိုးရထိပ်တန်းအရာရှိတွေနဲ့တွေပြီး စစ်ရေးအကူအညီတွေတောင်းဆိုဖို့  ဆွေးနွေးဖို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov ပါရီမြို့ကို ရောက်နေပါတယ်။   

ယူကရိန်းရဲ့ အခြား အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့  ပိုလန်နိုင်ငံကလည်း  ယူကရိန်းကို အက်ဖ်၁၆ တိုက်လေယာဥ်တွေ အကူအညီမပေးဘူးလို့ ပြောထားပါတယ်။  

အကူအညီပေးမယ်ဆိုရင်လည်း အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြည့်အဝညှိနှိုင်း သဘောတူပြီးမှသာ ဖြစ်နိုင်မယ်လို့ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ပြောထားပါသေးတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ရုံးအဖွဲ့ အကြီးအကဲ Andriy Yermak ကတော့  ဝါဆောအဖွဲ့ဆီကနေအကူအညီပေးမယ်ဆိုတဲ့ "အပြုသဘောဆောင်တဲ့ ဆက်ဆံအချက်ပြမှုတွေ" လက်ခံရရှိထားတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ဂျာမနီအပါအဝင် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို  ရန်လိုသူ တွေအဖြစ် ရုရှားက အကြိမ်ကြိမ် စွပ်စွဲနေတာကြောင့်၊ ယူကရိန်း ရုရှားစစ်ပွဲ ပဋိပက္ခပိုမိုဆိုးရွားလာနိုင်တဲ့  စစ်ရေးအကူအညီတွေတိုးပေးဖို့ တွန့်ဆုတ်နေကြတာပါ။  

ဘီဘီစီသတင်းထောက် ကက်သရင်း အမ်းစထရောင်း ရေးသားသည်။