ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားမျိုးဆက်တွေကြား အမြင်ကွဲလွဲမှုတွေရှိလာ
Eye Investigations ဘီဘီစီ ကမ္ဘာတလွှားအစီအစဥ်
မြေမြုပ်တော့မယ့် သူ့ မောင်လေးရဲ့အခေါင်းကို ကြည့်ရင်း ယူလီယာနာ ရှိုက်ငိုနေပါတယ်။ ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်မှာ ကျဆုံးသွားတဲ့ ရုရှားစစ်သား ဗန်ညာရဲ့ စျာပနကို သူ့အမ အသက် ၃၇ နှစ် အမျိုးသမီးသရုပ်ဆောင် ယူလီယာနာ ရောက်နေပါတယ်။
အသက် ၂၃ နှစ်ပဲရှိသေးတဲ့ သူ့ မောင်လေးကို သူရဲကောင်းလို့ ခေါ်နေကြတာနဲ့ပတ်သက်ပြီး ယူလီယာနာက သူ့သဘောထားကို အခုလိုပြောပါတယ်။
“ကျွန်မမောင်လေးက ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ယောက်လို့ သူတို့ ပြောနေကြတယ်။အဓိပ္ပာယ်မရှိဘူး။ သူတို့ပြောတဲ့ သူရဲကောင်းဆိုတာ ဘာကို ဆိုလိုတာလဲ။သေပြီးမှ သူရဲကောင်းဖြစ်ရတာမျိုး ကျွန်မ မလိုချင်ပါဘူး"
ဒါပေမဲ့ ယူလီယာနာရဲ့ အဖေ ဘောရစ်ကတော့ သူနဲ့ အမြင်မတူပါဘူး။သူ့သား ဗန်ညာ သေဆုံးရတာအတွက် ဝမ်းနည်းနေပေမယ့် တဖက်မှာလည်း နိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးရတာဆိုပြီး ဂုဏ်ယူနေပါတယ်။
ပြီးတော့ ယူကရိန်းစစ်ပွဲဟာ ဖက်ဆစ်ဝါဒကို ထောက်ခံဟောပြောနေတဲ့ အစိုးရကို တိုက်ခိုက်တဲ့ တိုက်ပွဲလို့ သူက မြင်နေပါတယ်။
သူ့ရဲ့ အမြင်က ယူကရိန်းအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ သက်သေမရှိ စွပ်စွဲပြီး၊ယူကရိန်းကို တိုက်ရတာ နာဇီစနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့တိုက်ရတာပါဆိုတာဖြစ်ပါတယ်၊ဒါဟာ ရုရှားသမ္မတပူတင်ပြောတဲ့ စကားကနေ ပဲ့တင်ထပ်လာတာလို့ ပြောနိုင်ပါတယ်။
“ဗန်ညာ မသေခင်ကဆို အဖေနဲ့ ကျွန်မတို့ စစ်ပွဲနဲ့ပတ်သတ်လို့ မဆွေးနွေးခဲ့ဖူးဘူး။ ဒါပေမဲ့ သူသေသွားပြီးနောက်ပိုင်းမှာတော့ အဖေနဲ့ ကျွန်မကြားမှာ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုံ ရန်တွေဖြစ်နေရတယ်။ “
ဘီဘီစီ Storyville ရုပ်သံမှတ်တမ်း စီးရီးရဲ့ ရုပ်ရှင်အသစ်ထဲမှာပါတဲ့ ယူကရိန်း စစ်ပွဲနဲ့ပတ်သက်လို့ အဖေနဲ့သမီး အချေအတင် ငြင်းခုံနေကြတဲ့ မြင်ကွင်းမျိုးက ဒီနေ့ရုရှား မိသားစုတော်တော်များများလည်း တွေ့နေရပါတယ်။
ရုရှားစစ်တပ်ကို သိက္ခာချတဲ့ မှတ်ချက်တွေကို မပေးဖို့ ဥပဒေနဲ့ တားမြစ်ထားတာ၊ ယူကရိန်းစစ်ပွဲကို စစ်ပွဲတစ်ခုအနေထက် "အထူးစစ်ဆင်ရေး" တစ်ရပ်လို့ ရည်ညွှန်းထားတဲ့ အချက်တွေကြောင့် ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံတွင်းက လူတွေရဲ့ ခံစားချက်ကို အတိအကျသိရဖို့ အတော် ခက်ခဲပါတယ်။
ဒါပေမဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်တဲ့ ရုရှားသုတေသန အဖွဲ့တစ်ခုက ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုမှာ အသက်အရွယ်ကွာခြားတဲ့ မျိုးဆက်တွေအကြား ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမြင်သဘောထားကွဲလွဲမှုတွေ ရှိနေတာကို တွေ့ရပါတယ်။စစ်တမ်းဖြေဆိုသူ အသက် ၄၀ နဲ့ အထက် ၇၅ % က စစ်ပွဲကို ထောက်ခံခဲ့ကြပြီး၊ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား ထောက်ခံသူက ၆၂%ပဲ ရှိတာနဲ့ နှိုင်းယှဥ် ကြည့်ရင် သိနိုင်ပါတယ်။
ရုရှား တနိုင်ငံလုံးလှည့်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေတဲ့ ရုရှားရုပ်ရှင်ရိုက်ကူးသူ အန်နာစတာဆီရာပိုပိုဗာကလည်း သူကြုံတွေ့ခဲ့ရတာနဲ့ သူကိုယ်တိုင်ခံစားနေရတဲ့ ခံစားချက်ကို ထုတ်ပြောပါတယ်။
"မိသားစုတွေကြား ကွဲလွဲမှုတွေ တော်တော်များများရှိနေတာကို သတိပြုမိခဲ့တယ်။ သူတို့ရဲ့ သားသမီးတွေက စစ်ပွဲကို ဆန့်ကျင်ခဲ့ကြပြီး၊အစိုးရပိုင် တီဗီကို နေ့ရောညပါ ကြည့်ရှုနေတဲ့ ဆိုဗီယက်ယူနီယံခေတ်မှာ ကြီးပြင်းလာတဲ့ သူတို့ မိဘတွေကတော့ စစ်ပွဲကိုထောက်ခံနေကြတယ်။”
ပြီးတော့ သူ့ မိသားစုထဲမှာလည်း အဲ့လိုပုံစံမျိုး သဘောထားကွဲလွဲမှုရှိနေတယ်လို့ သူက ပြောခဲ့ပြီး သူ့အဖေကလည်း ရုရှားစစ်တပ်ရဲ့ လုပ်ဆောင်မှုကို ထောက်ခံနေတယ်လို့ ထပ်ဖြည့်ပြောပါတယ်။
သတင်းအချက်အလက်တွေ သိရဖို့ အစိုးရပိုင် တီဗီသတင်းဌာနကို အားကိုးနေတာကလည်း ရုရှားအစိုးရရဲ့ တရားဝင်ဝါဒဖြန့် မှုတွေကို နေ့စဉ် ကိုယ်တိုင်လက်ခံနေသလို ဖြစ်နေပါတယ်။
ယူလီယာနာနဲ့ အသက်အရွယ်တူ လူငယ်အများစုကတော့ YouTube နဲ့ ဆိုရှယ် မီဒီယာတွေကလိုနေရာတွေကနေ သူတို့သိချင်တဲ့ သတင်းအချက်အလက်တွေ ရနေကြပါတယ်။
"တောင်းပန်ပါတယ် စိတ်ထဲ ခံစားနေရတဲ့ ဝမ်းနည်းမှုကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး"လို့ ယူလီယာနာက ပြောပါတယ်။
ဒီစစ်ပွဲက လူတွေကို ပြောင်းလဲပစ်လိုက်ပြီလို့လည်း သူက ထပ်ပြောပါတယ်။
"မော်စကိုမြို့ မက်ထရိုရထားပေါ်က လူတွေကို ကြည့်လိုက်ရင် သတင်းတွေဖတ်ပြီး အဝေးကို ငေးကြည့်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆိုင်ပြီးတော့တောင် မကြည့်ကြတော့ဘူး"
မြို့ကြီးပြကြီးတွေရဲ့ အပြင်ဘက်မှာနေနေတဲ့ လူတွေက ယူကရိန်းစစ်ပွဲကို ပိုထောက်ခံနေကြတဲ့ အချက်ကို ပိုပိုဗာက ထောက်ပြပါတယ်။ မော်စကိုမြို့နဲ့ မိုင် ၆၀ ဝေးတဲ့ Arkhangelskoe အာဟန်ဂစ်စကီးရွာမှာ ဗန်ညာရဲ့ ဈာပနကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးနေတဲ့ အချိန်မှာလည်း အဲဒီအချက်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်လို့ သူက မှတ်ချက် ပေးပါတယ်။
ယူလီယာနာကလည်း ပိုပိုဗာပြောတဲ့ အချက်ကို အသိအမှတ်ပြု ထောက်ခံပါတယ်။
“အဲဒီကလူတွေက ဗန်ညာက သူ့ရဲ့အမိမြေကို ကာကွယ်ရင်း ကျဆုံးသွားတဲ့ တကယ် မျိုးချစ်သူရဲကောင်းတစ်ယောက်ဆိုပြီး၊အဲ့ဒီစကားကို ယုံယုံကြည်ကြည်နဲ့ ပြောနေကြတာ တွေ့ရတယ်၊။
"အဲ့ဒါကို ကြားရတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တယ်။ ကျွန်မတို့က ဘယ်သူ့ကို ကယ်တင်ရမှာလဲ၊ ငါတို့ လူငယ်တွေက ဘာအတွက်ကြောင့် အသက်ပေးနေရတာလဲ ။ကျွန်မမောင်လေးကို အခေါင်းထဲထည့် သယ်လာရလိမ့်မယ်လို့ တစ်သက်လုံး တစ်ခါမှ မတွေးခဲ့ဖူးဘူး"။
မွေးချင်းလေးယောက်ထဲမှာ ဗန်ညာက အငယ်ဆုံးဖြစ်ပြီး တစ်ဦးတည်းသောသားလည်း ဖြစ်ပါတယ်။
သူ့ မောင်လေးကို ရွှေလိုဥပြီး စောင့်ရှောက်ခဲ့ကြတာလို့ ယူလီယာနာက ပြောသလို သူ့သားလုပ်ချင် သွားချင်တဲ့ အနုပညာကျောင်း၊ ဂီတကျောင်း၊ အားကစား. စတဲ့ နေရာအားလုံးကို အတတ်နိုင်ဆုံး သူပို့ပေးခဲ့တယ်လို့ ဘောရစ်ကလည်း ရှင်း ပြပါတယ်။
ဗန်ညာဟာ အိမ်ကထွက်လာပြီးနောက်ပိုင်း မော်စကိုမြို့က စာပေအဖွဲ့ တစ်ခုထဲကို ဝင်၊တီထွင်ဖန်တီးတဲ့ ပြဇာတ်ရေးနည်းတွေကို လေ့လာသင်ယူပြီး Bolshoi ပြဇာတ်ရုံအပါအဝင်၊ စမ်းသပ်ထုတ် လုပ်မှုများစွာမှာလည်း ပါဝင်ခဲ့ပါတယ်။
အဲ့ဒီမှာ အိမ်ထောင်မပြုချင်တဲ့ မိန်းကလေးတစ်ဦးနဲ့ ချစ်မိသွားတဲ့ ဗန်ညာ အတွက် သူ ဝမ်းနည်းကြေကွဲခဲ့ရတယ်လို့ ဘောရစ်က ပြောပါတယ်။
"ဒါက ပြဇာတ်လောကဆိုတော့ သူတို့ကိုယ်ပိုင်အမြင်၊ သူတို့ကိုယ်ပိုင်ကျင့်ဝတ်တွေ၊ကိုယ်ပိုင်ကိုယ်ကျင့်တရား စံနှုန်းတွေရှိတယ်။ပြီးတော့ သူတို့မှာ မိသားစုတန်ဖိုးတွေထက် ယောက်ျားနဲ့ မိန်းမကြားက ပွင့်လင်းတဲ့ ဆက်ဆံရေးကို ပိုအလေးပေး ကြတယ် " လို့ ဘောရစ်က ပြောပါတယ်။
ဗန်ညာက ပြဇတ်ရုံမှာ အလုပ်လုပ်ရတာကို အရမ်းပျော်ရွှင်ခဲ့ပေမယ့် သူ့အဖေက သူ့မောင်ကို အကျပ်အတည်းတစ်ခုထဲ ရောက်သွားအောင် နှိုးဆော်အကြံပေးတာမျိုး လုပ်သလို ဖြစ်သွားတယ်လို့ ယူလီယာနာက ထောက်ပြပါတယ်။
"ရုရှားနဲ့ပတ်သတ်ပြီး အမြဲတမ်းအဆိုးမြင်တတ်တဲ့ ကမ္ဘာကြီးရဲ့အမြင်တွေကို သူက မကျေနပ်ပါဘူး ၊ ရုရှားတွေက သူတို့အတွက် ဘယ်သူမှမရှိဘူး၊ သူတို့ရဲ့ ဘိုးဘေးတွေ၊ ရုရှားနိုင်ငံရဲ့ သမိုင်းတစ်ခုလုံးက အဓိပ္ပာယ်မရှိတာတွေ ပြည့်နှက်နေတာပဲဆိုပြီး ပြောဆိုတာတွေဟာ မဟုတ်ဘူးလို့ သူနားလည်ထားတယ်။ ဒါဆိုရင် သူဘာလုပ်သင့်တာလဲ “
သူနဲ့ သူ့သား ဗန်ညာစစ်ထဲဝင်ဖို့ သူသဘောတူခဲကြတဲ့အကြောင်း ဘောရစ်က ပြောပါတယ်။ အနုပညာတွေကို ဖန်တီးနိုင်ဖို့ ဘဝအတွေ့အကြုံလည်းလိုတယ်လို့ ဘောရစ် ကပြောပြီး အဲ့လိုအတွေ့အကြုံမျိုးရနိုင်ဖို့ နဲ့ အခြား စာရေးဆရာကြီးတွေရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ၊ သူ့သားစစ်တပ်ထဲဝင်ဖို့ သဘောတူတိုက်တွန်းခဲ့တာလို့ ဘောရစ်က ရှင်းပြပါတယ်။
ဗန်ညာဟာ ပထမပိုင်းမှာ စစ်မှု မထမ်းမနေရ ဥပဒေအရ စစ်တပ်ထဲဝင်ပြီးတဲ့နောက် နောက်ပိုင်းမှာ ပိုစိတ်ဝင်စားစရာကောင်းတဲ့ စိန်ခေါ်မှုတွေကို လိုချင်တဲ့အတွက် စစ်မှုထမ်းဖို့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ဆာဗက်စတိုပိုလ်မြို့မှာ အခြေစိုက်ထားတဲ့ ရုရှားရေတပ်ရဲ့ ရေတပ်သားတစ်ဦးဖြစ်လာပြီး လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက ယူကရိန်းတစ်ဝန်း မြို့တွေကို တိုက်ခိုက်တာမှာ ပါဝင်ခဲ့ပါတယ်။
ရုရှားစစ်တပ်က စေလွှတ်တဲ့ ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယိုပူးလ်ကို တာဝန်နဲ့ မသွားခင် ဗန်ညာက သူ့မိသားစုကို ဖုန်းဆက် နှုတ်ဆက်စကားပြောခဲ့ပါသေးတယ်။
အဲ့ဒီတုန်းက "ဗန်ညာနဲ့ တစ်နာရီကျော်ကြာလောက် စကားပြောခဲ့ရသေးတယ်လို့ ယူလီယာနာက ရှင်းပြပါတယ်။
“စကားပြောနေတဲ့အချိန် သူ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေတာတွေ့တော့ နင်ကိုင် ထားတဲ့ဟာပြစမ်းပါလို့ပြောလိုက်တော့ သူကိုင်ထားတဲ့ စက်သေနတ်ကိုပြတဲ့ ပုံစံက အရုပ်တွေကို ငယ်ငယ်တုန်းက ပြဖူးတဲ့ ပုံစံအတိုင်းပဲ"
ဘောရစ်ကလည်း ဗန်ညာ သူ့ကိုပို့ထားတဲ့ ဗီဒီယိုမက်ဆေ့ချ်ကို ပြပါတယ်။ “ငါတို့ တိုက်ပွဲစဝင်ဖို့ အချိန်ကြပြီ။ အားလုံးပဲ မင်္ဂလာပါ။ ဟိုရောက်ရင် စာရေးလိုက်မယ်။ အားလုံးကိုချစ်တယ်”လို့ အဲ့ဒီဗီဒီယိုထဲမှာ ဗန်ညာက ပြောထားပါတယ်
အဲ့ဒီစကားတွေက ဗန်ညာ သူတို့ကို နောက်ဆုံးပြောခဲ့တဲ့ စကားတွေလို့ ဘောရစ်က ရှင်းပြပါတယ်။
မတ်လ ၁၅ရက်နေ့ မာရီယာပိုးလ်မြို့ အဇော့စတယ် သံမဏိစက်ရုံနားက တိုက်ပွဲမှာ ဗန်ညာ ကျဆုံးသွားပါတယ်။
သူသေဆုံးမှုကို အကြောင်းပြုပြီး ယူလီယာနာနဲ့ ဘောရစ်တို့ကြားက စစ်ပွဲနဲ့ ပတ်သက်တဲ့ မတူညီတဲ့အမြင်တွေကလည်း ပိုပြင်းထန်လာပါတယ်။
ဆိုဗီယက်ယူနီယံထဲမှာ အတူယှဥ်တွဲနေထိုင်ခဲ့ကြတုန်းက အဖွဲ့ဝင်နိုင်ငံတွေကြားက "ညီအစ်ကိုတော်"ဆိုတဲ့ စကားလုံးရဲ့အနက်အဓိပ္ပာယ်ကို အသေအချာနားလည်မှတ်မိနိုင်ဖို့ ယူလီယာနာရဲ့ အသက်က ငယ်လွန်းတယ်လို့ ဘောရစ်ကပြောပါတယ်။
ဆိုဗီယက်ယူနီယံပြိုကွဲမှုကနေ “နောင်လာမယ့် မျိုးဆက်များစွာရဲ့ စိတ်ဓာတ်ကို ချိုးဖျက်ပြီး ရုရှားတွေက သူတို့ရဲ့ရန်သူဆိုပြီး” အဲ့ဒီအတွေးအခေါ်တွေ ခေါင်းထဲ ရောက်လာအောင် တွန်းပို့ခဲ့တာလို့ သူက စောဒကတက်ပါသေးတယ်။
သူပြောတဲ့ စကားက ဆိုဗီယက်အင်ပါယာပြိုလဲခဲ့တာဟာ "၂၀ရာစုနှစ်ရဲ့ အကြီးမား ဆုံးသော ပထဝီဝင်နိုင်ငံရေး ကပ်ဘေးကြီး”လို့ ပြောခဲ့ဖူးတဲ့ သမ္မတပူတင် ပြောခဲ့တဲ့စကားကို သွားအမှတ်ရမိစေပါတယ်။ ယူကရိန်းက ၁၉၉၁ခုနှစ် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကလေးမှာတင် လွတ်လပ်ရေး ကြေညာခဲ့တာပါ။ရုရှားကို အင်အားချိနဲ့ပျက်စီးသွားအောင် နေတိုးအဖွဲ့နဲ့ အနောက်အုပ်စုက ကြိုးစားနေတယ်လို့ ရုရှားသမ္မတပူတင်က ပြောနေပြီး၊ သူတို့ကြောင့် စစ်ဖြစ်ရတာလို့ လည်း စွပ်စွဲနေပါတယ်။ ဘောရစ်ကလည်း အဲ့လမ်းကြောင်းကိုလိုက်ပြီး ပြောနေတာပါ။
"ဒီနေ့အခြေအနေအရ စစ်မတိုက်ပဲနေမယ်ဆိုရင် ရုရှားတွေကို သေအောင်သတ်ဖို့ ကြိုးစားတာ။ဒီစစ်ပွဲက ရုရှားကမ္ဘာအတွက်၊ ရုရှားဝိညာဉ်အတွက်၊ ငါတို့ရဲ့ ယဉ်ကျေး မှုကို ကာကွယ်ဖို့အတွက် ရုန်းကန်လှုပ်ရှားမှုတစ်ခုပဲ"လို့ ဘောရစ်က ယူလီယာနာကိုပြောပါတယ်။
ယူလီယာနာရဲ့အမြင်က တစ်ခါတစ်လေ ယိမ်းယိုင်တဲ့သဘောရှိပေမယ့် ဘောရစ်ရဲ့ အမြင်နဲ့တော့ သိသိသာသာကွဲပြားပါတယ်။
ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားနိုင်ငံသားတွေ သွားရောက်လည်ပတ်နိုင်တဲ့ နေရာအနည်းထဲက ဂျောဂျီယာကို သွားလည်တဲ့အချိန် ညစာစားပွဲမှာ သူ့ သူငယ်ချင်းတွေနဲ့ ယူလီယာနာ စစ်ပွဲအကြောင်းဆွေးနွေးခဲ့တာကို ပိုပိုဗာ အမှတ် ရနေဆဲပါ။
အဲ့ဒီမှာ သူငယ်ချင်းတွေနဲ့အတူရှိနေတဲ့ ယူလီယာနာက စစ်ပွဲနဲ့ ပတ်သက်ပြီး အခုလို မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်မမောင်လေး သေရတာ အချည်းနှီးမဖြစ်ဘူးဆိုတာကို ယုံကြည်ချင်တယ်။ဆုံးရှုံးမှုကို လက်ခံရအောင်အတွက်ပါ။ အရမ်းနာကျင်ရတယ်။ အဲ့ဒီအချိန်မှာ ရှင့်အနေနဲ့ တစ်ခုခုကို လက်ခံနိုင်ဖို့လိုအပ်ပါတယ်" လို့ ယူလီယာနာက ရှင်းပြပါ တယ်။
သေဆုံးသွားတဲ့ ဗန်ညာ အမှတ်တရအနေနဲ့ သူတို့အိမ်မှာ ဗိမာန် ပုံစံလေးတစ်ခုကို တည်ဆောက်ထားပါတယ်။ အဲ့ဒီထဲမှာ ဗန်ညာ ကျဆုံးခဲ့တဲ့နေရာ မာရီယိုပူလ်းမြို့ ကယူလာတဲ့ မြေကြီးတွေလည်း ထည့်ထားပါတယ်။
တစ်ခါတလေ အဲ့ဒီမှာ ယူလိယာနာတို့ သားအဖ အတူတူရှိနေတတ်ပါတယ်။
သူနဲ့ သူ့ အဖေကြားမှ သဘောထားအမြင် မတူညီတာတွေရှိပေမယ့် သူတို့ သားအဖ ဆက်ဆံရေးကို မပျက်မစီး ဆက်ထိန်းသိမ်းသွားချင်တယ်လို့ ယူလီယာနာက ပြောပါတယ်။
“ကျွန်မအဖေနဲ့ ကျွန်မ တိုက်ပွဲဖြစ်လို့မရဘူး။သူပြောတာကို လက်မခံနိုင်ပေမယ့် သူ့ကို မုန်းတယ်လို့လည်း မပြောနိုင်ဘူး။ပြောနိုင်တာတစ်ခုက အဖေ ဒီကိစ္စမှာတော့ ကျွန်မ သဘောမတူနိုင်ဘူးဆိုတာပဲ ”