ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာကို ဗုံးကြဲမှု ပိုပြင်းထန်လာပြီး မြေပြင်စစ်ဆင်ရေးလည်း တိုးချဲ့ - အောက်တိုဘာ ၂၈ ထိပ်တန်း နိုင်ငံတကာ သတင်းများ
ဂါဇာကို ပြီးခဲ့တဲ့ တစ်ညလုံး အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီး ပြင်းပြင်း ထန်ထန် လုပ်ခဲ့တာမှာ ဂါဇာရဲ့ မြေအောက်မှာ ရှိတဲ့ ပစ်မှတ်ပေါင်း ၁၅၀ ကို ထိမှန်အောင် တိုက်ခိုက်ခဲ့တယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။
သံချပ်ကား၊ တင့်ကားတွေကိုပါ အသုံးပြုတဲ့ မြေပြင် စစ်ဆင်ရေးကိုလည်း တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ကြေညာပြီး ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေတဲ့ အကြောင်း အတည်ပြုပါတယ်။
ဂါဇာမြောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့သမျှတွေထဲ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မနေ့ညက တွေ့ကြုံခဲ့ရတယ် ဆိုပြီး အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်ကလည်း ပြောပါတယ်။
ဟားမတ်လက်နက်ကိုင်တွေ အစ္စရေးထဲ ဝင်ရောက် တိုက်ခိုက်ကြတုန်းက ဝေဟင်ကနေ ဂလိုက်ဒါ လေထီးတွေနဲ့ ဝင်ရောက်တဲ့ လမ်းကြောင်းကို ဦးဆောင် စီစဥ်ခဲ့သူအဖြစ် ယူဆခံထားရတဲ့ ဟားမတ်စ် တပ်မှူးတစ်ယောက် ဖြစ်သူ အစ္စဆမ် အဘူ ရုခ်ဘာဟ်ဟာ လေကြောင်းတိုက်ခိုက်မှုတစ်ခု အတွင်း သေဆုံးသွားပြီလို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။
အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်မှူးချုပ် ဒင်နီရယ် ဟာဂါရီက အစ္စရေး ရုပ်သံပေါ်ကနေ အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့ညက အစ္စရေး စစ်တပ်ဟာ ဂါဇာကမ်းမြောင် မြောက်ပိုင်းကို ဝင်ရောက်ပါတယ်။ မြေပြင် စစ်ဆင်ရေးတွေကို တိုးချဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီ စစ်ဆင်ရေးမှာ ခြေလျင်တပ်ဖွဲ့တွေ၊ သံချပ်ကာတပ်တွေ၊ အင်ဂျင်နီယာတပ်တွေနဲ့ အမြောက်တပ်တွေ ပါဝင်ပါတယ်။ အဲဒီတပ်တွေဟာ ရည်မှန်းချက်တွေ အတိုင်း ဆောင်ရွက်ခဲ့ကြပြီး၊ အခုအချိန်ထိအောင် မြေပြင်မှာ ဆက်ရှိနေပြီး၊ စစ်ပွဲ ဆက်လက် ဆင်နွှဲနေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဂါဇာထဲက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ ဝန်ထမ်းတွေ အဆက်အသွယ် ပြတ်တောက်နေ
စာနာမှုဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့တွေက ဂါဇာထဲမှာ ရှိနေတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ အဆက်အသွယ် မရနိုင် ဖြစ်နေတယ်လို့ အသီးသီး ပြောကြပါတယ်။
အဲဒီလို ပြောတဲ့ အထဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ အကြီးအကဲ တက်ဒရော့စ် အာဒါနမ် ဂေဘရီရေးဆပ်စ် လည်း ပါဝင်ပါတယ်။ ဂါဇာထဲမှာ ရှိနေတဲ့ WHO ဝန်ထမ်းတွေနဲ့၊ WHO က ကျန်းမာရေး ဝန်ဆောင်မှု ပေးရာ နေရာတွေရဲ့ လုံခြုံရေး အတွက် စိုးရိမ် ပူပန် နေရတယ်လို့ ဆိုပါတယ်။
ဂါဇာမှာ အပစ်ရပ်ဖို့ တတ်နိုင်သူ အားလုံးက အချိန်မဆိုင်းပဲ အခု ချက်ချင်း လက်ငင်းကို ဖိအားပေး လုပ်ဆောင်ကြပါ ဆိုပြီးတော့လည်း WHO အကြီးအကဲက ပန်ကြားပါတယ်။
ဂါဇာမှာ လျှပ်စစ်မီးပြတ်တောက်ပြီး အမှောင်ကျနေရတာကြောင့် လူနာတင်ယာဥ်တွေ သွားလာဖို့ကအစ၊ ဆေးကုသမှု ပေးဖို့ရာ အဘက်ဘက် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲနေရတယ်လို့လည်း ဆိုပါတယ်။
ဂါဇာမှာ လျှပ်စစ်မီးပြတ်တောက်ပြီး အမှောင်ကျနေရတာကြောင့် လူနာတင်ယာဥ်တွေ သွားလာဖို့ကအစ၊ ဆေးကုသမှု ပေးဖို့ရာ အဘက်ဘက် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲနေရတယ်လို့လည်း ဆိုပါတယ်။
ပါလက်စတိုင်းတို့ အတွက် ဆေးဝါးထောက်ပံ့မှု ပေးနေတဲ့ အဖွဲ့ ရဲ့ အကြီးအကဲ မယ်လနီ ဝါ့ဒ် ကလည်း ဂါဇာထဲက အဖွဲ့သားတွေနဲ့ အဆက်အသွယ် ပြတ်နေကြောင်း ပြောပါတယ်။
“သောကြာနေ့ ယူကေ အချိန် ညနေ ၄ နာရီ ဝန်းကျင်က စပြီး အဆက်အသွယ် ပြတ်သွားပါတယ်။ ဂါဇာမြောက်ပိုင်းမြို့ ဘိအက် လာဟီရာမှာ ကျွန်မတို့ အဖွဲ့က မာမု(ဒ) ရှိပါတယ်။ သူ့ဆီကနေ ၄ နာရီလောက်မှာ အိုကေတယ် ဆိုတဲ့ စာရောက်လာ ပြီးကတည်းက အဆက်အသွယ်ပြတ် သွားတာပါတယ်။ ဖုန်းလည်း ဆက်လို့မရ၊ အင်တာနက်ကနေလည်း ခေါ်လို့ မရတော့ပါဘူး ”လို့ မယ်လနီ ဝါ့ဒ်က ဆိုပါတယ်။
ရှိတ်ခ်ဟာဆီနာ နုတ်ထွက်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား တိုက်ခိုက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိက အတိုက်အခံ ပါတီ BNP အဖွဲ့ဝင်တွေဟာ လှည့်လည် ဆန္ဒပြဖို့ ပြင်ဆင်နေကြတုန်း ရဲတပ်ဖွဲ့ဝင်တွေ၊ လက်ရှိ အာဏာရပါတီကို ထောက်ခံသူတွေနဲ့ ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာနဲ့ အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ပေးရမယ် ဆိုတဲ့ “တစ်ခုတည်းသော တောင်းဆိုမှု” ဆိုတဲ့ ခေါင်းစဥ်အောက် BNP ပါတီ အဖွဲ့ဝင်တွေ ဆန္ဒပြ ချီတက်ဖို့ စိုင်းပြင်းခဲ့ကြတာ ဖြစ်ပါတယ်။
BNP ပါတီ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေ ဘက်က ကျောက်ခဲတွေ၊ ဒုတ်တွေနဲ့ ပစ်ပေါက်ခဲ့ကြသလို၊ ရဲကလည်း အဓိကရုဏ်း ဖြိုခွဲရေးသုံး အသံဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေ အသုံးပြုခဲ့ကြတယ်လို့ ဒါကာမြို့လယ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
မြောက်ကိုရီးယား ဟက်ကာတွေရဲ့ ခရစ်တိုငွေကြေး ခိုးယူမှု
အွန်လိုင်း ခရစ်တိုငွေကြေးတွေ ဒေါ်လာ သန်း ၁,၇၀၀ ဖိုး ထိအောင် ပြီးခဲ့တဲ့နှစ်က အင်တာနက်ပေါ် ထွင်းဖောက် ခိုးယူ ခံခဲ့ရတာမှာ ကျူးလွန်ခဲ့တဲ့သူတွေဟာ မြောက်ကိုရီးယားက ဟက်ကာတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။
တစ်ဦးချင်းစီ အတွက် ခိုးယူတာ မဟုတ်ပဲ အဲဒီ ဟက်ကာတွေဟာ မြောက်ကိုရီးယား အစိုးရ အတွက် အလုပ်လုပ်ပေး နေကြသူတွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ရေး ဆိုင်ရာ ကော်မတီ အဖွဲ့က ပြောပါတယ်။
အဲဒီဟက်ကာတွေထဲမှာ နာမည်ဆိုးနဲ့ ကျော်ဇောတဲ့ လားဇရက်စ်အဖွဲ့ကသူတွေ ပါဝင်ပြီး ရလာတဲ့ ခရစ်ပတိုတွေကို ပြုံယမ်းရဲ့ နျူကလီယား လက်နက်အစီအစဥ် အတွက် ဘဏ္ဍာရေး အထောက်အပံ့ အဖြစ် အသုံး ပြုနေတယ်လို့ ကုလ ကော်မတီက ယူဆ ထားပါတယ်။
မနှစ်က ထွင်းဖောက် ခိုးယူ ခံရတဲ့ ဒေါ်လာ သန်း ၁,၇၀၀ဖိုး ဆိုတဲ့ ပမာဏဟာ ဒီ့အရင်နှစ်ကနဲ့ နှိုင်းယှဥ်ရင် ၃ ဆ များပြား လာခဲ့တာ ဖြစ်ပါတယ်။
ထိုင်ဝမ် - အာရှမှာ LGBT အခွင့်အရေး အလေးစား ခံရဆုံး နေရာ
ထိုင်ဝမ်မြို့တော် တိုင်ပေရဲ့ လမ်းတွေပေါ် လိင်တူချစ်သူများရဲ့ နှစ်စဥ် စီတန်း လှည့်လည်ပွဲ ပြုလုပ်ခဲ့တာမှာ လူတွေ ထောင် ပေါင်း များစွာ ပါဝင်ခဲ့ကြပါတယ်။ အရှေ့ အာရှ ဒေသမှာ ပြုလုပ်ထားသမျှ ပရိုက်ဒ် လှည့်လည်ပွဲတွေထဲ လူအများဆုံး ဖြစ်မယ်လို့ ယူဆရပါတယ်။ ထိုင်ဝမ် ဒုသမ္မတ ဝီလျမ်လိုင်လည်း အဲဒီပွဲမှာ ပါဝင်ခဲ့ပြီး၊ ရာထူး အမြင့်ဆုံး အာဏာပိုင် တစ်ယောက်ရဲ့ ပါဝင်မှု အဖြစ် မှတ်တမ်း ဝင်သွားပါတယ်။ ထိုင်ဝမ်ဟာ LGBT အခွင့်အရေးနဲ့ ပတ်သက်ရင် တိုးတက် ပွင့်လင်းတဲ့ ရပ်တည်မှု ရှိကြောင်း အသိအမှတ် အပြု ခံထားရပြီး၊ အာရှမှာ လိင်တူချင်း လက်ထပ်မှုကို တရားဝင် အသိအမှတ်ပြုတဲ့ တစ်ခုတည်းသော နေရာ ဖြစ်ပါတယ်။