ဖေဖော်ဝါရီ ၆ ရက် ထိပ်တန်းရောက်သတင်းများ -နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ရန်ကုန်မှာဖွင့်

ရေးသားခဲ့သည်။

ဆားလင်းကြီး မြောက်ပိုင်း ကျေးရွာ ၇ ရွာထက်မနည်း စစ်ရှောင်နေရ

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၇ ရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ညောင်ပင်တို၊မြင်းခြံဘွား နဲ့ ရွှေသမင်ရွာတွေ အပါအဝင် ရွာပေါင်း ၇ ရွာက ဒေသခံ တစ်ထောင်ကျော် ရှောင်တိမ်းနေရတယ် လို့ ဒေသခံတွေထံက သိရပါတယ်။

သာယာကိုင်းကျေးရွာမှာ တပ်စွဲတဲ့ စစ်ကြောင်းဟာ ရွှေချမ်းစည်၊ မကျည်းတစ်ထောင်(ရွာသစ်)တွေကို ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက လှည့်လည်ခဲ့ကြတယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဆားလင်းကြီး မြို့နယ်ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကြောင်းနဲ့တိုးတဲ့ ရွာသားတချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရုရှားအကူအညီနဲ့ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ရန်ကုန်မှာဖွင့်

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ နေရာမှာသုံးမယ်လို့ ရုရှားနဲ့မြန်မာ ကတိပြု

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)နဲ့ စစ်ကောင်စီ၊သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းပြီး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့၊လှိုင်တက္ကသိုလ်နယ်မြေထဲမှာ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

ဒါဟာ နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ပထမဆုံးတရားဝင်ခြေလှမ်းစတင်လိုက်တာဖြစ်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက်အသုံးပြုမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက် ကိုပါ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီအခမ်းအနားကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာရှိတဲ့ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကသွားရောက်လေ့လာချိန်မှာ ရန်ကုန်မှာလည်း အလားတူစင်တာမျိုး တည်ဆောက်ဖို့ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း တည်ဆောက်ဖို့ ရှေ့ပြေးအနေနဲ့ ဒီအချက်အလက်စင်တာကို စတင်ဖွင့်လှစ်တာလည်းဖြစ်ပါတယ်။

Rosatom ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက မြန်မာနိုင်ငံကို‌ရောက်လာပြီး စီမံကိန်းတည်ဆောက်မယ့် နေရာနဲ့ပတ်သက်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တစ်လအတွင်း အရပ်သား တစ်ရာကျော် အသတ်ခံခဲ့ရတယ်လို့ NUG ထုတ်ပြန်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အရပ်သား ၁၁၆ ယောက်အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး စစ်ကိုင်းတိုင်းထဲက အယောက် ၈၀ အထိ ပါဝင်နေတာပါ။

အသတ်ခံရတဲ့ လူ တစ်ရာကျော်ထဲမှာ ကလေး ၁၀ ဦး အထိ ပါဝင်နေပြီး စစ်ကိုင်းတိုင်းထဲက ၉ ဦးအထိ ပါဝင်နေတယ်လို့ NUG တရားရေးရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၂၄ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း NUG တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာန က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းပြီးရင် မန္တလေး၊မကွေးနဲ့ ကရင်ပြည်နယ်တို့က အသတ်ခံရတဲ့စာရင်းမှာ အစဥ်လိုက်ရှိနေပါတယ်။

ဒါ့အပြင် ဇန်နဝါရီလအတွင်းမှာပဲ အရပ်သား ထိခိုက်ဒဏ်ရာရမှု ၃၇ ဦး ရှိပြီး ဖမ်းဆီးခံရသူ ၉၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်အဆောက်အအုံက တစ်လအတွင်း ငါးထောင်ကျော်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၄ ထောင်ကျော် အရှို့ခံခဲ့ရတာပဲဖြစ်ပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးကို တုံ့ပြန်ချက်တောင်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

NUG,CRPH, PDF တို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူ ၅ ထောင်ကျော် အသက်ဆုံးရှုံးရတယ်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

စံသမာဓိရပ်ကွက်မှာ သားအဖနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရ

တပ်ပိုင်မြေကနေ နေရာဖယ်ရှားခံရသူတွေ နေစရာပြန်ရဖို့ ဆက်လက်တောင်းဆို

ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေမှာ ကျူးကျော်လို့ဆိုပြီး ဖယ်ရှားခံရတဲ့ မင်္ဂလာဒုံ၊စံသမာဓိရပ်ကွက်နေ ပြည်သူရာဂဏန်းက သူတို့ကို နေရာပြန်ချထားပေးဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာလည်း ဆက်လက်တောင်းဆိုခဲ့ကြပါတယ်။

လူစုလာသူတွေကို ဓာတ်ပုံရိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သားအဖနှစ်ဦးကို လုံခြုံရေးတွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်နဲ့မြေနေရာဖယ်ပေးခဲ့ရတဲ့ ပြည်သူတချို့ က အဲဒီမှာ ပြန်လည်နေထိုင်ခွင့်ရရေး ‌မနေ့ကစလို့ အသံတိတ်တောင်းဆိုခဲ့ကြပြီး ဒေသအာဏာပိုင်တချို့က ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။

‘အထက်ကိုအဆင့်ဆင့် စာတင်ပါလို့ အကြံပြုပါတယ်’ လို့ တွေ့ဆုံမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စုရုံးရောက်ရှိလာသူတွေဟာ ဆူပူဆန္ဒပြနေတယ်ဆိုတဲ့ စွပ်စွဲခံရမှုမျိုးမဖြစ်ရအောင် စည်းကမ်းတကျ လူစုလူဝေးမဖြစ်အောင် နေနေကြတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက်အချို့ကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ဧက ၅၆၀ ကျော်ဧကမှာ ခွင့်ပြုချက်မဲ့ ကျူးကျော် ဆောက်လုပ်နေထိုင်နေကြတယ်ဆိုပြီး အာဏာပိုင်တွေကဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။

ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် နေရေးစားရေး အဆင်မပြေမှုတွေ ကြုံနေရလို့ နေစရာပြန်လည်ရရှိရေး အခုလိုတောင်းဆိုလာကြတာလို့ ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ ရခိုင်ရောက်နေ

နေရပ်စွန့်ခွာ မွတ်စလင်တွေကို ပြန်လည်လက်ခံရေးဆွေးနွေးမယ်လို့ဆို

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ ရခိုင်ပြည်နယ် မြို့တော်စစ်တွေကိုရောက်နေကြပြီး ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာမွတ်စလင်တွေကို ပြန်လည်လက်ခံရေးကိစ္စကို ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။

“သူတို့အဓိကလာတာက လဝက ကိစ္စပေါ့။ ပြန်လည်လက်ခံရေးအတွက် လာရောက်ကြတာဖြစ်ပါတယ်။ နောက် ICJ ကိစ္စလည်းပါတယ်လို့ ပြောနိုင်တာပေါ့”လို့ ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးကိုကိုလှိုင်အပြင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ပါဝင်တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာက တရား စွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက် ပြီး ၂၀၁၇ ခုနှစ် မှာဖြစ်ခဲ့တဲ့ အခြေအနေတွေရဲ့ အချက်အလက်တွေကိုရရှိနိုင်ရေး တွေ့ဆုံမှုတွေပြုလုပ်သွားဖို့ရှိနေပေမယ့် ဘယ်နေရာမှာ ဘယ်သူတွေနဲ့တွေ့ဆုံသွားမယ်ဆိုတာကတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ခဲ့တာပါ။

အဲဒီနောက် ကန့်ကွက်ချက်လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို မြန်မာ ဆက်ရင်ဆိုင်ရဖို့ရှိပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်ခဲ့တယ်လို့ PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို မုံရွာအခြေစိုက်ပြည်သူ့ကာကွယ်ရေး မဟာမိတ်(၆)ဖွဲ့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအောက်မှာရှိတဲ့ စစ်ကိုင်း၊မကွေးနဲ့ ချင်းပြည်နယ်ထဲက ၂၂ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဒီတိုက်ခိုက်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်တစ်ရက်ထဲမှာ ၂ ကြိမ် တိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်စဥ်ကို မုံရွာခရိုင် အမှတ် (၅) တပ်ရင်းက ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့တာပါ။

၁၀၇ မမ ရှော့ခ်တိုက်ဒုံး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်စဥ်မှာ နမခ ထဲက ဂိုထောင် ( ၂ )လုံး ပျက်စီးတာအပြင် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြပေမယ့် ဘီဘီစီဘက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း တို့နဲ့အတူ Alpha Special Force- ASF နဲ့ Shadow Ranger အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုက်ခိုက်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ မသိရှိရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

မုံရွာဒေသခံတချို့ကတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တဲ့သတင်းတွေကို အတည်ပြုခဲ့ပြီး အထိအခိုက်၊အပျက်အဆီးနဲ့ပတ်သက်လို့ အသေးစိတ်မသိဘူးလို့ ဘီဘီစီကိုပြောပါတယ်ခင်ဗျာ။

မီးမှန်အောင်လုပ်ပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌကို လုပ်ငန်းရှင်တွေတောင်းဆို

စက်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးစေလိုတဲ့အကြောင်း စက်မှုဇုန်အသီးသီးက ကော်မတီဝင်တွေနဲ့ လုပ်ငန်းရှင်တွေက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တင်ပြခဲ့ကြပါတယ်။

လှိုင်သာယာစက်မှုဇုန်မှာ ဖေဖော်ဝါရီ ၅ ရက်ကပြုလုပ်တဲ့ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌတွေ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး ရေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို ပြန်ပြောခဲ့ပါတယ်။

အရင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုမှာ နိုင်ငံတစ်ဝန်းက ရေအားလျှပ်စစ်စီမံကိန်းအချို့ နှောင့်နှေးခဲ့တာ၊ ရပ်တန့်ခဲ့တာနဲ့ ဖျက်သိမ်းခံခဲ့ရတာတွေရှိခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ပြန်အကောင်အထည်ဖော်နေတယ်လို့ သူကဆက်ပြောပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေကို ဆိုလာစွမ်းအင်နဲ့ လုပ်ငန်းလည်ပတ်ရင် ပိုမိုအကျိုးရှိမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက အကြံပြုပါတယ်။

လျှပ်စစ်ဓာတ်အား အလုံအလောက်ထုတ်နိုင်ရင် လျှပ်စစ်ဓာတ်အား အသုံးပြုတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မယ်လို့သူကပြောပြီး လျှပ်စစ်ကားတွေ တင်သွင်းနိုင်ဖို့ အခွန်လျှော့ပေးထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကုန်ပစ္စည်းတွေကိုသယ်ယူပို့ဆောင်ရာမှာ ဈေးနှုန်းသက်သာတဲ့ မီးရထားနဲ့ သယ်ယူပို့ဆောင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို အကြံပြုပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံအကူအညီနဲ့ ရေအားလျှပ်စစ်သာမက အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးရေးကိုပါ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်မီးပုံမှန်မပေးနိုင်ဘဲ အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ လျှပ်စစ်မီးနာရီနဲ့ချီအောင်ပြတ်တောက်မှုဒဏ်ကို ခံစားနေကြရတာဖြစ်ပါတယ်။

CRPH တည်ထောင်မှု နှစ်နှစ်ပြည့်ပြီ

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ၅ ရက်မြောက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တည်ထောင်တာ နှစ်နှစ်ပြည့်ပြီဖြစ်ပြီး သူတို့ရဲ့သဘောထားကို မနေ့ကထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်လည်အပ်နှင်းဖို့နဲ့ ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအင်အားစုတွေနဲ့အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH က ထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေ၊လွှတ်တော်တွေ၊အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း လက်တွဲပူးပေါင်းပေးကြဖို့ CRPH က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ နှစ်နှစ်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၅ ကြိမ် ခေါ်ယူခဲ့ပါတယ်။

အဲဒီအစည်းအဝေးတွေကနေ ချမှတ်လိုက်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ရေးရာ ကော်မတီ(၁၂)ရပ် ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

CRPH ဟာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ နှစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။